မိသားစုရှေ့မှာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရတဲ့ ကိုဖြိုးဝေထွန်း

2021.11.11
မိသားစုရှေ့မှာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရတဲ့ ကိုဖြိုးဝေထွန်း စစ်ကောင်စီတပ်က ရိုက်နှက်လို့ သေဆုံးသွားတဲ့ ချောက်မြို့နယ် ဂွေးပင်ရွာက ကျောင်းဆရာ ကိုဖြိုးဝေထွန်းကို တွေ့ရစဥ်
Photo: CJ

မကွေးတိုင်း ချောက်မြို့နယ် ဂွေးပင်ရွာက ရပ်ရွာအကျိုးဆောင်ရွက်သူအဖြစ် နာမည်ရှိတဲ့ ထွန်းလင်းဇဗ္ဗူ ဘော်ဒါဆောင် ကျောင်းအုပ် ကိုဖြိုးဝေထွန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က စစ်ကောင်စီတပ်သား တွေက သူ့ရဲ့မိသားစုရှေ့မှာပဲ ရိုက်နှက်သတ်ဖြတ်ခဲ့ကြပါတယ်။

အဲဒီနေ့ ညသန်းခေါင်လောက်က ချောက်မြို့နယ်အခြေစိုက် ခလရ - ၁၃ က တပ်ဖွဲ့ဝင်တွေနဲ့ ဂွေးပင်ကျေးရွာ က ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အယောက် ၂၀ ကျော် သူ့အိမ်ကိုရောက်လာပြီး ကိုဖြိုးဝေထွန်း အပါအဝင် ညီအစ်ကို သုံးယောက်ကို မိသားစုရှေ့မှာပဲ အချိန်တစ်နာရီလောက်ကြာအောင် ရိုက်နှက်ခဲ့ကြတာလို့ ကျေးရွာသားတွေက ပြောပါတယ်။

အဲဒီနေ့ညက နာနာကျင်ကျင်အော်နေတဲ့ ကိုဖြိုးဝေထွန်းရဲ့ အသံကို တရွာလုံးကြားနေရတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လို့တဲ့ ကိုဖြိုးဝေထွန်းရဲ့တပည့် ကျောင်းသားတစ်ဦးက ပြောပါတယ်။

"ဆရာ့အမျိုးသမီးရှေ့မှာတင် ရိုက်နှက်ပြီး နှိပ်စက်တာ လူ ၇ ယောက်ပဲ။ ဆရာက အဲမှာတင် မေးရိုးတွေပါ လွဲသွားတာ။ အစက ဆရာအော်တာ တရွာလုံးကိုကြားရတယ်။ ၇ ယောက် ဝိုင်းရိုက်ပြီး တစ်နာရီကြာ တယ်။ ဆရာ့ကိုသတ်တာ။ ဆရာ့အိမ်ကို ဝင်စီးပြီးပြီးချင်း ဆရာထွက်လာပြီဆိုကတည်းက ရိုက်တာ။ သေနတ်တွေ ဖနောင့်တွေနဲ့ ထုတယ်။ သေနတ်ဒင်တွေနဲ့ ထုတယ်။ နောက်ဆုံးပိတ် ဆရာအော်နိုင်တုန်းက တအားအော်တာ။ ဆရာအော်တဲ့အသံတွေ သမီးတို့တောင်ကြားရတယ်။ လုံးဝမအော်နိုင်တဲ့အခါ၊ ဆရာ့ကိုခေါ်တဲ့အခါ လုံးဝမလှုပ်တဲ့အခါ သူတို့တင်ခေါ်သွားတာ။ ဆရာက စကားပြောရင်လေ အသံကို အသံမာမာကြီးနဲ့တောင် မပြောဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ဖြည်းဖြည်းလေးပဲပြောတာ။ ဟိုတစ်နေ့က အော်တဲ့အသံက ပထမဦးဆုံးပဲ"

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာ ၃၀ ရက်မှာ အသက် ၄၀ အရွယ် ကိုဖြိုးဝေထွန်း၊ အသက် ၃၀ အရွယ် ကိုဘုန်းဝေထွန်းနဲ့ အသက် ၂၀ အရွယ် ကိုရှိုးဝေထွန်းတို့ ညီအစ်ကို သုံးယောက်ဟာ မိသားစုတွေရှေ့မှာတင် ရိုက်နှက်ခံခဲ့ရတာပါ။

အဲဒီလို ရိုက်နှက်ပြီးနောက် ကိုဖြိုးဝေထွန်း အပါအဝင် ညီအစ်ကို သုံးယောက်စလုံးကို စစ်သားနဲ့ ရဲတွေက ခလရ - ၁၃ စစ်ကြောရေးကို ဆွဲခေါ်သွားခဲ့ကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ နောက်နေ့မှာ မိသားစုက ခလရ- ၁၃ စစ်ကြောရေးကိုသွားပြီး တွေ့ခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ကြပါဘူး။

