တိုင်းရင်းသားအဖွဲ့တွေကို နွေဦးတော်လှန်ရေးကနေ ခွဲထုတ်ဖို့ စစ်ကောင်စီကြိုးစားနေ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.03.14
တိုင်းရင်းသားအဖွဲ့တွေကို နွေဦးတော်လှန်ရေးကနေ ခွဲထုတ်ဖို့ စစ်ကောင်စီကြိုးစားနေ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရှေ့တန်းစစ်မျက်နှာတွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့က မြင်တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ။
Photo - Reuters

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့အကြမ်းဖက် ချေမှုန်းမှုတွေကို ဆန့်ကျင်ရေးအတွက်  NUG အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းတဲ့ PDF ပြည်သူ့ကာကွယ်ရေး တပ်တွေအပြင် မိမိတို့မိမိတို့ဘာသာ စုဖွဲ့ထားတဲ့ LPDF ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီကာကွယ်ရေး တပ်ဖွဲ့အများစုဟာ EAOs တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေမှာ မှီခိုနေထိုင်ရတာဖြစ်ပြီး တစ်ပြိုင်နက်မှာ NUG အစိုးရအဖွဲ့ ကိုယ်တိုင်ကလည်း တိုင်းရင်းသား ဒေသတွေမှာ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ရပ်တည်နေရတယ်လို့ ဆိုနိုင်ပါတယ်။

လက်ရှိမှာ KNU ကရင်အမျိုးသားအစည်းအရုံး၊ KIA ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတွေက NUG နဲ့ PDF ကို အတိအလင်းထောက်ခံ ကူညီနေကြတာ မြင်ရပါတယ်။ အဲဒါကြောင့် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေ LPDF တွေအကြား ညီညွတ်မှု ပျက်ပြားသွားမယ်ဆိုရင် နွေဦးတော်လှန်ရေးဟာ ရှင်သန်ဖို့ အခက်အခဲတွေ့မှာ အမှန်ပါပဲ။ ဒါကို သိတဲ့ စစ်ကောင်စီက အဲဒီအဖွဲ့တွေအကြား သွေးခွဲသပ်လျှိုမှုတွေ ဆောင်ရွက်နေပြီး တိုင်းရင်းသား အဖွဲ့တွေကို နည်းမျိုးစုံနဲ့ စည်းရုံးနေတယ်လို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ NUG ကိုမြန်မာ့နိုင်ငံရေးကဘယ်လိုနည်းနဲ့မှ ဖယ်ရှားလို့ မရဘူး၊ ဘာကြောင့်လဲဆိုရင် NUG ကို ဖယ်ရှားချင်လို့ရှိရင် ပြည်သူကို ဖယ်ရှားရမလို ဖြစ်တယ်။

စစ်ကောင်စီခေါင်းဆောင်တွေက နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ တစ်ဆက်တည်းကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သူတို့စည်းရုံး သိမ်းသွင်းနိုင်မယ်လို့ ယူဆတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို  ဖိတ်ကြားပြီး တစ်ဖွဲ့ချင်းနဲ့သီးခြား ဆွေးနွေးခဲ့ပါတယ်။

အဲဒီနေ့မတိုင်ခင်လပိုင်းတွေမှာလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စစ်ကောင်စီကိုယ်စားလှယ်တွေက တိုင်းရင်းသားခေါင်းဆောင်တွေကိုတွေ့ဆုံခဲ့တဲ့ သတင်းတွေ ရှိပါတယ်။

အခုနောက်ဆုံးလှုပ်ရှားမှုကတော့ ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က ချင်းမိုင်မြို့မှာ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီနေတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး၊ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ စတဲ့ တိုင်းရင်းသားအဖွဲ့ တချို့တွေ့ဆုံခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

အဲဒီနေ့က ဆာဆာကာဝါကို သွားရောက်တွေ့ဆုံသူတွေထဲမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာပါဝင်ကူညီနေသူတွေအဖြစ် နာမည်ထွက်နေတဲ့ ဦးလှမောင်ရွှေနဲ့ ဦးအောင်နိုင်ဦး တို့လည်း ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလှမောင်ရွှေကို RFA က ဆက်သွယ်ခဲ့ရာမှာတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားဖို့ သူက ငြင်းဆိုပါတယ်။

