တရုတ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာပြီး နယ်စပ်စစ်ရေး၊ ပဋိပက္ခအရေး ဆွေးနွေး
2024.01.05

မြန်မာ-တရုတ်နယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုနိုင်ငံခြားရေးဝန်ကြီး မစ္စတာစွန်းဝေတုန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလ ၅ ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြားဝင် စေ့စပ်နေတဲ့ တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းလည်း ဒီခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးဟာ ဇန်နဝါရီလ ၅ ရက်မှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲတွေအတွင်း နယ်စပ်ဒေသတည်ငြိမ်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံရပ်ဝန်းနဲ့ ပိုးလမ်းမအောက်မှ စီမံကိန်းတွေ အရှိန်အဟုန်မြှင့်တင်ဖို့၊ ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာမှာ နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်ဖို့ စတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။
"လောက်ကိုင်ကို ကိုးကန့်တပ်က အကုန်လုံးသိမ်းလိုက်ပြီဆိုတော့ သူတို့ဆွေးနွေးပွဲတွေမှာလည်း မြောက်ပိုင်းအဖွဲ့တွေလည်း တစ်စုံတစ်ရာ အပေါ်စီးမှာရတဲ့သဘောတော့ ရှိတယ်"
တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ ဒီခရီးစဉ်မှာ တရုတ်ဘက်ကဆွေးနွေးမယ့် အချက်သုံးချက်ရှိတယ်လို့ RFA ကိုပြောပါတယ်။
"တရုတ်ဘက်က လိုချင်တာကတော့ ဖမ်းဝရမ်းထုတ်ထားတဲ့ ရာဇဝတ်သားတွေကို ပေါ့ဗျာ။ အဲဒါတွေကို ပြန်အပ်ဖို့ လိုချင်တယ်ထင်တယ်။ စစ်ကောင်စီကလည်း အဲဒီလူတွေကို နေပြည်တော်မှာ ထိန်းသိမ်းထားတယ်ဆိုတော့ သူတို့ (တရုတ်) က ဒါလိုချင်တာပါတယ်။ ဒုတိယတစ်ခုက ဟိုနေ့ကပဲ သူတို့နိုင်ငံဘက်ကို ဗုံးကြဲတာ၊ ဗုံးစတွေရောက်လို့ လူငါးယောက်ပေါ့ သိပ်တော့မပြင်းထန်ပါဘူး၊ ဗီဒီယိုတွေမှာ ကြည့်ရသလောက်။ အဲဒီကိစ္စတွေလည်း ပြောချင်ပုံရတယ်။ နောက်တစ်ခုက လောက်ကိုင်ကို ကိုးကန့်တပ်က အကုန်လုံးသိမ်းလိုက်ပြီဆိုတော့ သူတို့ဆွေးနွေးပွဲတွေ မှာလည်း မြောက်ပိုင်းအဖွဲ့တွေလည်း တစ်စုံတစ်ရာ အပေါ်စီးမှာ ရတဲ့သဘောတော့ ရှိတယ်"
ဒီခရီးစဉ်မတိုင်ခင် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လောက်ကိုင်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြန်မာဘက်က လက်နက်ကြီးကျည် ဇန်နဝါရီလ ၃ ရက်က တရုတ်နိုင်ငံဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့လို့ တရုတ်နိုင်ငံသားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာပြုလုပ်မယ့် စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ တရုတ်က သူ့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စစ်ကောင်စီကပေးဖို့ လာညှိနှိုင်းတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
"သူက မြန်မာပြည်ကို အမှန်တကယ် ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိတယ်။ သူရဲ့ အနောက်ဘက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို လုံခြုံအေးချမ်းစေချင်တဲ့အခါကျတော့ သူ့ရဲ့ ပိုးလမ်းမစီမံကိန်းအတွက်ကလည်း အရမ်းအရေးကြီးနေတော့ ဖျန်ဖြေသူပေါ့ဗျာ။ အဲဒီအခါကျတော့ သူ (တရုတ်) တောင်းဆိုတဲ့ အချက်တွေက ဘာတွေလဲဆိုတော့ ဖက်ဒရယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကိုပေးပါဗျာလို့ လာဈေးညှိပေးတဲ့သဘောပဲ"
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ဆယ်မြို့ကျော် ကို သိမ်းယူထားပါတယ်။
ဒီအတောအတွင်းမှာပဲ လောက်ကိုင်မြို့ကို MNDAA က ထိန်းချုပ်လိုက်ပြီး ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး အပါအဝင် ရဲဘော်နဲ့ တခြားအဆင့် နှစ်ထောင်နီးပါး (၁၈၉၅ ဦး)၊ ပွိုင့် ၂၀၂၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၆ ဦး၊ စုစုပေါင်းအရာရှိနဲ့ စစ်သည် ၂၃၈၉ ဦး လက်နက်ချခဲ့တယ်လို့ ဇန်နဝါရီလ ၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံတွေ့လာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ငြိမ်းချမ်းရေးအတွက် အသုံးပြုဖို့အထိ တရုတ်ဘက်က ပြောဆိုလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"သူက (တရုတ်က) NLD ဖျက်သိမ်းတာ မကြိုက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းတာမကြိုက်ဘူး။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ NLD ပါတီကို ဖျက်သိမ်းတဲ့အလုပ်တွေမလုပ်ဖို့ဆိုတဲ့ကိစ္စတော့ ပြောစရာအကြောင်းရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အထင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားဖြည့်ပေးနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးဖို့ တိုက်တွန်းလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ မြန်မာ့အရေး တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုတွေရှိနေပေမယ့် မစိုးရိမ်ဘူးလို့ RFA ကို ပြောပါတယ်။
"တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုတွေကြောင့် စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး အခုဆိုရင် မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနဲ့လည်း တောက်လျှောက် စစ်ဆင်ရေးတွေ ဆင်နွှဲနေပြီးတော့ တစ်နိုင်ငံလုံးလွတ်မြောက်ရေးအတွက်ကို လုပ်ကိုင်ဆောင်ရွက် နေတယ် ဆိုတာလည်း ထုတ်ဖော်ပြောကြားနေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒါကြောင့် ဒီအပေါ်မှာ သိပ်တော့ အများကြီးစိုးရိမ်စရာမရှိဘူးလို့ ကျွန်တော်နားလည်ပါတယ်ခင်ဗျ"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဇန်နဝါရီလ ၁ ရက်နေ့က တရုတ်အပေါ် ရပ်တည်ချက် သဘောထားကို ထုတ်ပြန်ခဲ့ပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံတာ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို မထိခိုက်အောင် ထိန်းသိမ်းကာကွယ်ပေးမယ် ဆိုတဲ့ အချက်တွေလည်း ပါဝင်ခဲ့ပါတယ်။
NUG က ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်တွေနဲ့ ညှိနှိုင်း ဆွေးနွေးမှုတချို့ ရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်(PDF) တချို့လည်း စစ်ဆင်ရေးအတွင်း ပူးပေါင်းပါဝင်နေပါတယ်။
စစ်ဆင်ရေး နှစ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရပ်သား ၁၂၃ ဦး သေဆုံးပြီး ၂၃၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ထုတ်ပြန် ထားပါတယ်။