၂၀၂၃ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုများ
2023.12.30

စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ တိုင်းရင်းသားတွေဟာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်က စတင် တွန်းလှန်ခဲ့ကြတာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက စစ်ကောင်စီကို ပေါ်ပေါ် တင်တင်အံတုတဲ့ အဖွဲ့တွေထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIO က ထိပ်ဆုံးက ပါ၀င်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို လေ့ကျင့်ပေးပြီး တိုက်ပွဲ၀င်နေတာဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲ (၆၂၁) ကြိမ်နဲ့ ၂၀၂၂ ခုနှစ်မှာ (၅၀၄) ကြိမ်ဖြစ်ခဲ့ပါတယ်။ လက်ရှိ ၂၀၂၃ ခုနှစ်မှာလည်း တိုက်ပွဲပေါင်း ၅၀၀ ကျော်ရှိနေပြီလို့ KIO သတင်းနဲ့ပြန်ကြားရေး တာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“၂၀၂၃ခုနှစ်မှာ ဇန်န၀ါရီလကနေ နို၀င်ဘာလအထိ တိုက်ပွဲပေါင်း ၅၃၅ကြိမ် ရှိပါတယ်၊ အခုဒီဇင်ဘာလအတွက် စာရင်တော့ မချုပ်ရသေးဘူး။ အနည်းဆုံး ၅ပွဲတော့ ရှိနိုင်ပါတယ်။ သိမ်းပိုက်နိုင်တဲ့ စကစ စခန်းအကြီး အသေးကတော့ အားလုံး ၁၉ခုရှိပါတယ်”
KIO အဖွဲ့လိုပဲ ၂၀၂၁ ခုနှစ် တိုက်ပွဲတွေစတင်ချိန်ကတည်းက ပါ၀င်လာတဲ့ အဖွဲ့ဟာ ချင်းတပ်ဖွဲ့တွေဖြစ်ပါတယ်။ ချင်းပြည်သူတွေဟာလည်း စစ်ကောင်စီကို တူမီးသေနတ်ကိုင်ပြီး ပထမဆုံးတော်လှန်ခဲ့ကြတာပါ။
ချင်းပြည်နယ်မှာ ချင်းပြည်ကာကွယ်ရေးတပ်ပေါင်းစု CJDC ကို ဖွဲ့စည်းထားပြီး အဲ့ဒီမှာ အဖွဲ့ပေါင်း ၁၈ ဖွဲ့ ပါ၀င်ပါတယ်။ ပထမပိုင်းမှာ ခုခံစစ်ပွဲကို ပါ၀င်ဆင်နွှဲနေပေမဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ စခန်းသိမ်းတိုက်ပွဲတွေမြို့သိမ်း တိုက်ပွဲတွေဆင်နွှဲနိုင်တယ်လို့ CJDC အတွင်းရေးမှူး ဆလိုင်းတီမီကပြောပါတယ်။
“ကျွန်တော်တို့ အဖွဲ့အစည်းတွေက နှစ်နှစ်ခွဲလောက်အချိန်မှာ စခန်းသိမ်းနိုင်တာ၄-၅ခုလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စခန်းသိမ်းနိုင်တာ ၉ ခုလောက်ရှိပါတယ်။ နောက်ပြီးတော့ မြို့ဆိုလို့ရှိရင်စစ်ဆင်ရေးတစ်ခုလုံးမှာ မြို့ပေါင်း ၂၀ လောက်သိမ်းတာမှာ ချင်းကနေပြီး ၇ မြို့လောက်ကို သိမ်းထားနိုင်ပါတယ် သူတို့ဘာသာ ဆုတ်ခွာတဲ့ စခန်းကလည်း ၁၂ ခုလောက်ရှိပါတယ်”
၂၀၂၃ အတွက် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေအတွက် ထူးခြားချက်တစ်ခုကတော့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ (MNDAA) မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ စစ်ဆင်ရေးကြီးတစ်ခု စတင်လိုက်တာပါ။
