၂၀၂၃ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စစ်ရေးအရ အားသာခဲ့

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.12.29
၂၀၂၃ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စစ်ရေးအရ အားသာခဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓာတ်ပုံ - ညီနောင်မဟာမိတ်သုံးဖွဲ့

၂၀၂၃ ခုနှစ်အတွင်း တိုင်းရင်းသားဒေသတွေနဲ့ တိုင်းဒေသကြီးတချို့မှာ ကြားကာလ အစိုးရအဖွဲ့တွေ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေပါ ဆောင်ရွက်နိုင်လာတာကြောင့် စစ်ကောင်စီကိုဆန့်ကျင်တဲ့ တော်လှန်ရေး အင်အားစုတွေအတွက် ၂၀၂၂ ခုနှစ်ကထက် ပိုမိုအောင်မြင်တဲ့နှစ်လို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တာဝန်ရှိသူတွေက သုံးသပ်ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီဘက်က မတရားဖမ်းဆီးသတ်ဖြတ်တာ၊ လူအခွင့်အရေးချိုးဖောက်တာ၊ အိမ်တွေမီးရှို့တာ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးပြီး သန်းနဲ့ချီ စစ်ဘေးဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ပါတယ်။ ဒီကာလအတွင်း တော်လှန်ရေး အင်အားစုတွေဘက်မှာလည်း နိုင်ငံ‌ရေးအရ ဆောင်ရွက်နိုင်တာ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ပထမခြောက်လမှာလည်း နိုင်ငံရေးအရတိုးတတ်မှု မရှိသလောက်ဖြစ်ခဲ့ပေမဲ့ ဇွန်လဆန်းက စပြီး တိုးတတ်မှုတွေ ရှိလာပါတယ်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ကယားပြည်နယ်မှာ ဇွန်လ ၁၂ ရက်နေ့က ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကို စတင်ဖွဲ့စည်းပြီး အုပ်ချုပ်ရေးအပါအဝင် စတင်ဆောင်ရွက်ခဲ့ပါတယ်။

ဒီဒေသမှာ အုပ်ချုပ်ရေးစနစ်ကို အောက်ခြေလူထုကနေစပြီး ဒေသန္တရအုပ်ချုပ်ရေးခိုင်မာအောင် ဆောင်ရွက်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။

"IEC အနေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့အချိန် ဇွန်လ ၆ ရက်နေ့ကနေ ဒီကနေ့အထိ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့မှ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့နယ်ဆိုပြီးတော့ သုံးဆင့်ကို အဆင့်ဆင့် လူထုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပေါင်းပြီးတော့မှ ဒေသန္တရအုပ်ချုပ်ရေးအဆင့်ဆင့်ကို ဖော်ဆောင်နေတယ်၊ IEC အနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးကို ခိုင်မာအောင် လူထုတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်"

ကယားပြည်နယ်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ NUG က ဝင်ရောက်စွက်ဖက်တာတွေမလုပ်ဘဲ ပူးပေါင်းဆောင်ရွက်နေတယ်လို့ IEC အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။

"NUG အနေနဲ့ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်စွက်ဖက်တာမျိုးတော့ မရှိပါဘူး၊ ဒေသန္တရအုပ်ချုပ်ရေး ကျေးရွာ၊အုပ်စု၊ မြို့နယ် စတဲ့ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်တွေမှာ ကျွန်တော်တို့က လူထုဝန်ဆောင်မှု၊ တစ်နည်းအားဖြင့် လူထုလိုအပ်ချက်တွေကို အောက်ခြေအဆင့်ကနေ ဖော်ထုတ်ပြီးတော့မှ ဆောင်ရွက်တဲ့ လုပ်ငန်းတွေရှိတယ်၊ အဲအပေါ်မှာ NUG ရဲ့အကူအညီနဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်တာရှိတယ်၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနဲ့နောက် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေမှာ NUG က ကျွန်တော်တို့ IEC နဲ့ ပူးပေါးပြီးတော့မှ ကူညီဆောင်ရွက်နေတဲ့အနေအထားမျိုး ရှိပါတယ်"

