၂၀၂၄ ဟာ တိုင်းရင်းသားတွေအတွက် စစ်ရေးအောင်မြင်တဲ့နှစ်လို့ လေ့လာသူတွေပြော
2024.12.24

၂၀၂၄ ခုနှစ်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေထိုးစစ်ဆင်ခဲ့ပြီး အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်းမှာ စစ်ရေးအပြင်းထန်ဆုံးနဲ့ တိုင်းရင်းသားတွေဘက်က အသာစီးရခဲ့တဲ့နှစ်လို့ ပြောနိုင်ပါတယ်။
တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင်၊ ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့စခန်းတွေ၊ လေဆိပ်တွေအပါအဝင် မြို့တွေ၊ တပ်စခန်းတွေအများအပြားကို သိမ်းယူနိုင်ခဲ့ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ ၁၀ ၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့တွေ၊ တပ်ရင်းတွေအပြင် စစ်တိုင်းဌာနချုပ်ကိုပါ သိမ်းယူနိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒီအထဲမှာဆိုရင် ဩဂုတ်လအတွင်းမှာ ကိုးကန့်တပ်နဲ့ မဟာမိတ်အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံး စစ်ကောင်စီရဲ့ စစ်တိုင်းတစ်ခုကို သိမ်းယူနိုင်တာဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းကပြည်သူတွေ စစ်အုပ်ချုပ်ရေးအောက်နေ လွတ်မြောက်သွားတယ်လို့ ရှမ်းပြည် နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဆိုရ်ဒါင်းက ပြောပါတယ်။
"မူဆယ်ကျန်မယ်၊ ပြီးတော့ တန်ယန်းကျန်မယ်၊ နမ့်လန်ကျန်မယ်၊ အဲဒီလောက်ပဲ စစ်ကောင်စီက ကျန်တော့မယ်၊ ဒါတွေက ပြန်ကြည်မယ်ဆိုရင် ဒီ ၂၀၂၄ တော်လှန်ရေးရဲ့ အသီးအပွင့်တွေဖြစ်တယ်၊ အထူးသဖြင့် ရှမ်းမြောက်ဒေသဘက်မှာ လူထုက စစ်အာဏာရှင်အုပ်ချုပ်မှုအောက်နေ လွတ်မြောက်ခွင့်ရသွားတယ်"
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀ ၂၇ စစ်ဆင်ရေးနဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အခြားကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၄ မြို့ကို သိမ်းယူထားပါတယ်။
ကချင်ပြည်နယ်မှာဆိုရင်လည်း အမေရိကန်ဒေါ်လာ ဘီလီယံချီတန်တဲ့ မြေရှားသတ္တုထွက်ရာ ချီဖွေ၊ ဆော့လော်၊ ပန်းဝါအပါအဝင် ကချင်မှာရှိတဲ တရုတ်မြန်မာနယ်စပ်ဂိတ်တွေရှိတဲ့ လွယ်ဂျယ်၊ ကန်ပိုက်တီ အပါအဝင် မြို့ ၁၃ မြို့ကို့ KIA က သိမ်းယူနိုင်ခဲ့ပါတယ်။
KIA သိမ်းထားတဲ့ ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသကနေ တရုတ်အကောက်အခွန်ဌာနရဲ့ စာရင်းအရ ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံဘက်ကို ဒီနှစ်ဆယ်လအတွင်း မြေရှားသတ္တု အမေရိကန်ဒေါ်လာ သန်းရှစ်ရာနီးပါး တင်ပို့ထားတယ်လို့ ရှိပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ထဲက အကြီးဆုံး နယ်စပ်ဂိတ်တွေဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီအပြင် တစ်နိုင်တစ်ပိုင် ကုန်သွယ်နေတဲ့ ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ မံဝိန်းကြီး စတဲ့ နယ်စပ်ဂိတ် ၁၁ ဂိတ်လုံးကိလည်း KIA က ထိန်းချုပ်ထားတာပါ။
KIA ဌာနချုပ် လိုင်ဇာပတ်ဝန်းကျင်က စစ်ကောင်စီစခန်းတွေနဲ့ ကချင်ပြည်နယ်ရှိ တရုတ်မြန်မာ နယ်စပ်စခန်းတွေအားလုံးကို သိမ်းယူခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ဟာ KIA အတွက် အောင်မြင်တဲ့နှစ်လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“စစ်ရေးနဲ့ပတ်သက်လို့တော့ ၂၀၂၄ မှာ သုံးသပ်ချက်အရ အောင်မြင်တယ်လို့ ပြောလို့ရမှာပေါ့၊ KIO/ KIA ဌာနချုပ်ပတ်ဝန်းကျင်က တပ်စခန်းတွေ၊ နယ်စပ်ဒေသတစ်ကျော့လုံးက စကစတပ်စခန်းတွေကို ကျွန်တော်တို့က တိုက်ခိုက်ပြီး ပြန်ပြီးမှ အုပ်ချုပ်နိုင်တဲ့၊ ထိန်းချူပ်နိုင်တဲ့ အနေအထားရှိတယ်ဆိုတော့ အောင်မြင်တယ်လို့ ပြောရမှာပေါ့”