ဒီအဖွဲ့သုံးဖွဲ့က စစ်ဆင်ရေးကိုစတင်တယ်ဆိုပေမဲ့ ဒီသုံးဖွဲ့ထဲက TNLA အဖွဲ့တစ်ခုတည်းနဲ့ပဲ ၂၀၂၂ နဲ့ ၂၀၂၃ နှစ်လယ်ပိုင်းလောက်တွေမှာ စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး MNDAA ၊ AA နဲ့ စစ်ကောင်စီတို့အကြား ထိတွေ့မှု သိပ်မရှိခဲ့ပါဘူး။ စစ်ကောင်စီက AA အဖွဲ့ကိုဆို အာဏာမသိမ်းခင်က အကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ်ထားတာကနေ ပယ်ဖျက်ပေးထားပြီး အပစ်ရပ်ထားတဲ့ပုံစံဖြစ်ပါတယ်။
ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်ချိန်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်း ၂၀လောက်ကို သိမ်းလိုက်နိုင်ပြီး စစ်စကောင်စီရဲ့ စခန်းပေါင်း ၂၀၀ လောက်ကိုလည်း သိမ်းယူလိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ၂၀၂၁ ခုနှစ်တည်းက ခုခံစစ်တိုက်ပွဲတွေ ရှိခဲ့ပြီး နေ့စဥ်မပြတ်တိုက်ပွဲတွေ ဖြစ်နေတာကတော့ ကရင်နီပြည်နယ် ကယားဒေသမှာ ဖြစ်ပါတယ်။ ကရင်နီတပ်ဖွဲ့တွေအနေနဲ့လည်း ခုခံစစ်ပွဲတွေမှာ ပါ၀င်နေကြပေမဲ့ ၁၀၂၇ စစ်ဆင်ရေးတွေစတင်ပြီး နောက်ပိုင်း ၁၁၁၁ စစ်ဆင်ရေးဆိုပြီး တိုက်ပွဲပုံစံ ဖော်ဆောင်လိုက်ပါတယ်။ စစ်ဆင်ရေးစတင်ချိန်ကစပြီး စခန်းသိမ်းအောင်မြင်မှုတွေရခဲ့ပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF စစ်ဦးစီးချုပ် ခွန်းဘီထူးက ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီစခန်း အနည်းဆုံး ၈ ခုခန့် သိမ်းယူနိုင်ခဲ့တယ်လို့ နို၀င်ဘာ ၁၄ရက်နေ့က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ဒီနေ့တိုက်ပွဲက ၁၁ ရက်နေ့တုန်းကလိုပဲ မိုးဗြဲမှာတိုက်တယ် လွိုင်ကော် ပတ်၀န်းကျင်မှာတိုက်တယ် အဲ့ဒီမှာ စခန်း၉ခု ၈ခုလောက်ရတယ် တချို့စခန်းတွေက သူတို့ဆုတ်သွားတာ၊ တချို့စခန်းတွေကို ဆက်ပြီးသိမ်းဖို့ ကြိုးစားနေတာဖြစ်တယ်”
ကရင်နီတပ်ဖွဲ့တွေတိုက်ပွဲ၀င်နေတဲ့ဒေသနဲ့ တစ်ဆက်တည်း တိုက်ပွဲ၀င်နေတာကတော့ KNU ကရင်အမျိုးသားအစည်းအရုံးဖြစ်ပြီး KNU နယ်မြေအတွင်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးပြီး တိုက်ပွဲ၀င်နေပါတယ်။
KNLAတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာလည်း ၂၀၂၁ ခုနှစ်လောက်ကစပြီး စစ်ကောင်စီကို တိုက်ခိုက်ရာမှာ ၂၀၂၃ ခုနှစ်စပိုင်းကနေ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ မြို့သိမ်းတိုက်ပွဲတွေ တွေ့မြင်လာရပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းပိုင်းက ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့ကို KNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူခဲ့ပြီး မုန်းမြို့ဟာ ပဲခူးတိုင်းအတွင်းပထမဆုံးသိမ်းနိုင်ခဲ့တဲ့ မြို့ဖြစ်ပြီး မြို့အနီးတဝိုက်က စစ်ကောင်စီရဲ့ စစ်စခန်း လေးခုကိုလည်း သိမ်းနိုင်ခဲ့သလို စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး နှစ်ဦးနဲ့ တပ်သား ၁၉ ဦး လက်နက်ချခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ခုလိုစစ်ကောင်စီတပ်က လက်နက်ချလာသူတွေဟာ ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့မှာ စတင်တဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇စစ်ဆင်ရေးစတင်ချိန်နောက်ပိုင်းမှာ ပိုပြီး များလာတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ-၁၄၃ တပ်ရင်းတစ်ခုလုံး မြောက်ပိုင်းညီနောင်သုံးဖွဲ့ထံကို လက်နက်ချခဲ့ပါတယ်။
လက်နက်ချခဲ့သူတွေထဲမှာ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး နှစ်ဦး အပါအ၀င် စစ်သည်အင်အား ၄၁ ဦး ပါ၀င်ပါတယ်။ အောက်တိုဘာလ ၃၁ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၅ ဦး လက်နက်တွေနဲ့အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံကို ၀င်ရောက်ခဲ့ပါတယ်။ ခုလို မြန်မာတစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချလာတာ ပိုပြီးများလာတာ သိသာထင်ရှားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ပြောပါတယ်။
“အခုစတင်နေတဲ့ အော်ပရေးရှင်း ၁၀၂၇ နဲ့ တစ်ပြိုင်တည်းမှာပဲ တစ်နိုင်ငံလုံးမှာ ဟန်ချက်ညီ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာ ရှိတယ်။ အဲ့ဒီမှာလည်း လက်နက်နဲ့ကို အလင်း၀င်လာတာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတာ အများကြီး ရှိနေပါတယ်။ အလယ်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း အကုန်လုံးမှာ ဝင်ရောက်လာနေပါတယ်။ ဒီထက်ပိုပြီး ၀င်လာဖို့လဲ ဆက်သွယ်နေတာတွေလည်း ရှိပါတယ်။ ပြောချင်တာက ဟန်ချက်ညီစစ်ဆင်ရေးတွေကို ပိုပြီးခပ်စိပ်စိပ် လုပ်လာခဲ့မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ပိုပြီး ပြိုကွဲသွားဖို့ ရှိပါတယ်”
စစ်ကောင်စီတပ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ၁၀၂၇စစ်ဆင်ရေးစလိုက်ချိန်မှာ တစ်တပ်လုံး စိတ်ဓာတ်ရေးရာ ပျက်နေပြီလို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“၁၀၂၇ စစ်ဆင်ရေးဖြစ်လိုက်တဲ့အခါမှာ တပ်မတော်တစ်ခုလုံးစိတ်ဓာတ်ပြိုကွဲတော့မဲ့ အခြေအနေကိုဆိုက်ရောက်နေတဲ့ အနေအထားပါ။ အခုအချိန်ဟာ စစ်ကောင်စီတပ်အနေနဲ့က စိတ်ဓာတ်အကြီးအကျယ်ပျက်ယွင်းပြီးတော့ တိုက်ချင်ခိုက်ချင်တဲ့ စိတ်တွေမရှိဖြစ်နေပါတယ်။ အထက်က ခြစားနေတဲ့စစ်ဗိုလ်ချုပ်တွေအတွက် အသေမခံနိုင်ဘူး လိုအပ်ရင်လက်နက်ချမယ် ထွက်ပြေးလို့ရရင်ထွက်ပြေးမယ်ဆိုတာမျိုး အခုမင်းအောင်လှိုင်ဦးဆောင်နေတဲ့တပ်တစ်ခုလုံးမှာပျံ့ပွားနေတဲ့ အတွေးအခေါ်ပါ”
အခုလို စစ်ကောင်စီတပ်အတွင်း လက်နက်ချတာတွေများလာတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။