ဒီလို့ကရင်နီပြည် ကြားကာလအစိုးရအဖွဲ့ဟာ ဒေသခံပြည်သူတွေထောက်ခံမှုရသလို့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ခြေလှမ်းတစ်ခုအဖြစ်ဆောင်ရွက်နိုင်တဲ့ ပြည်နယ်တစ်ခုလို့ ပြောလို့ရမယ့်အခြေအနေထိ ရောက်ရှိခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်းထဲမှာလည်း တော်လှန်ရေးအင်အားစုအဖွဲ့ ၁၇၀ ကျော်က စစ်ကိုင်းဖိုရမ် ဆိုတဲ့ခေါင်းစဉ်နဲ့ တိုင်းထဲက နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အထွေထွေဆိုတဲ့ ကဏ္ဍကြီးလေးရပ် ဆွေးနွေးပွဲကို မေလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ပလက်ဝမြို့ ခဝဲဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA) မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်များအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Photo: AA Info Desk)
ပလက်ဝမြို့ ခဝဲဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA) မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်များအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Photo: AA Info Desk)

ဒီဖိုရမ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းလာစေဖို့ ရည်ရွယ်ထားတယ်လို့ စစ်ကိုင်းဖိုရမ်ရဲ့ ပြောခွင့်ရ မချောစုစံက ပြောပါတယ်။

"ဒီလိုမျိုး နှစ်နှစ်ကျော်ကာလ ကြာလာတဲ့ အချိန်အတွင်းမှာ ရှေ့ဆက်ပြီးတော့ တော်လှန်ခရီးကို အားကောင်းကောင်းနဲ့ ရှေ့ဆက်ချီတက်နိုင်ဖို့အတွက်ကို အားလုံးစုစည်းကြဖို့ လိုအပ်တယ်ဆိုပြီး ဒီဖိုရမ်ကို ပြုလုပ်ရခြင်းဖြစ်တယ်ပေါ့နော်။ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့အစုအဖွဲ့တွေ ဒီထက်ပိုအချိတ်အဆက်မိမိနဲ့ ဒီတော်လှန်ခရီးကို ရှေ့ဆက်နိုင်ဖို့ အဲဒီအတွက် ရည်ရွယ်ပြီးတော့ ဖိုရမ်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်”

ဒီလိုပြုလုပ်လိုက်တာဟာလည်း တိုင်းဒေသကြီးတွေမှာ ပထမဆုံးရှေ့တစ်လှမ်းရောက်တဲ့ တိုင်းဒေသကြီး ဖြစ်လာပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတွေမှာ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုကြောင်း ကြေညာခဲ့တာပါ။

ဒီလိုအတည်ပြုလိုက်တာကို တိုင်းသုံးခုမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ခဲ့ကြပါတယ်။

တော်လှန်ရေးထဲမှာပါတဲ့ အစုအဖွဲ့တွေအားလုံး တန်းတူဆွေးနွေးခွင့်၊ တန်းတူပါဝင်ခွင့်နဲ့ စုပေါင်းခေါင်းဆောင်မှု ဆိုတဲ့ အခင်းအကျင်းပေါ်လာဖို့ စစ်ကိုင်းဖိုရမ်အနေနဲ့ ကန့်ကွက်တာလို့ စစ်ကိုင်းဖိုရမ်ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ပြောပါတယ်။

