စစ်ကောင်စီရဲ့ သေဒဏ်ပေးမှုနဲ့ တမူးမြို့လူသတ်မှု တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာ

RFA Burmese
2022.12.08
စစ်ကောင်စီရဲ့ သေဒဏ်ပေးမှုနဲ့ တမူးမြို့လူသတ်မှု တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာ တမူး PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
People's Defense Force - Tamu - တပ်ရင်း-၄

ရန်ကုန်မြို့မှာ စစ်တပ်အရာရှိဟောင်းတစ်ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်သတ်ခဲ့လို့ဆိုပြီး  ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအပါအဝင် လူငယ် ၁၂ ဦးကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက နိုဝင်ဘာ ၃၀ ရက်နေ့မှာ သေဒဏ်ချပြီး နှစ်ရက်အကြာ ဒီဇင်ဘာ ၂ ရက်နေ့မှာပဲ တမူးမြို့ လမ်းလယ်ခေါင်မှာ အမျိုးသမီးတစ်ဦးကို PDF တပ်ဖွဲ့တွေက ပစ်သတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့လာပါတယ်။ 

RFA ရဲ့ လေ့လာတွေ့ရှိချက်အရ ဒီရုပ်သံဖိုင်ဟာ စစ်တပ်ကိုထောက်ခံပြီး အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူမှန်သမျှကို ဖမ်းဆီးအရေးယူဖို့ အမည်အတိအကျနဲ့တကွ လှုံ့ဆော်ရေးသားနေတဲ့ ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်ကနေ ဒီဇင်ဘာ ၂ ရက်နေ့မှာ စတင်ပျံ့နှံ့လာတာပါ။

အဲဒီအမျိုးသမိးငယ်ဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ အသတ်ခံခဲ့ရတာလို့ လူမှုကွန်ရက်သုံးစွဲသူတချို့က ပြောပေမယ့် ရုပ်သံဖိုင်ကတော့ အခု ဒီဇင်ဘာလဆန်းကျမှ ထွက်ပေါ်လာတာပါ။

နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က တမူးမြို့နယ်အခြေစိုက် PDF အဖွဲ့တွေဖြစ်တဲ့ ဗမာ့ကျောင်းသားများ အဖွဲ့အစည်း (BSO)၊  ABSDF တပ်ခွဲစခန်း၊ တမူးတပ်ရင်း-၄ (TSG)၊ တမူး (ပကဖ)၊ Freedom Ranger Tamu (FRT)၊ Fighter Police CDM – Tamu အဖွဲ့တွေရဲ့ စခန်းတွေကို စီးနင်းချိန်မှာ အဲဒီရုပ်သံဖိုင်ကို စစ်တပ်ဘက်က ရရှိသွားတာ ဖြစ်နိုင်တယ်လို့ တမူးကွယ်ရေးတပ်ဖွဲ့တွေက ခန့်မှန်းပါတယ်။

ဒီသတ်ဖြတ်မှုကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၄ က ကျူးလွန်ခဲ့တာလို့  ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်မှာ စွပ်စွဲထားတာကြောင့် တပ်ရင်း-၄ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်တဲ့အခါ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် မဖြေနိုင်သေးဘူးလို့ ငြင်းဆိုပါတယ်။

"ဘယ်ဘက်ကပဲ လုပ်လုပ်၊ ဘယ်သူပဲလုပ်လုပ် ဒီလိုလုပ်ရပ်က လက်ခံနိုင်စရာ မရှိဘူးဆိုတာ အရင်ဆုံး သိဖို့လိုတယ်။"