ဒီအတောအတွင်း ဥရောပပါလီမန်ရဲ့ မတ်လ ၁ဝ ရက်နေ့ ကြေညာချက်မှာ NUG အမျိုးသား ညီညွတ်ရေးအစိုးရ၊ CRPH ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ နဲ့ NUCC အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီတို့ကို မြန်မာပြည်သူတွေကိုယ်စားပြုတဲ့အဖွဲ့တွေအဖြစ် ထောက်ခံ အသိအမှတ် ပြုခဲ့သလို မတ်လ ၁၁ ရက်နေ့မှာ အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ ၂ဝ၂၁-၂ဝ၂၂ ဘတ်ဂျက်မှာလည်း မြန်မာပြည်အတွက် ခွင့်ပြုလိုက်တဲ့ ဒေါ်လာ ၁၃၆ သန်းကျော်ကို အသုံးပြုရာမှာ NUG, NUCC, CRPH, EAOs တွေနဲ့ တိုင်ပင်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အခုလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက NUG, CRPH, NUCC စတဲ့ အဖွဲ့အစည်းတွေကို တစ်နေ့တခြား ပိုမိုအသိအမှတ် ပြုလာနေပေမယ့် စစ်ကောင်စီဟာ ဒီအဖွဲ့အစည်းတွေကို ဆက်ဆံအသိအမှတ်ပြုခြင်း အလျဉ်းမရှိဘဲ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာ ပြောဆိုလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားအဖွဲ့တွေကို အခုလို သတိပေးခဲ့ပါတယ်။

ရွေးကောက်ပွဲမသမာမှုကစခဲ့တဲ့ တရားလက်လွတ်၊ ဥပဒေမဲ့ လုပ်ဆောင်နေကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကို ထောက်ပံ့ကူညီနေသူများ၊ ထောက်ခံ အားပေးနေသူများ အနေနဲ့ နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် အမှန်တရားကိုသိမြင်ပြီး မှားနေတာတွေကို ပြင်ဖို့အချိန် ရောက်နေပြီဆိုတာ သတိပေးလိုပါတယ်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့အနေနဲ့လည်း ဒီဆူပူ အကြမ်းဖက်မှုတွေကို လက်ခံ၊ အားပေး၊ ကူညီပူးပေါင်း လုပ်ဆောင်နေတာတွေ ရပ်တန့်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် နိုင်ငံတော်က ဖိတ်ခေါ်နေတဲ့ NCA လမ်းကြောင်းပေါ်ကို လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အခုလို အကြမ်းဖက်တွေလို့ သတ်မှတ်ပြောဆိုနေတဲ့ NUG, CRPH, NUCC နဲ့ PDF အဖွဲ့အစည်းတွေကို လက်ရှိမြန်မာပြည်ရဲ့ အခြေအနေမှာ အသိအမှတ်မပြုဘဲ နေလို့ မဖြစ်နိုင်ဘူး၊ NUG ဟာ မြန်မာ့သမိုင်းမှာ တစ်ခါမှမရှိဖူးသေးတဲ့ လူတန်းစားအလွှာပေါင်းစုံပါတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု မင်နီဆိုတားပြည်နယ် Carleton College နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာရေးရာဌာန ပါမောက္ခ ဦးထွန်းမြင့် က RFA ကိုပြောပါတယ်။