"တိုင်းလွှတ်တော်တွေကနေ ဥပဒေပြုပါတယ်ဆိုတဲ့ နည်းနာပေါ့၊ နည်းနာအပေါ်မှာပဲ ကန့်ကွက်ကြတာ ဖြစ်ပါတယ်၊ ပြည်နယ်များကဲ့သိုပဲ တိုင်းတွေမှာလည်း တိုင်းအဆင့် နိုင်ငံရေးစုဖွဲ့တွေ ပေါ်ပေါက်ဖို့ဆိုတာသည် မြေပြင်အင်အားစုတွေ လိုလားနေတဲ့ အချက်ဖြစ်တယ်၊ သို့သော် ဒီအချက်ကို အကောင်ထည်ဖော်ဖို့ ဖော်ဆောင်တဲ့ နေရာမှာတော့ တစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားကိုပဲ ဇောင်းပေးပြီးတော့ လုပ်သွားတဲ့ပုံစံမျိုးပေါ့နော်၊ ဒီလိုမျိုး မြေပြင်ကအဖွဲ့တွေက ယူဆတယ်လို့ထင်ပါတယ်၊ ဒါကြောင့်မို့လည်းပဲ အခုမျိုးလက်မခံဘူး ကန့်ကွက်တယ် ဆိုတာမျိုးဖြစ်လာတာပေါဗျာ၊ စစ်ကိုင်းဖိုရမ်အနေနဲ့ ကတော့ ဒီကိစ္စတွေအပေါ်မှာ စုပေါင်းခေါင်းဆောင်မှုကို ခိုင်ခိုင်မာမာရပ်တည်ပါတယ်"

ကွမ်းလုံမြို့ ခမရ (၃၁၂) တပ်စခန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့သည်ကို တွေ့ရစဉ်။ (Photo: The Kokang)
ကွမ်းလုံမြို့ ခမရ (၃၁၂) တပ်စခန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့သည်ကို တွေ့ရစဉ်။ (Photo: The Kokang)

အလားတူ ကရင်တိုင်းရင်းသားတွေဘက်မှာလည်း ၂၀၂၃ ခုနှစ်မှာ ကော်သူလေးဖက်ဒရယ်ယူနစ် ဖွဲ့စည်းသွားမယ်လို့ ကြေညာခဲ့သလို့ ပြည်နယ်ဖွဲ့စည်းပုံမူကြမ်းရေးဆွဲ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

"ကရင်နယ်မြေမှာ ကော်သူလေးဖက်ဒရယ်ယူနစ်တည်ဆောက်သွားမယ်ဆိုတာ တရားဝင် ထုတ်ဖော်ပြောထားတာရှိတယ်၊ အဲဒီဖက်ဒရယ်ယူနစ်အတွက် လိုအပ်တဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ရေးဆွဲတာဆို အခု မူကြမ်းအနေနဲ့ တတိအကြိမ်ရှိသွားပါပြီနော်၊ အဲလိုအနေအထားအောက်မှာ ဒီဟာကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်ဆိုတဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် အဓိကကျတာတော့ ဒီနယ်မြေထဲမှာ လူမျိုးအားလုံးနဲ့ သက်ဆိုင်ပါတယ်"

လက်ရှိကရင်ပြည်နယ်မှာ KNU အနေနဲ့ ဌာန ၁၂ ခု ကော်မတီ ၁၅ ခုနဲ့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး ကော်သူလေးဖက်ဒရယ်ယူနစ်ကိုလည်း ရှိရင်းစွဲ ခရိုင်ခုနစ်ခုအပြင် ဆက်စပ်နေတဲ့ နယ်မြေတွေမှာ အခြားတိုင်းရင်းသားတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ပဒိုစောတောနီးကပြောပါတယ်။

ဒီဇင်ဘာလမှာတော့ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ရှိရာ ဗစ်တိုရီးယားမှာ ချင်းပြည်ကောင်စီ ညီလာခံကို ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး ချင်းပြည်ကောင်စီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အတည်ပြုခဲ့ပါတယ်။

ရက်ပေါင်း ၆၀ အတွင်းမှာ ဥပဒေပြုလွှတ်တော်၊ အစိုးရအဖွဲ့၊ တရားစီရင်ရေးဌာနတွေကို ဖွဲ့စည်းဖို့ရမှာဖြစ်တာကြောင့် လက်ရှိမှာ အဲ့ဒါတွေ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့ ချင်းပြည်ကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်တဲ့ ဆလိုင်းထက်နီက ပြောထားပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ စစ်တပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်များနှင့် စစ်သုံ့ပန်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (photo : MOD)
ဒီးမော့ဆိုမြို့နယ်၊ စစ်တပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်များနှင့် စစ်သုံ့ပန်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (photo : MOD)