ဒီလိုသတ်ဖြတ်မှုတွေကြောင့် ကျောင်းသားတွေကို သေဒဏ်ချနေတာဆိုတာမျိုး စစ်ကောင်စီဘက်က နိုင်ငံတကာကို အကြောင်းပြချက်ပေးချင်တာကြောင့် တမူးရုပ်သံဖိုင် တိုက်တိုက်ဆိုင်ဆိုင် ပျံ့နှံ့လာတာလို့  နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“စစ်ကောင်စီက လိမ်လည်ဝါဒဖြန့်မှု တစ်လျှောက်လုံး လုပ်ခဲ့တာ၊ ဖိအားတွေ သိပ်များနေတဲ့ အောက်မှာ ဒါတွေဟာ ရာဇဝတ်ကြောင်းအရ အရေးယူရမယ့် ကိစ္စတွေဖြစ်လို့ လုပ်တယ်ဆိုတာကို ပြချင်တဲ့ပုံစံမျိုး သူတို့ အနေနဲ့ ဖော်ပြချင်လို့ ဗီဒီယိုဖိုင်ကို ဆွဲထုတ်လာတယ်လို့ ကျနော် ယူဆပါတယ်။ သူတို့ရဲ့ အရင်းခံသဘောဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့  (PDF) တွေကို နှိပ်ကွပ်သင့်တယ်၊ ပိုပြီးတော့ အသာစီး ရလာနိုင်တယ်ဆိုတဲ့ သဘောထားနဲ့ လုပ်နေတာလို့ပဲ ကျနော်တို့က မြင်ပါတယ်။ သူတို့တင်တဲ့ ဗီဒီယိုဖိုင်တွေ မကြာခဏ တွေ့နေရတဲ့ကိစ္စတွေ ဒါပေမဲ့ ပြည်သူလူထုကို အဲလိုမျိုးနည်းတွေနဲ့ လိမ်လည်လှည့်စားလို့ ရနိုင်တဲ့အချိန်က ကုန်သွားပြီလို့ ယူဆပါတယ်။”

လူတစ်ယောက်ကို ဥပဒေမဲ့သတ်ဖြတ်တာကို လုံးဝ လက်ခံလို့ မရပေမယ့် လက်ရှိ အခြေအနေဟာ ဒီသတ်ဖြတ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို အတိအကျ စုံစမ်းဖော်ထုတ်ဖို့ ခက်ခဲတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ ဒီလို အပြန်အလှန် သတ်ဖြတ်မှု၊ သေဒဏ်ပေးမှုတွေဟာ  စစ်တပ်အာဏာသိမ်းမှုရဲ့  နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တိုင်းပြည်အခြေအနေ ရှုပ်ထွေးလာတိုင်း တော်လှန်ရေးအင်အားစုတွေကြား သွေးခွဲပုံဖျက်တာတွေကို စစ်အာဏာရှင်တွေနဲ့ သူတို့ကိုထောက်ခံသူတွေက အမြဲလုပ်လေ့ရှိတယ်လို့  အဲဒီ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူက RFA ကို ပြောပါတယ်။

“လူတစ်ယောက်ကို ပြစ်ဒဏ်ပေးမယ်ဆိုလို့ရှိရင် ဘယ်လို အချက်အလက်တွေနဲ့ ကိုက်ညီမှ ပေးလို့ရတယ်ဆိုတာ ရှိတယ်၊ ဒါပေမဲ့ ဒီနေ့ရှိနေတဲ့ အခင်းအကျင်းအရ ဒါကို အတည်ပြုဖို့၊ ဒီသတင်းကို အတည်ပြုဖို့ အခြေအနေက မပေးဘူးပေါ့နော်။ အပြန်အလှန် လက်ဦးမှုယူပြီးတော့ အပြန်အလှန် စွပ်စွဲနေတယ်ဆိုတာတော့ တမင်အခြေအနေကို ရှုပ်ထွေးအောင်လုပ်နေတာ ဖြစ်တယ်။ ဥပဒေရှုထောင့်က ကြည့်ရင်တော့ ဒါက မဖြစ်သင့်တဲ့ကိစ္စ၊ ဒါပေမဲ့ ဒီပြဿနာတစ်စုံလုံးရဲ့ အဓိက တရားခံကတော့ စစ်အုပ်ချုပ်ရေးပဲ။ ၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးကတည်းက ဗမာပြည် ခေတ်ပြောင်းတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေကို နည်းမျိုးစုံနဲ့ သွေးကွဲအောင်၊ နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့တာ ရှိတယ်။ သမိုင်းမှာ အထောက်အထားတွေ အများကြီးပဲ။ နွေဦးတော်လှန်ရေးမှာလည်း ဒီလိုပဲ၊ တော်လှန်ရေးကို သေးသိမ်သွားအောင် သွေးကွဲသွားအောင် ဝါဒဖြန့် လုပ်နေတာလို့ မြင်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တမူးမြို့က အမျိုးသမီးတစ်ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီလုပ်ရပ်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ဆန့်ကျင်နေပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီက တော်လှန်ရေး တပ်ဖွဲ့တွေကို အကြမ်းဖက်မှုတွေ လုပ်နေတယ်ဆိုတာမျိုး ပုံဖော်ဖို့ ကြိုးစားနေတဲ့အတွက် အထူးသတိထားကြဖို့လည်း NUG က PDF တပ်ဖွဲ့တွေကို သတိပေးထားပါတယ်။

