ကုလအသိအမှတ်ပြု မြန်မာဒုက္ခသည်တချို့ကို တောင်ကိုရီးယားလက်ခံနိုင်ဖွယ်ရှိ

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2025.02.27
ကုလအသိအမှတ်ပြု မြန်မာဒုက္ခသည်တချို့ကို တောင်ကိုရီးယားလက်ခံနိုင်ဖွယ်ရှိ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် အာရှအားကစားပွဲမြင်ကွင်းတစ်ခု။
Photo: AFP

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ပြီး နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ရသူတွေနဲ့ မိသားစုဝင်တချို့ကို တောင်ကိုးရီးယားအစိုးရက စိစစ်ပြီးခေါ်ယူဖို့ စီစဉ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

လူဦးရေ လေးဆယ်ကနေ ငါးဆယ်အထိခေါ်မယ်လို့သိထားတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း က RFA ကို ပြောပါတယ်။

“အထူးသဖြင့် ပြောရရင်တော့ မြန်မာ့နွေဦးတော်လှန်ရေးကို တစ်ဖက်တစ်လမ်းကနေ သူတို့ အသိအမှတ်ပြုတယ် ဆိုတာရယ်။ နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်တဲ့ မြန်မာဒုက္ခသည်တွေကို တတ်နိုင်တဲ့ဘက်ကနေ ကိုရီးယားအစိုးရက ကူညီစောင့်ရှောက်မယ်ဆိုတဲ့ သဘောထားအမြင်ရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်” 

ဒီလိုခေါ်နိုင်ဖို့အတွက် တောင်ကိုရီးယားတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလက ထိုင်း - မြန်မာနယ်စပ်ကိုသွား‌ပြီး ကွင်းဆင်းလေ့လာတာတွေရှိခဲ့တယ်လို့လည်း ဦးရန်နိုင်ထွန်းက ပြောပါတယ်။ အဲဒီလူတွေကို တောင်ကိုရီးယားနိုင်ငံရဲ့ မြို့သစ်တစ်မြို့က စိုက်ပျိုးရေးနဲ့သတ္တုထုတ်လုပ်ရေးတွေမှာ အလုပ်လုပ်ခွင့်ရအောင် စီစဉ်ပေးပြီး အ‌ခြေချနေထိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်သွားမယ်လို့ ကြားသိထားတဲ့အကြောင်းလည်း ဦးရန်နိုင်ထွန်းက ပြောပါတယ်။

စစ်ကောင်စီကို ထောက်ပံ့နေတာတွေ ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုနေကြသည့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဆိုးလ်မြို့၊ တရုတ်သံရုံးရှေ့တွင်  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: MFDMC)
စစ်ကောင်စီကို ထောက်ပံ့နေတာတွေ ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုနေကြသည့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဆိုးလ်မြို့၊ တရုတ်သံရုံးရှေ့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: MFDMC)

မြန်မာဒုက္ခသည်တွေကို ခေါ်မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့တရားရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ... ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက အသိအမှတ်ပြုထားတဲ့ နိုင်ငံတကာဒုက္ခသည်တွေ ဘဝအသစ်ပြန်လည်ထူထောင်နိုင်အောင် တတိယနိုင်ငံကို ပို့တဲ့အစီအစဉ်မှာ တောင်ကိုးရီးယားအနေနဲ့ ပါဝင်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်ကနေ အခုအထိ ဆယ်နှစ်အတွင်းမှာ ကမ္ဘာအရပ်ရပ်ကဒုက္ခသည် ၂၅၀ ကိုလက်ခံခဲ့ပြီး အဲဒီအထဲမှာ ၂၂၇ ယောက်က မြန်မာနိုင်ငံက ဖြစ်တယ်လို့လည်း ပြောပါတယ်။ အခုလတ်တလောမှာတော့ ဘယ်နိုင်ငံကဒုက္ခသည်တွေကို ခေါ်မယ်ဆိုတာ ပြည်တွင်းဌာနဆိုင်ရာတွေအနေနဲ့ တိတိကျကျ မသတ်မှတ်ထားသေးဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။

တောင်ကိုရီးယားအစိုးရက ကူညီနေတဲ့ ဒီအစီအစဉ်အတွက် ကြိုဆိုပါတယ်လို့ တောင်ကိုရီးယားနိုင်ငံရောက် (CDM) ဗိုလ်ကြီးလင်းထက်အောင်က RFA ကို ပြောပါတယ်။