စကစ အနေနဲ့ NUG နဲ့ PDF ကို ပြည်သူတွေနဲ့ကွဲအောင်၊  EAO တွေနဲ့ ကွဲအောင် လုပ်နေတာ သိပ်ပြီးတော့ မဆန်းဘူး။ ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ NUG ကို မြန်မာ့နိုင်ငံရေးက ဘယ်လိုနည်းနဲ့မှ ဖယ်ရှားလို့ မရဘူး၊ ဘာကြောင့်လဲဆိုရင် NUG ကိုဖယ်ရှားချင်လို့ရှိရင် ပြည်သူကို ဖယ်ရှားရမလို ဖြစ်နေတယ်။ NUG ဟာ ရွေးကောက်ပွဲကိုတင် မကဘူး၊ တိုင်းရင်းသားပြည်သူ အားလုံးကို ကိုယ်စားပြုထားတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်။ အဲဒါကိုသိလို့လည်း ကုလသမဂ္ဂကနေအစ၊ အမေရိကန်၊ ဥရောပတိုက် နိုင်ငံတကာက NUG ကိုဆက်လက်ပြီး အသိအမှတ်ပြုဖို့ လုပ်နေကြတာ ဖြစ်တယ်။”

ကျနော်တို့ကြားမှာ အားနည်းချက်တွေရှိရင်တောင်မှ အဲဒီအားနည်းချက်ကို မရ ရတဲ့နည်းနဲ့ ကျနော်တို့ဖာသာ ဖြေရှင်းမယ် ကျနော်တို့သွေးကွဲဖို့ဆိုတာတော့ ဘယ်တော့မှရှိမှာမဟုတ်ဘူး။”

အခုလပိုင်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက PDF တွေကို ထောက်ခံခိုလှုံခွင့် ပေးတယ်လို့ သံသယရှိတဲ့ မြို့ရွာတွေကို နေ့စဉ်လိုလို မီးရှို့နေတာဟာ ဒေသခံပြည်သူတွေနဲ့ PDF တွေအကြား သွေးခွဲသပ်လျှိုမှုဖြစ်တယ်လို့ မကွေးတိုင်း ယောမြို့နယ် PDF ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဂျိုးဖြူက ပြောပါတယ်။

စစ်ကောင်စီဘက်က ကျနော်တို့အချင်းချင်း သပ်လျှိုသွေးခွဲမှုတွေကို ပေါ်ပေါ် ထင်ထင်ကို လုပ်လာပြီ ဖြစ်တဲ့အတွက်တော့ ကျနော်တို့အတော် သတိကြီးကြီး ထားပြီး လုပ်ဆောင်ရမယ့် သဘောရှိတယ်။ ရွာလုံးကျွတ်မီးရှို့တာတွေကို သူတို့လုပ်ပြတယ်။ လုပ်ပြပြီးတော့ တခြားရွာတွေကို ဘယ်လိုသွားပြောသလဲဆိုတော့ အဲဒီလိုမင်းတို့ လုပ်ရင် မင်းတို့ရွှာကိုလည်း မီးရှို့မယ်၊ မင်းတို့မီးရှို့မခံချင်ရင် ငါတို့နဲ့ ပူးပေါင်းရမယ်။”

လူမှုစာမျက်နှာတွေမှာ မကြာခဏတွေ့နေရတဲ့ ရေးသားချက်တစ်ခုကတော့ NUG အနေနဲ့ PDF တွေကို ထိရောက်စွာကူညီခြင်း မရှိဘူးဆိုတဲ့ စွပ်စွဲချက်ပါ။  အဲဒီစွပ်စွဲချက်ရဲ့ နောက်ကွယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ပယောဂလည်းပါဝင်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် က RFA ကို ပြောပါတယ်။

ပြောနေတဲ့သူတွေထဲမှာ စစ်ကောင်စီက ဝါဒဖြန့်တဲ့သူတွေတင်မဟုတ်ဘူး ဒီမိုကရေစီ ဘက်တော်သားထဲက NUG အပေါ် အထင်အမြင်လွဲနေတဲ့သူတွေတောင် ပါတယ်လို့ ပြောလို့ရတယ်။ (ကျနော်တို့ထံက အကူအညီ)မရသေးတဲ့ အဖွဲ့တချို့တော့ ကျန်ကောင်း ကျန်နိုင်တယ်။ (အဲဒီအဖွဲ့တွေ) မရသေးဘူးဆိုတာကလည်း အကြောင်းအချက်တွေ အများကြီးရှိတာပေါ့။ ဒီကိစ္စတွေက အသေးစိတ် ပြောဖို့တော့ ခက်တာပေါ့။ ကျနော်တို့က စစ်မဟာဗျူဟာအရ စီမံချက်အရ ဦးစားပေးပြီး တပ်ဆင်ရတဲ့ ဒေသတွေ ရှိတယ် တပ်ဖွဲ့တွေ ရှိတယ်။  ဖွဲ့စည်းပေါ်ပေါက်ထားတဲ့အဖွဲ့တွေ အားလုံးကို တစ်ပြိုင်တည်း တပ်ဆင်ပေးဖို့ဆိုတာတော့ ကျနော်တို့မှာ အကန့်အသတ်ရှိတာပေါ့။”