တမူး PDF တပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံရတဲ့အပေါ်မှာ လက်တုံ့ပြန်တဲ့အနေနဲ့ တမူး PDF တပ်ရင်း-၄ က  အဲဒီ အမျိုးသမီးငယ်ကို သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ ကနဦး တွေ့ရှိထားတယ်လို့  NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် က ပြောပါတယ်။

သူတို့အနေနဲ့ PDF တပ်ဖွဲ့တွေ  စစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပိုနားလည်လာအောင် သင်ကြားပေးနေတယ်လို့လည်း ဦးနိုင်ထူးအောင်က ပြောပါတယ်။

“ကနဦး စုံစမ်းစစ်ဆေးမှုတွေအရတော့ ဒီဖြစ်စဉ်မှာ ပါဝင်သူတွေထဲမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ ကနဦး သိရှိထားရတယ်။ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေထဲက ရဲဘော်တစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို ပြန်ပြီးလက်တုံ့ပြန်တာလို့တော့ တွေ့ရှိ ထားပါတယ်။ ကျနော်တို့အနေနဲ့ စစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပိုမို နားလည်လာအောင် သင်ကြားပေးတဲ့ ကိစ္စရပ်တွေ၊ စိတ်ခံစားချက်ကို ထိန်းချုပ် နိုင်အောင် လေ့ကျင့်သင်ကြားပေးတဲ့ ကိစ္စရပ်တွေကို ပိုပြီးတော့ ကောင်းမွန်တဲ့ စနစ်မျိုးတွေ ဖြစ်ပေါ်အောင် ကျနော်တို့ ကြိုးစားဆောင်ရွက်သွားမှာပါ။”

dagon uni students
အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးမှ သေဒဏ်အမိန့်ချမှတ်လိုက်သည့် ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦးအား တွေ့ရစဉ်။ (Photo: Dagon University Students' Union)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီတပ်နဲ့ PDF နှစ်ဖက်စလုံးမှာ ဒီလို ဥပဒေမဲ့ သတ်ဖြတ်ခွင့်မျိုး လုံးဝမရှိတာကြောင့် ဘယ်သူပဲလုပ်လုပ် ဒါကို လက်ခံလို့မရဘူးဆိုတာကို လူထုအကြား ကျယ်ကျယ် ပြန့်ပြန့်ထုတ်ပြောဖို့နဲ့  PDF တွေကို အသိပညာပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ဒီလိုပေါ်လာတာက မပေါ်လာဘဲနဲ့ ကြိတ်ပြီးဖြစ်နေတာထက်တော့ ပိုပြီး ကောင်းတယ်လို့ ပြောရမယ်။ သိရတာပေါ့၊ ဘယ်လိုမျိုးအခြေအနေမျိုးတွေ ရှိတယ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတာ။ ဒီလိုဆိုးရွားတဲ့ အခြေအနေမျိုး တွေရှိတယ်ဆိုတာ သိရတာပေါ့။ ဘယ်ဘက်ကပဲ လုပ်လုပ်၊ ဘယ်သူပဲလုပ်လုပ် ဒီလိုလုပ်ရပ်က လက်ခံနိုင်စရာ မရှိဘူးဆိုတာ အရင်ဆုံး သိဖို့လိုတယ်။ လက်နက်ကိုင်နေတဲ့သူတွေ အကုန်လုံးက သူတို့ အဲဒီလို သတ်ချင်တိုင်း သတ်ဖြတ်ချင်တိုင်း သတ်ဖြတ်လို့ရတဲ့ အခွင့်အာဏာ ဘယ်သူမှ မပေးထားဘူး။  ဒီဟာက လက်ခံနိုင်စရာ မဟုတ်တဲ့အတွက် ဒီလိုဖြစ်စဉ်ကို ကျူးလွန်တာ သေချာသွားပြီ၊ သိရပြီဆိုရင် တော်လှန်ရေး ခေါင်းစဉ်အောက်မှာ ဒါကို လက်မခံသင့်ဘူး။ လက်ခံစရာမဟုတ်ဘူးဆိုတာ ကျနော်တို့တွေ ကျယ်ကျယ်ပြန့်ပြန့် ပြောဖို့လိုတယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ ၇ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း  နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၂,၅၆၅ ဦး အသတ်ခံရပြီး  ၁၃,၀၆၀  ဦး အခုချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။