ရခိုင်ပြည်နယ်မှာတော့ ပလက်ဝဒေသစစ်ဆင်ရေးနဲ့အတူ မြို့နယ်ပေါင်း ၁၇ မြို့နယ်ထဲက ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်နဲ့ အမ်း စတဲ့ ၁၃ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းယူထားပါတယ်။
လက်ရှိမှာလည်း ဂွမြို့တွေကို ထိုးစစ်ဆင်နေပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ အမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းယူလိုက်ပါတယ်။
ဒါဟာလည်း စစ်ကောင်စီရဲ့ စစ်တိုင်း ၁၄ ခုထဲက ဒုတိယမြောက် စစ်ဌာနချုပ်တစ်ခု အသိမ်းခံရတာဖြစ်ပါတယ်။
နှစ်ပေါင်း ၂၄၀ ကျော် ရခိုင်တိုင်းရင်းသားတွေမက်ခဲ့တဲ့ အိပ်မက်ဟာ ဒီနှစ်အတွင်း အနီးဆုံးကို ရောက်လာခဲ့ပြီလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။
“နှစ်ပေါင်း ၂၄၀ အတွင်းမှာ တော်လန်ရေးအဆက်မပြတ်ခဲ့ဘူး၊ ဒါပေမဲ့အောင်မြင်မှုဆိုတာ မရခဲ့ဘူး၊ ဒီတစ်ကြိမ်မှာတော့ AA က အဲတာတွေကို ပြောင်းပြန်လှန်ပြီးတော့ ခေတ်ပညာတတ်လူငယ်တွေ တကယ်ကိုဦးဆောင်မှုကောင်းတဲ့လူငယ်တွေ အတွေးအခေါ်ကောင်းတဲ့လူငယ်တွေ အဲလူငယ်ဦးဆောင် တဲ့အတွက် ရခိုင်တွေရဲ့မျှော်လင့်ချက်ပေ့ါနော်၊ ကိုယ်ကြမ္မာကို ပြဌာန်းခွင့်၊ ကိုယ်ဒေသကိုယ် နိုင်ငံရေး၊ စစ်ရေးအပါအဝင် အကုန်လုံးကိုဖော်ဆောင်နိုင်တဲ့ အခြေအနေတစ်ခုကြကိုရောက်လာလိမ့်မယ်လို့ အကုန်လုံးမျှော်လင့်နေကြတယ်”
ကရင်ပြည်နယ်မှာလည်း ၂၀၂၄ ခုနှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဖာပွန် ကျိုက်ဒုံ၊ လေးကေ့ကော် စတဲ့မြို့တွေကို သိမ်းယူခဲ့ပါတယ်။
KNLA ဦးဆောင်တဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မြဝတီမြို့ကိုသိမ်းဖို့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ ကရင်နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ မြဝတီ့မြို့စောင့်တပ်ခြေလျင်တပ်ရင်း ၂၇၅ စခန်းကို ပြန်လည်သိမ်းယူခဲ့ပါတယ်။ မြဝတီအနီးတစ််ဝိုက်မှာ KNU လက်အောက်ခံတပ်တွေက သိမ်းယူထားပြီး မြဝတီကို ပြန်လည် ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ကြောင်းကို လမ်းတစ်လျှောက်တိုက်ခိုက်နေပါတယ်။
အလားတူ ကရင်အမျိုးသားအည်းအရုံး (KNU) ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောက စခန်းတွေကိုလည်း နှစ်ပေါင်းသုံးဆယ်နီးပါးအကြာမှာ KNU က ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာဖြစ်ခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီပူးပေါင်းတပ်တွေက မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာအတွင်း ကရင်နီပူးပေါင်းတပ်တွေက လွိုင်ကော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ တက္ကသိုလ် စတဲ့ နေရာအတော်များများကို သိမ်းယူနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာကြောင့် မြို့ထဲကနေ ဆုတ်ခွာပေးခဲ့တယ်လို့ ထုန်ပြန်ထားပါတယ်။
ချင်းပြည်နယ်မှာဆိုရင်လည်း ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ချင်းညီနောင်တပ်ဖွဲ့၊ အာရက္ခတပ်တော် (AA) စတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေက မြို့ ၁၃ မြို့ကိုသိမ်းယူထားပါတယ်။
ပလက်ဝ၊ တွန်းဇံ၊ မတူပီ၊ ဆမီး၊ ကျင်းဒွေး စတဲ့ မြို့ ရှစ်မြို့ ၂၀၂၄ ခုနှစ်မှာ သိမ်းယူခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ တုန်းက ရိခေါဒါရ်၊ ဝေဘူလ၊ နှာရိန်၊ ဆူရ်ခွာ၊ ရေဇွာ စတဲ့ မြို့ ငါးမြို့ကို သိမ်းယူခဲ့တယ်။