“မြန်မာနိုင်ငံအတွက်လည်း သူတို့တတ်နိုင်တဲ့နေရာကနေပြီးတော့ ပြန်ပြီးအကျိုးပြုနိုင်မဲ့ အစီအစဉ်လေးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ကြိုဆိုတယ်။ လာရောက်ခွင့်ရမဲ့သူတွေအတွက်လည်း ဝမ်းပန်းတသာနဲ့ သတင်းကောင်းလေးတစ်ခုဖြစ် မှတ်ယူပြီး ကြိုဆိုပါတယ်ခင်ဗျာ။ တဖြည်းဖြည်းနဲ့ ကိုရီးယားအနေနဲ့ အခုကတော့ ဆယ်ဂဏန်းကနေပြီးတော့ တဖြေးဖြေးထပ်တိုးခေါ်မယ်လို့တော့ သတင်းတွေအရ သိရတယ်။ ဒီထက်လည်း ပိုပြီးတော့ ခေါ်ဖို့အတွက် ကျွန်တော်တို့ မျှော်လင့်မိပါတယ်ဗျာ” 

တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာပြည်က တိုင်းရင်းသားဒုက္ခသည်တွေကို လက်ခံခဲ့တာရှိပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ပြီး နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေကို လက်ခံမယ်ဆိုရင် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်မယ်လို့ တောင်ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က ပြောပါတယ်။

“လက်ရှိ မြန်မာနိုင်ငံရဲ့ အခက်အခဲကို တောင်ကိုရီးယားက ကူညီဆောင်ရွက်ပေးတဲ့နေရာမှာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှု တစ်စိတ်တစ်ပိုင်းလို့လည်း ပြောလို့ရပါတယ်ဗျာ့။ ဘာလို့လဲဆိုတော့ ဒီထွက်ပြေးလာတဲ့သူတွေ လုံခြုံတဲ့နေရာ တတိယနိုင်ငံရောက်သွားတဲ့သူတွေ ဒီနိုင်ငံမှာ ကောင်းကောင်းမွန်မွန် အန္တရာယ်ကင်းကင်းနဲ့ နေထိုင်နိုင်မယ်။ ပြီးတော့မှ ဆောင်ရွက်လုပ်ကိုင်နိုင်မယ်ဆိုရင် နွေဦးတော်လှန်ရေးအတွက်ကိုလည်း သူတို့ ပြန်ပြီးအထောက်အကူပြုနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”


ဆက်နွှယ်သောသတင်းများ

စစ်ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့ တောင်ကိုရီးယားမှာ ဆန္ဒပြတောင်းဆို

မြန်မာတွေကို ဗီဇာသက်တမ်းတိုးပေးမယ်လို့ တောင်ကိုရီးယားတရားရေးဌာန ထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံသားတွေ ရှမ်းနဲ့ကယားပြည်နယ်ကို ခရီးမသွားကြဖို့ ပိတ်ပင်


တောင်ကိုရီးယားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက ပတ်စပို့စ်သက်တမ်းကုန်သွားတဲ့သူတွေ ဘေးအန္တရာယ်ကင်းပြီး လုံလုံခြုံခြုံနေနိုင်အောင် ကူညီပေးမယ်လို့ တောင်ကိုရီးယားအစိုးရတရားရေးဝန်ကြီးဌာနက ဒီနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့အနှစ်သုံးဆယ်အတွင်း မြန်မာ၊ အီသီယိုးပီးယား၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ရုရှား၊ ကာဇက်စတန်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေ နိုင်ငံရေးခိုလှုံခွင့်တောင်းကြပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၄၇၄ ယောက်ကို အသိအမှတ်ပြုထားတဲ့အကြောင်း တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနရဲ့ အချက်အလက်ကို ကိုးကားပြီး The Korea Times သတင်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ကဖော်ပြထားပါတယ်။ 

အဲဒီစာရင်းအရ တောင်ကိုရီးယားအစိုးရက ခိုလှုံခွင့်ပေးတဲ့သူတွေထဲမှာ မြန်မာနိုင်ငံက အများဆုံးဖြစ်တာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။