နိုဝင်ဘာ ၁ ရက်မှာတော့ ကိုဖြိုးဝေထွန်းက ချောက်မြို့နယ်ဆေးရုံမှာ သေဆုံးသွားတဲ့အတွက် မီးသင်္ဂြိုဟ် လိုက်‌ကြောင်းပြောပြီး စစ်တပ်ဘက်က အရိုးပြာအိုးကို မိသားစုကို ပေးအပ်ခဲ့ကြပါတယ်။

သေဆုံးသွားတဲ့ ကိုဖြိုးဝေထွန်းမှာ အသက် နှစ်နှစ်အရွယ် သားလေးတစ်ဦးနဲ့ ဇနီး ကျန်ရစ်ခဲ့ပါတယ်။

အရိုးပြာအိုးသာ ရောက်လာတဲ့ သားကြီးနဲ့ အခုချိန်အထိ အဖမ်းခံထားရတဲ့ သားငယ် နှစ်ယောက်အတွက် ကိုဖြိုးဝေထွန်းရဲ့ မိခင်ဟာ အလူးအလဲခံစားနေရသလို မျက်စိရှေ့မှာတင် ရိုက်နှက်ခံရပြီး သေဆုံးသွားရတဲ့ ခင်ပွန်းအတွက် ဇနီးဖြစ်သူကလည်း စိတ်ဒဏ်ရာရသွားတဲ့အထိ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကိုဖြိုးဝေထွန်းရဲ့ ဇနီးဟာ အခုအချိန်မှာ အမူအရာတွေ ပုံမှန်မဟုတ်တော့တဲ့အထိဖြစ်သွားတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လို့တဲ့ ကိုဖြိုးဝေထွန်းရဲ့ နောက်ထပ် တပည့်တစ်ဦးက ပြောပါတယ်။

"ဆရာ့အမျိုးသမီးဆိုရင် အရင်တုန်းက စကားမပြောဘူး။ တစ်နေ့မှ ဆယ်ခွန်းလောက်ပဲပြောတာ။ တည်တည်ငြိမ်ငြိမ်နဲ့။ အခုဆိုရင် ဆရာဆုံးပြီးနောက်ပိုင်း ကြောင်တောင်တောင်ဖြစ်ပြီး စကားတွေကို ပြောလိုက်၊ ငိုလိုက်၊ ရယ်လိုက် အဲလိုမျိုး။ ဆရာကတော်က သမီးတို့သွားရင် စကားပြောနေတာ ပုံမှန်ပဲ။ ပြောရင်း ငါးမိနစ်လောက်ကြာရင် အော်ငိုလိုက်တယ်။ အော်ငိုပြီးရင် သူ ငါ့ယောက်ျားက သူရဲကောင်းကြီး ဆိုပြီး ရယ်သွားပြန်ရော၊ အဲလိုမျိုး။ သူ့ရဲ့စကားတွေက ဟိုရောက်လိုက်၊ ဒီရောက်လိုက်နဲ့။ ဆရာ့သားလေး က ဆရာ့လက်ပေါ်ရောက်ရင် သူ့အမေပြန်ခေါ်ရင်တောင် မလိုက်ဘူး။ ဆရာ့သားလေးက နေမကောင်းလို့ ဘာမှမလုပ်နိုင်ဘူး။ ဆရာ့သားလေးက လွမ်းတာလားမသိဘူး"

ကိုဘုန်းဝေထွန်းနဲ့ ကိုရှိုးဝေထွန်း တို့ နှစ်ဦးကိုတော့ နိုဝင်ဘာ ၆ ရက်နေ့မှာ စစ်ကြောရေးစခန်းကနေ ချောက် မြို့ နယ်မြေရဲစခန်းကိုပြန်ပို့လိုက်ပြီး နိုဝင်ဘာ ၇ ရက်မှာတော့ မကွေးအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ် လို့ ကျေးရွာသားတွေက ပြောပါတယ်။

သူတို့ညီအစ်ကို နှစ်ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) နဲ့ တရားစွဲဆိုထား တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

"ဆရာ့အိမ်ကို ဝင်စီးပြီးပြီးချင်း ဆရာထွက်လာပြီဆိုကတည်းက ရိုက်တာ"

