မဲဆောက်မြို့က CDM ဝန်ထမ်းတွေ အခက်အခဲကြုံနေ
2024.01.24

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေထိုင်နေကြချိန်မှာ ထိုင်းအာဏာပိုင်က မကြာခဏ ဖမ်းဆီးတာနဲ့ ကြုံနေရတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာပါဝင်တဲ့ CDM ပညာရေးဝန်ထမ်းတွေက ပြောကြပါတယ်။
သူတို့ဟာ မဲဆောက်မြို့ကို ၂၀၂၂ ခုနှစ် မေလမှာ စတင်ရောက်ရှိခဲ့ပြီး UNHCR မှာ ဒုက္ခသည်တွေအဖြစ် လျှောက်ထားခဲ့ပါတယ်။ UNHCR ကလည်း သူတို့ ကိုယ်ရေးအချက်အလက်တွေကို သိမ်းထားမယ်လို့ အကြောင်းပြန်ပြီး အခက်အခဲကြုံရင် ဖုန်းဆက်အကြောင်းကြားဖို့ ပြောကြားခဲ့တယ် လို့ပြောပါတယ်။
ဒုက္ခသည်တွေဖြစ်ပေမဲ့ မဲဆောက်မြို့ရောက်မြန်မာနိုင်ငံသားအများစုဟာ နေ့စဉ် နေထိုင်စားသောက်ဖို့အတွက် အလုပ်လုပ်ကြရပါတယ်။ မဲဆောက်မြို့မှာ နေထိုင်ခွင့်ရဖို့ လူတစ်ယောက်ချင်းစီ လစဉ်ကြေးပေးဆောင်နေရပြီး ဝင်ငွေရှာဖို့ ဆိုင်ကယ်၊ ကား စတာတွေ မောင်းခွင့်ရဖို့အတွက်လည်း လစဉ်ကြေးပေးဆောင်ရပြီး ဈေးရောင်းမယ်ဆိုရင်တောင် ပွဲစားတွေကနေတစ်ဆင့် ထိုင်းအာဏာပိုင်တွေဆီ အခပေးရပ်တည်နေကြရတာပါ။
ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ရန်ကုန်တက္ကသိုလ်က CDM ကထိကတစ်ဦးဖြစ်တဲ့ ဒေါ်စန္ဒာ (အမည်လွှဲ) က ပြောပါတယ်။
"ကျွန်မအမျိုးသား မဲဆောက်မြို့ထဲမှာပဲ အဖမ်းခံရတယ်၊ လိုင်းကြေးလုပ်ထားတဲ့ပွဲစားကို ဖုန်းဆက် အကြောင်းကြားတယ်၊ အခုပေးထားတဲ့လိုင်းကြေးက အကျုံးမဝင်ဘူး၊ ပိုက်ဆံပေးထားလည်း အလကားပဲ အဖမ်းခံရမှာပဲ ဆိုတဲ့ အနေအထားပေါ့၊ အဲဒီတုန်းက ဘတ်ငါးသောင်းတောင်းတယ်၊ နယ်ခြားစောင့်စခန်းလို့ ပြောရမလား၊ သူတို့ရုံးထိုင်တဲ့ နေရာလေးကိုခေါ်သွားတယ်၊ အသိတစ်ယောက်ကိုပဲ ဖုန်းဆက်ပြီးတော့ ပိုက်ဆံလှမ်းမှာတယ်၊ အဲဒီအသိကပဲ ပိုက်ဆံပေးလိုက်တဲ့အခါမှာ လူရောကားရော အန္တရာယ်ကင်းကင်းနဲ့ ပြန်လာရတယ်၊ ပိုက်ဆံတော့ ပေးခဲ့ရတယ်ပေါ့၊ အဲလိုဖြစ်ပြီးတဲ့နောက်ကာလတွေမှာလည်း ပံမှန်အတိုင်းပဲ လစဉ်ကြေးသွင်းပြီးတော့ မောင်းလာခဲ့တယ်၊ ခုနောက်တစ်ကြိမ်ဖြစ်တာကတော့ ခရီးသည် အဲလိုပဲသွား ကြိုတယ်၊ လမ်းမှာ ရဲနဲ့တွေ့တယ် မဲဆောက်မြို့ထဲမှာပဲ၊ ကားကိုရပ်ခိုင်းပြီးတော့ ကားပေါ်မှာပါတဲ့ လူနှစ်ယောက်နဲ့ ကားမောင်းတဲ့ကျွန်မအမျိုးသားရဲ့ဖုန်းကို သိမ်းလိုက်တယ်၊ သိမ်းပြီးတော့ ကားပေါ်ကိုရဲတစ်ယောက် တက်လိုက်လာပြီး တခါတည်းရဲစခန်းကို မောင်းခိုင်းတယ်၊ အခန်းတစ်ခန်းထဲမှာ သူ့ကို ထည့်ထားတယ်၊ ပါလာတဲ့ လူနှစ်ယောက်ကိုလည်း သက်သက်ခွဲထားတယ်၊ အမျိုးသားကိုလည်း လက်ထိပ်ခတ်ထားတယ်၊ စကားပြန်ကပဲအဓိက ပြောပေးတာပေါ့၊ အခုသူ့ကို ကယ်ရီမှုနဲ့ဖမ်းလိုက်ပြီ၊ ဒဏ်ငွေက တစ်သိန်း ထောင်ဒဏ်က ဆယ်နှစ်၊ ဒဏ်ငွေတစ်သိန်းက ကျွန်မတို့မရှိပါဘူးဆိုတော့ စကားပြန်က သူညှိပေးမယ် ဆိုပြီး ရဲတွေနဲ့စကားပြောတယ်၊ ဒဏ်ငွေတစ်သိန်းကနေ တဖြည်းဖြည့်လျော့လာပြီး ခုနစ်သောင်းခွဲ၊ ငါးသောင်း၊ ငါးသောင်းဆိုပေမယ့်လည်း တကယ်တော့ ပေးစရာမရှိပါဘူး။’’