ချင်းပြည်ကောင်စီကို အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းပြည် တည်ဆောက်ဖို့၊ နိုင်ငံရေးနဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီ တည်ဆောက်ရေးတို့ကို ရည်ရွယ် ဖွဲ့စည်းခဲ့တာလို့ ချင်းပြည်ကောင်စီညီလာခံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုတိုင်းရင်းသားဒေသတွေမှာ ကြားကာလ ကိုယ်ပိုင်အုပ်ချုပ်တာတွေ ဆောင်ရွက်နေချိန်မှာပဲ အောက်တိုဘာလ ၂၇ ကနေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဆိုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်တာတွေကြောင့် မြန်မာနိုင်ငံအနှံ မြို့ပေါင်း၂၀ ကျော်ကို သိမ်းယူနိုင်သလို စစ်ကောင်စီရဲ့ တပ်စခန်းရာနဲ့ချီ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီအတွက် ဆုံးရှုံးမှုကြီးမားပြီး ပြည်သူတွေအတွက် အောင်မြင်တဲ့နှစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"မြို့တွေ တစ်မြို့ပြီးတစ်မြို့ တော်လှန်ရေးအင်အားစုတွေသိမ်းနိုင်တာ ၂၀၂၃ မကုန်ခင်မှာတွေ့လာရတယ်၊ စစ်အခြေစိုက်စခန်းပေါင်း ၃၀၀ ကျော် တော်လှန်ရေးအင်အားစုတွေ သိမ်းနိုင်တယ်၊ မြို့တွေဆို ၂၀ ကျော်သိမ်းနိုင်လာတယ်၊ တပ်တွေကလည်း တပ်ရင်းမှူးတွေအပါအဝင် တပ်ရင်းတစ်ရင်းလုံး လက်နက်ချလာတယ်၊ တပ်မှာ ဗိုလ်မှူးချုပ်အဆင့် တပ်မမှူး၊ ဗျူဟာမှူးအဆင့်တွေ သေကြေသွားကြတယ်၊ စစ်တပ်အတွက်က ၂၀၂၃ ခုနှစ်က အင်မတန်ဆုံးရှုံးမှု ကြီးမားတဲ့နှစ်ဖြစ်တယ်၊ ၊ တစ်ဖက်ကကြည်ရင် ပြည်သူတော်လှန်ရေးဟာ အောင်မြင်မှုတွေ တစ်လှမ်းပြီးတစ်လှမ်း ရရှိလာတာ တွေ့ရတယ်၊ ဒါဟာ ပြည်သူတွေရဲ့ အောင်မြင်မှုပါ"

၂၀၂၃ အောက်တိုဘာ ၂၉ ရက်နေ့က ကိုးကန့်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ရန်တော်စံတပ်စခန်းကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းယူခဲ့ပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို စုစည်းထားစဉ်။ (Photo: The Kokang)
၂၀၂၃ အောက်တိုဘာ ၂၉ ရက်နေ့က ကိုးကန့်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ရန်တော်စံတပ်စခန်းကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းယူခဲ့ပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို စုစည်းထားစဉ်။ (Photo: The Kokang)

သိမ်းဆည်းနိုင်တဲ့မြို့တွေမှာ တိုင်းရင်းသားအဖွဲ့တွေကလည်း အုပ်ချုပ်ရေးယန္တရားတွေ စတင်ဆောင်ရွက်နေသလို့ NUG အစိုးရကလည်း အုပ်ချုပ်ရေးအပါအဝင် တရားစီရင်ရေး စတဲ့ ကဏ္ဍအလိုက် စနစ်တကျ စုဖွဲ့ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းမှာတော့ ချင်း၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းအပါအဝင်စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မြို့ပေါင်းနှစ်ဆယ်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းယူကာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်တဲ့အထိ နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။