ထိုင်းနယ်စပ်က စစ်ကောင်စီ မယ်ခါးထာ့ တပ်စခန်းကို KNLA သိမ်းပိုက်

RFA Burmese
2023.03.28
ထိုင်းနယ်စပ်က စစ်ကောင်စီ မယ်ခါးထာ့ တပ်စခန်းကို KNLA သိမ်းပိုက် ကရင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။
Handout / Free Burma Rangers / AFP

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ တပ်မဟာ (၅) နယ်မြေက ဆယ်စုနှစ်တစ်ခုအကြာရှိနေတဲ့ မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၈ ရက် ဒီနေ့မနက် ၅ နာရီကျော်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင် အမျိုးသားအစည်းအရုံး (KNU) က RFA ကို အတည်ပြုပြောဆိုပါတယ်။

ဒီစခန်းဟာ ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ်တစ်လျှောက်မှာရှိနေတဲ့ တပ်စခန်းတွေထဲက စားနပ်ရိက္ခာနဲ့ စစ်ရေးဗျူဟာအတွက် အရေးပါတဲ့ စခန်းကြီးတစ်ခုဖြစ်တာကြောင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

"ကျနော်တို့ KNLA ဌာနချုပ်က သိမ်းပိုက်လိုက်တာ ဟုတ်ပါတယ်။ ဒီစခန်းကတော့ သံလွင်မြစ်တစ်လျှောက်မှာ တည်ရှိနေတဲ့ စကစရဲ့ စခန်းတွေထဲက အကြီးဆုံးစခန်းလို့ ပြောရတယ်။ အဲဒါကြောင့်မို့လို့ အရေးပါတယ်။ ပြောရမယ်ဆိုရင်တော့ အကြီးဆုံးစခန်း ထဲမှာဆိုရင် ဒီစခန်းကနောက်ဆုံးပဲ ကျန်တဲ့စခန်းတော်တော်များများက ရုပ်သိမ်း ကုန်ပြီ"

ဒီစခန်းမှာ စစ်ကောင်စီတပ်အင်အား ၆၀ ကျော်ရှိပြီး တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပြင်းပြင်းထန်ထန် ခုခံပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

"ကျနော်တို့ KNLA ဌာနချုပ်က သိမ်းပိုက်လိုက်တာ ဟုတ်ပါတယ်။ ဒီစခန်းကတော့ သံလွင်မြစ်တစ်လျှောက်မှာ တည်ရှိနေတဲ့ စကစရဲ့ စခန်းတွေထဲက အကြီးဆုံးစခန်းလို့ ပြောရတယ်"

KNU တပ်မဟာ (၅) နယ်မြေမှာရှိနေတဲ့ KNLA တပ်ဖွဲ့ဝင်တစ်ဦးကတော့ ဒီနေ့မနက်က စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဆယ်ဦးထက်မနည်း သေဆုံးခဲ့သလို စစ်လက်နက်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ တယ်လို့ ပြောပါတယ်။ တိုက်ပွဲအတွင်း KNLA တပ်သား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်းဆိုပါတယ်။ မယ်ခါးထာ့ တပ်စခန်းက အဆောက်အအုံတွေကို KNLA ဘက်က မီးရှို့ဖျက်ဆီးခဲ့ပေ မယ့် စစ်ရေးအခြေအနေအရ နှစ်ဖက်အပြန်အလှန် စောင့်ကြည့်နေရဆဲပဲလို့လည်း သူက ပြောပါတယ်။

မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းနဲ့ သံလွင်မြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းမှာ ရောက်နေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တစ်ဦးကတော့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပြီး နောက် စခန်းကုန်းပေါ်ကနေ အချိန် တစ်နာရီခန့် မီးခိုးလုံးကြီးတွေထွက်လာတာကို လှမ်းမြင်ခဲ့ရတယ်လို့ RFA ကို ပြောပြပါတယ်။

"ဒီဘက်ကမ်းက လှမ်းမြင်ရသလောက်ကတော့ မနက် ၇ နာရီကျော်လောက်က ထင်တယ် စခန်းမီးရှို့ခံရတာ။ မီးခိုးလုံးတွေ ဆက်တိုက်ကို တက်လာတော့ လှမ်းကြည့် တာ သူတို့စခန်းသိမ်းခံရတာ ဖြစ်နေ တယ်။ စကစတွေ ထွက်ပြေးလာတာတော့ မတွေ့ ရဘူး။ ဘေးမှာရှိတဲ့ အပင်တွေရော လောင်ပြီး တစ်နာရီလောက်ကြာတော့ ငြိမ်းသွား တယ်။ အဲဒီစခန်းက စခန်းကြီးရှင့်။ သောလယ်ထာ့စခန်းသိမ်းခံရတုန်း က ထွက်ပြေးလာတဲ့ စကစတွေ ဒီစခန်းမှာ လာပေါင်းနေတာလို့ သိထားပါတယ်။ အခုအခြေအနေထိတော့ စကစရော၊ KNLA ရော ဒီစခန်းပေါ်မှာ မတွေ့ရတော့ဘူး"

ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ မယ်ခါးထာ့တပ်စခန်းအနီးမှာ စစ်ကောင်စီ ဘက်က Mi-35 စစ်ရဟတ် ယာဉ်နှစ်စင်း ပျံသန်းနေတာတွေ့တယ်လို့လည်း အဲဒီအနီး အနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မွန်းလွဲပိုင်းမှာတော့ မယ်ခါးထာ့တပ်စခန်းမှာ ဘယ်သူမှ မတွေ့ရတော့သလို သေနတ်သံ တွေလည်း မကြားရတော့ဘူးလို့ ဆိုပါတယ်။

စခန်းကို မသိမ်းခင်က အဲဒီတပ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား တွေကို CDM ဝင်ဖို့ KNLA တပ်က သတိပေးခဲ့တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မယ်ခါးထာ့တပ်စခန်း သိမ်းပိုက်ခံလိုက်ရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့် ကတော့ တပ်စခန်း အသိမ်းခံရတယ်ဆိုတာ ကြားရပေမယ့် တိုက်ပွဲသတင်းနဲ့ပတ်သက်လို့ သေချာမသိရသေးဘူးလို့ RFA ကို ပြောပါ တယ်။

မီးရှို့ခံရသည့် မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: MeKong News)
မီးရှို့ခံရသည့် မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: MeKong News)

"တိုက်ပွဲသတင်းနဲ့ သေချာတော့ မသိရသေးပါဘူး။ သံလွင်မြစ်အနောက်ဘက်ခြမ်းက စခန်းသိမ်းခံရတယ်လို့တော့ ကြားတယ်။ ဖာပွန်ဘက်က တပ်မဟာ (၅) ဘက်က အဲမှာ တိုက်ပွဲရှောင်စခန်းဆိုရင် လူဦးရေ သုံးထောင်ကျော်လောက်ရှိတယ် အဲမှာလည်း ထောက်ပံ့တယ်။ နောက် မြိုင်ကြီးငူဘက်မှာလည်း တချို့ အဲဒီဘက် ကူးသွားပြီးတော့ မူလက နဂိုကတည်းကိုက အဲမှာ စစ်ဘေးရှောင်ဆိုပြီး ရှိနေတာကလည်း လေးထောင် လောက် ရှိတယ်။ အဲဒါကိုလည်း အခါအားလျော်စွာ အဝတ်အစား၊ စားသောက်ဖွယ်ရာ အစုံပေါ့လေ။ ဆန်၊ ဆီ၊ ဆား ၊ အာလူး၊ ပဲ အဲဒါတွေကို အနည်းဆုံး တစ်လ တစ်ကြိမ် ပုံမှန် ထောက်ပံ့ပေးပါတယ်"

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဘက်က စခန်းတိုက်ခိုက်ခံရတိုင်း လေကြောင်း စစ်ဆင်ရေးတွေ လုပ်လေ့ရှိတာကြောင့် အခု မယ်ခါးထာ့တပ်စခန်းနဲ့ အနီးဝန်းကျင် မှာနေထိုင်ကြတဲ့ ဒေသခံ တစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ လေကြောင်းကနေ တိုက်ခိုက်တာ မရှိသေးပေမယ့် လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် ကြိုတင်တိမ်းရှောင်နေကြတာလို့ သောလယ်ထာ့ ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲ ဧရိယာနဲ့ ဝေးသထက် ဝေးအောင်တော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ရောက်ရှိတဲ့ နေရာမှာလည်း ခိုလှုံနိုင်မယ့်နေရာ အကာအကွယ်ရှိနိုင်မယ့်နေရာမှာ ခိုလှုံပြီးတော့ ကျနော်တို့ ရွှေ့ပြောင်း နေထိုင်ရတာပေါ့။ နောက်တစ်ခုက စားနပ်ရိက္ခာ ဘက်ကို ပြန်ကြည့်တော့လည်း စားနပ်ရိက္ခာအတွက်က ကိုယ်သယ်သွားနိုင်သလောက်၊ ပါသွားနိုင်သလောက်တော့ ယူဆောင်သွားကြတယ်။ တစ်ဖက်ကလည်း ကူညီထောက်ပံ့ တဲ့ အဖွဲ့တွေလည်း အရေးပေါ်အနေနဲ့ အမြဲတမ်း လိုက်ပြီး ကူညီဆောက်ရွက်ပေးနေ ပါတယ်"

KNU သတင်းနဲ့ ပြန်ကြားရေးဌာန စာရင်းတွေအရ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေ တွေမှာ အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော် ဖြစ်ပွားခဲ့သလို အခုလ ၂၅ ရက်နဲ့  ၂၆ ရက်နေ့တွေမှာလည်း မြဝတီမြို့ ကုန်သွယ်ရေးဇုန်အပါအဝင် ကရင်ပြည်နယ်ရဲ့ နေရာငါးခုမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။