IMG003.JPG
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ။ (Photo - Reuters)

KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကတော့ သူတို့အနေနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ လှည့်စားမှုတွေကို ၇၅ နှစ်လောက် အတွေ့အကြုံ ရှိခဲ့ပြီးပါပြီ။ အခုတော့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ဘုံရည်မှန်းချက် တူတဲ့ NUG နဲ့ရော NUCC နဲ့ပါ အပြည့်အဝပူးပေါင်းဆောင်ရွက်နေတယ်၊ စစ်ကောင်စီနဲ့တော့ သူတို့ ဘာမှဆွေးနွေးစရာ အကြောင်း မရှိပါဘူး၊ မတ်လ ၁ဝ ရက်နေ့က ဆာဆာကာဝါနဲ့ တွေ့ဆုံပွဲမှာလည်း သူတို့ဒေသဖွံ့ဖြိုးရေး ကိစ္စတွေပဲ ဆွေးနွေးခဲ့တယ်လို့ RFA ကိုပြောပါတယ်။

ကျနော်တို့ အဲဒီနေ့က ဆာဆာကာဝါနဲ့တွေ့တာပဲရှိတယ်။ အဲဒီက တခြား ဟိုလူ ဒီလူတွေနဲ့ တွေ့တာမရှိဘူး၊ ကျနော်တို့ ဆာဆာကာဝါနဲ့ဘာကြောင့်တွေ့ရသလဲဆိုတော့ သူကလူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ကျနော်တို့ ကရင်နီက ပညာရေးအတွက် သူက ထောက်ပံ့ထားတယ်။ အဲဒီအတွက် ကျနော်တို့က ဆက်ဆံရေးမပျက်အောင်သွားတွေ့တာပဲ ရှိတယ်။ ကျန်တဲ့နိုင်ငံရေး အခြေအနေ ဘာတစ်ခုမှ ဆွေးနွေးခဲ့တာမရှိဘူး။ သူကပြောရင်လည်း အဲဒီနိုင်ငံရေး အကြောင်းအရာတွေကို ကျနော်တို့က လက်ခံပြီး ဆွေးနွေးဖို့ သဘောထားမရှိဘူး။”

စစ်ကိုင်းတိုင်းက နာမည်ကျော် PDF အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးကလည်း စစ်ကောင်စီအနေနဲ့ သူတို့နဲ့ NUG အကြား သွေးကွဲအောင် အစွမ်းကုန် ကြိုးစားမှာပဲလို့ ပြောပါတယ်။

“NUG နဲ့ ကျနော်တို့ PDF တွေ ပြည်သူ့တော်လှန်ရေးတပ်တွေဆိုတာ ခေါင်းနဲ့ကိုယ်လိုပဲ၊ ခေါင်းမရှိရင် ကိုယ်ကအသက်မဝင်သလို၊ ကိုယ်မရှိရင်လည်း အဲဒီခေါင်းက အသက်မဝင်ဘူး။ ကျနော်တို့ကြားမှာ အားနည်းချက်တွေရှိရင်တောင်မှ အဲဒီအားနည်းချက်ကို မရ ရတဲ့နည်းနဲ့ ကျနော်တို့ဖာသာ ဖြေရှင်းမယ် ကျနော်တို့ သွေးကွဲဖို့ဆိုတာတော့ ဘယ်တော့မှရှိမှာမဟုတ်ဘူး။”