ရပ်ရွာထဲက ရင်းနှီးသူတွေဟာ ကိုဖြိုးဝေထွန်း မိသားစုတွေဆီ အားပေးစကားပြောဖို့သွားတိုင်း ဇနီးဖြစ်သူရဲ့ စိတ်မူမမှန်တဲ့အခြေအနေတွေ၊ မိခင်ဖြစ်သူရဲ့ သား သုံးယောက်အပေါ် သောကတွေကြောင့် စိတ်မကောင်း ဖြစ်ပြီး ပြန်လာခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကိုဖြိုးဝေထွန်းဟာ လူဖြောင့်၊ လူမှန်၊ စာဖတ်အားကောင်းပြီး ရပ်ရွာအားကိုးရတဲ့သူဖြစ်တာကြောင့် သူ့ကို ဆုံးရှုံးရတာဟာ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတစ်ခုပဲလို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ကိုဖြိုးဝေထွန်းရဲ့ မိတ်ဆွေတစ်ယောက်က ပြောပါတယ်။

"ကိုဖြိုးဝေထွန်းက သူ့စာရိတ္တက ဘယ်လိုလဲဆိုတော့ လူရိုး၊ လူအေး၊ လူမှန်။ စာဖတ်အားလည်း အရမ်းကောင်းတယ်ပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခန်း ၁၂ ခန်းကို အလွတ်ရတယ်။ နိုင်ငံရေးလေ့လာလိုက်စားမှု အားကောင်းတယ်။ အနေအေးတယ်။ အားကစားလိုက်စားတယ်။ ရွာ အပေါ်မှာ သူလုပ်ပေးတာတွေက စည်းလုံး၊ ညီညွတ်ဖို့ အကြောင်းတရားလေးတွေ၊ လူမှုရေးအခန်းကဏ္ဍ တွေမှာ သူကလုံးဝကိုပံ့ပိုးကူညီတဲ့လူဗျ။ ရွာအနေနဲ့ တင်မဟုတ်ပါဘူး။ မြို့အနေနဲ့တင်ကိုပဲ ဆုံးရှုံးမှု တန်ဖိုးက အရမ်းကြီးတယ်ဗျ။ အစားထိုးလို့မရဘူး။ ဘယ်လိုမှလည်း မဖြေသိမ့်နိုင်ဘူးပေါ့နော်"

phyowaitun.jpg
(ကျောင်းဆရာ ကိုဖြိုးဝေထွန်းရဲ့ အရိုးပြာအိုး မြှုပ်နှံထားတဲ့နေရာကို တွေ့ရစဥ်) Photo: CJ

အခုလိုမျိုး မိသားစုရှေ့မှာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ပြပြီး မိသားစုနဲ့ ကြားရမြင်ရသူတွေကိုပါ စိတ်ဒဏ်ရာ ရအောင်လုပ်တဲ့လုပ်ရပ်တွေဟာ စစ်တပ်က တမင်လေ့ကျင့်ထားတာဖြစ်တယ်ဆိုတာ သိသာနေတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။

"လူမဆန်တာထက်ကို လူစိတ်မရှိတာ သေချာတယ်။ နောက်တစ်ခုက ဒီလိုမျိုးလုပ်မယ့်သူ အကုန်လုံးက သာမန်လူစိတ်ရှိတဲ့လူတစ်ယောက် ကျုးလွန်စရာအကြောင်းမရှိဘူး။ အဲဒါမျိုးတွေ ကျုးလွန်နေတာကို ကြည့်ရလို့ရှိရင် ဒီလူတွေက ဒီလိုကျူးလွန်ဖို့ လေ့ကျင့်ပေးထားတယ်ဆိုတာ သိသာတယ်"

ကိုဖြိုးဝေထွန်းဟာ ဘော်ဒါကျောင်းအုပ်တစ်ယောက်ဖြစ်ပေမဲ့ မရှိနွမ်းပါးတဲ့ ကျောင်းသားတွေဆိုရင် အခမဲ့ပညာသင်ပေးသူတစ်ဦးပါ။ သူ့ဘော်ဒါကျောင်းမှာဆိုရင် နှစ်စဉ် ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း ကျောင်းသား ၂၅၀ ကျော်ရှိတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သူဟာ ရပ်ရွာမှာသာမက ချောက်မြို့နယ်က ပညာရေးကို ဖွံ့ဖြိုးတိုးတက်စေချင်သူဖြစ်ပြီး ကိုဗစ်ကာလ တွေမှာလည်း အောက်ဆီဂျင် လိုအပ်တဲ့လူနာတွေအတွက် ကူညီပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူအခုလို ရုတ်တရက် အသတ်ခံလိုက်ရတာဟာ မိသားစုတင်မက ကျောင်းသားတွေ၊ ရပ်ရွာလူထုတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်နေခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကိုဖြိုဝေထွန်း အပါအဝင် သေဆုံးခဲ့ရတဲ့ပြည်သူ ၁၁၉၇ ဦး အထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။