မန္တလေးတိုင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ TNLA စတဲ့တပ်တွေကလည်း မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ တကောင်း စတဲ့ မြို့တွေကို သိမ်းယူထားပါတယ်။
စစ်ကိုင်းတိုင်းမှာလည်း NUG လက်အောက်ခံတပ်တွေက ၂၀၂၄ ခုနှစ်အတွင်း ပင်လည်ဘူး၊ မြို့သစ်၊ ကနီ စတဲ့မြို့တွေကို သိမ်းယူခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ၈၆ မြို့အထိ သိမ်းယူထားတယ်လို့ စစ်ရေးနဲ့ ပတ်သက်ပြီး သုတေသနပြုနေတဲ့ နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI – Myanmar Peace Monitor) က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ မြို့ ၂၃ မြို့ကို သိမ်းယူခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာတော့ မြို့ပေါင်း ၆၃ မြို့ကို သိမ်းယူထားပါတယ်။
၂၀၂၄ ဟာ အာဏာသိမ်းစစ်တပ်အတွက် အဆိုးဆုံးနှစ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
"၂၀၂၄ ကတော့ မင်းအောင်လှိုင်တို့စစ်တပ်အတွက် ရှုးသွပ်စေတဲ့ နှစ်တစ်နှစ်လိုတောင် ပြောရမှာဖြစ်ပါ တယ်၊ ဘာဖြစ်လိုလည်းဆိုတော့ စစ်ဗိုလ်ချုပ်တွေအချင်းချင်း ပြဿနာတွေဖြစ်တဲ့နှစ်လည်းဖြစ်တယ်၊ လက်နက်ချတဲ့စစ်ဗိုလ်ချုပ်တွေ ခြောက်ဦးထက်မနည်းကိုလည်း ထောင်ချလိုက်ရတာတွေ၊ အရေးယူ လိုက်ရတာတွေရှိသလို စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်လည်း တစ်ဖက်မှာ အညံခံတာ တိုင်းမှူးတစ်ယောက် တောင် လက်နက်ချပြီး အညံခံတဲ့နှစ်၊ မင်းအောင်ရဲ့ အာဏာသိမ်းစစ်တပ်အတွက် အဆိုးရွားဆုံးနှစ်က ၂၀၂၄၊ ၂၀၂၅ ဆိုလည်း ဆက်ပြီးဆိုးလာဦးမယ်သဘောရှိပါတယ်"
ဆက်နွှယ်သောသတင်းများ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အပြီးသတ် သိမ်းပိုက်
လားရှိုးက တိုင်းစစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်
AA နဲ့အတူ စစ်အာဏာရှင် အဆုံးသတ်ရေး လက်တွဲပူးပေါင်းမည်ဖြစ်ကြောင်း NUG ပြော
၂၀၂၄ နှစ်စပိုင်းမှာ စစ်ကောင်စီဟာ အငိုက်မိတာကြောင့် မြို့သိမ်းခံရပြီး ၂၀၂၅ မှာ ပြန်လည်သိမ်းယူမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
“နိုဝင်ဘာ၊ ဒီဇင်ဘာ အဲနှစ်လကတော့ စစ်တပ်က အငိုက်မိသွားတာ၊ သတင်းအငိုက်မိတယ်၊ နည်းပညာအငိုက်မိတယ်၊ အဓိကတော့ အဲနှစ်ချက်အငိုက်မိတယ်၊ အဲကြောင့် ဆုံးရှုံးတာပေါ့နော်၊ အားလုံးသိတဲ့အတိုင်းပဲ၊ ၂၀၂၄ လည်းကျတော့ နှစ်ဝက်လောက်ထိသွားတာပေါ့၊ နှစ်ဝက်နောက်ပိုင်း လည်းကျရော တဖြည်းဖြည်းနဲ့ စစ်တပ်က သူရဲ့နည်းပညာဆိုင်ရာ အားနည်ချက်တွေကို ပြန်ပြင် လိုက်တယ်၊ ခုချိန်မှာတော့ စစ်တပ်က ဒရုန်းနည်းပညာတို့ဘာတို့မှာ ပြန်ပြီးစိုးမိုးသွားတဲ့ အနေ အထားရောက်ပြီ၊ ၂၀၂၄ အတွင်းမှာတော့ စစ်တပ်ကခံလိုက်ရတယ်၊ သို့သော် တိုက်စစ်အရှိန်အဟုန်က ၂၀၂၄ ထဲမှာ ပြီးသွားပြီလို့ ပြောလိုရတယ်၊ ၂၀၂၅ ကတော့ စစ်တပ်အလှည်လို့ပြောလို့ရပြီ၊ အခုတင်ကို တွေ့နေပြီ”
နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ ရှိတဲ့အထဲက မြို့နယ် ၁၆၁ မြို့နယ်မှာသာ ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံချိန်မှာ ပြောထားပါတယ်။ ဒါကိုကြည့်ရင် စစ်ကောင်စီက နိုင်ငံထက်ဝက်ကိုပဲ ထိန်းချုပ်နိုင်တဲ့အခြေအနေဖြစ်နေပါတယ်။
ဒါကြောင့် ၂၀၂၄ ခုနှစ်ဟာ တိုင်းရင်းသားတွေအတွက် အသာစီးရပြီး စစ်ကောင်စီအတွက် စစ်ရေးအရ ရှုံးနိမ့်တဲ့နှစ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။