IMG001.JPG
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရှေ့တန်းစစ်မျက်နှာတွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က မြင်တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်များ။ (Photo - Reuters)

အစဉ်အလာအားဖြင့် မြန်မာပြည်ကို အစဉ်အဆက်အုပ်ချုပ်ခဲ့တဲ့ စစ်တပ် ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုတဲ့ခေါင်းစဉ်တွေတပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို စည်းရုံးလေ့ရှိပါတယ်။ ဥပမာအားဖြင့် BCP ဗမာပြည်ကွန်မြူနစ်ပါတီကို ဖြိုခွဲဖို့အတွက် သူတို့နဲ့ ပူးပေါင်းနေတဲ့ ကိုးကန့်နဲ့ ဝ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ခေါင်းဆောင်တွေက ၁၉၈၉ ခုနှစ်မှာ အထူးဒေသတွေ ထူထောင်ခွင့်ပြုကာ စည်းရုံးပြီး စီးပွားရေးလုပ်ငန်းတွေ လွတ်လပ်စွာ လုပ်ခွင့်ပေးခဲ့တယ်လို့ တရုတ်နိုင်ငံရှိ BCP ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

ကျမတို့ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကို ၁၉၈၉ ခုနှစ် ၁ လပိုင်းကစပြီး ကိုးကန့် တို့ မုန်းကိုးတို့က တော်လှန်တာပေါ့၊ ပြီးတော့မှ “ဝ”က ဧပြီမှာတော်လှန်တယ်။ အဲဒီဒေသခံခေါင်းဆောင်တွေကို စီးပွားရေး လုပ်ပိုင်ခွင့် အကုန်လုံးပေးလိုက်တာ။ လုပ်ချင်တာလုပ်ဆိုပြီး အဲဒီမှာ ဘိန်းတွေ အကြီးအကျယ်ဖြစ်သွားတာပဲ။ အဲဒီတုန်းကတော့ ဗိုလ်ခင်ညွန့် လက်ချက်ပဲ။”

၁၉၉၄ ခုနှစ်မှာ KNU ကနေ DKBA ခွဲထွက်ခဲ့မှုရဲ့နောက်ကွယ်မှာလည်း အဲဒီအချိန်က မြန်မာစစ်တပ် ခေါင်းဆောင်တွေရဲ့ သပ်လျှိုသွေးခွဲမှုပါဝင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။ KNU တပ်မဟာ ၅ ရဲ့တပ်မဟာမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် စောမူဟဲ က တိုင်းရင်းသားအဖွဲ့တွေကို စစ်ကောင်စီက အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်မှုတွေဟာ PDF တွေကို ချေမှုန်းဖို့သာ ဖြစ်တယ်လို့ မကြာခင်ရက်ပိုင်းအတွင်းက ပြောခဲ့ပါတယ်။

ဒေါက်တာလှကျော်ဇောကတော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖြိုခွဲဖို့အတွက် အချိုသတ်တဲ့နည်းရော ခြိမ်းခြောက်တဲ့ နည်းပါ သုံးခဲ့တယ်လို့ ထောက်ပြပါတယ်။

စစ်အာဏာရှင်ဘက်က ကျမတို့အချင်းချင်းကြားမှာ သပ်အမျိုးမျိုးသွင်းမှာဘဲ။ နည်းအမျိုးမျိုးနဲ့ ဖြိုခွဲမှာဘဲ။ ဒါကို ကျမတို့ကြံ့ကြံ့ခိုင်နိုင်ဖို့လိုတယ်။ ပြောသမျှ ဆိုသမျှ သွေးခွဲသမျှတွေကို မြင်တတ်ဖို့လိုတယ်။”

NUG ခေါင်းဆောင်တွေ၊ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေ၊ PDF နဲ့ LPDF ခေါင်းဆောင် တွေကပါ စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကို ချေမှုန်းဖို့အတွက် သွေးခွဲမှုတွေ၊ ခြိမ်းခြောက် စည်းရုံးမှုတွေကို တစ်နေ့တခြား ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။ အခုလိုဝေဖန်ပြောကြားချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။