ဆရာမ ဒေါ်စန္ဒာရဲ့အမျိုးသားဟာ ပွဲစားကတစ်ဆင့် ထိုင်းရဲကို လိုင်းကြေးပေးပြီး မဲဆောက်မြို့တွင်း အဌားကားမောင်း ဝင်ငွေရှာနေသူဖြစ်ပါတယ်။ ဒီအခက်အခဲတွေ မကြာမကြာ ကြုံနေကြရလို့ အကာအကွယ်ပေးစေချင်တဲ့ဆန္ဒနဲ့ မဲဆောက်မြို့မှာရှိတဲ့ UNHCR ကို ဒီလ ၁၈ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ သွားရောက်ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တစ်စုံတစ်ရာ မထူးခြားသေးလို့ UNHCR က ကာကွယ်စောင့်ရှောက်သင့်တယ်လို့ ရန်ကုန်တက္ကသိုလ်က ကထိကနောက်တစ်ဦးဖြစ်တဲ့ ဒေါ်သီတာ (အမည်လွှဲ) ကလည်းဆိုပါတယ်။
"ကျွန်မတို့ ထွက်လာကတည်းက ဒီဘက်ရောက်ပြီးတော့ လုံခြုံမှုတစ်ခုရဖို့ UNHCR ဆီ စာရေးပြီးတင်ထားပြီး ကတည်းက သူတို့က ဖုန်းနဲ့ ပထမတစ်ကြိမ်ခေါ်တယ်၊ အဲဒီတုန်းကပြောထားခဲ့တယ် ရဲဖမ်းမိတဲ့အခါ ဖုန်းဆက်ပါ၊ တကယ်တမ်း ရဲဖမ်းမိတဲ့အခါ ဖုန်းဆက်တော့ မကိုင်ဘူးလေ၊ ကိုယ်လည်း ဘာမှလုပ်လို့မရဘူး၊ နောက်ဆုံးတော့ ငွေနဲ့ပဲ ဖြေရှင်းရတဲ့ အခြေအနေမျိုးကျတော့ သူ့အပေါ်မှာ ယုံကြည်မှုက အပြည့်အဝမရှိတော့ဘူး၊ သူက ဘာလုပ်ပေးမှာလဲ၊ ဒါဆို ကျွန်မတို့ကို အင်တာဗျူးလုပ်တုန်းက ကျွန်မတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ ဖြစ်စဉ်တွေကို သိမ်းထားပေးပါမယ်လို့ ဘာလို့ပြောခဲ့သေးလဲ၊ ဒီအချက်အလက်တွေကို ထိုင်းအစိုးရကိုပေးမယ်လို့ ဘာလို့ ခွင့်ပြုချက်တောင်းခဲ့သေးလဲပေါ့နော်၊ အဲဒီတုန်းက ကျွန်မတို့က နိုင်ငံမဲ့ ပြည်တွင်းကိုပြန်မယ်ဆိုရင်လဲ အသက်အန္တရာယ် စိုးရိမ်ရတယ်၊ ဒီမှာနေတော့လည်း အကုန်လုံးကို ကြောက်နေရတယ်၊ တစ်ခုတည်းသော ယုံကြည်ရတယ်ဆိုတဲ့ UNHCR ကို စာရေးပြီးအကူအညီ တောင်းခဲ့ပေမဲ့ တစ်ခုခုပေါ့နော်၊ ကျွန်မတို့ အခုလို ခံစားနေရတဲ့ဟာကို ဘဝတူတွေရှိတဲ့ သူတွေကို တစ်ခုခုလေးတော့ ကာကွယ်စောင့်ရှောက်မှုလေးတော့ ပေးသင့်တယ်လို့ ထင်တယ်။’’
ကထိက ဒေါ်သီတာဟာ ထမင်းဟင်းချက်ပြုတ်ပြီး အွန်လိုင်းကနေရောင်းချနေပြီး သူ့အမျိုးသားက ဆိုင်ကယ်နဲ့ အော်ဒါလိုက်ပို့ပေးရင်း ဝင်ငွေရှာနေကြတာပါ။
အထောက်အထားမဲ့သူတွေအဖြစ် နေထိုင်ရင်း အချိန်ကြာလာတာနဲ့အမျှ မိသားစုရှေ့ဆက်ရပ်တည်ရေး ခက်ခဲလာတယ်လို့လည်း အလယ်တန်းပြဆရာတစ်ဦးဖြစ်တဲ့ ဆရာ ဦးမောင်နှင်း (အမည်လွှဲ) က ပြောပါ တယ်။
"UNHCR ပေါ့နော်၊ သူတို့က ဒုက္ခသည်တွေ ကူညီမယ်ဆိုပြီးတော့ပြောတယ်၊ ကူညီဖို့ဆိုပြီးအဖွဲ့တွေ ဖွဲ့ထားတယ်ပေါ့လေ၊ ဒါပေမဲ့လို့လဲ တကယ်ဒုက္ခရောက်နေသူတွေကို မကူညီဘဲနဲ့ လျစ်လျူရှုပြီးတော့ ဘယ်လိုလူမျိုးတွေကို ကူညီနေတာလည်းဆိုတဲ့ မေးခွန်းကိုပဲ ကျွန်တော်ပြန်ပြီးတော့ UNHCR ကို မေးခွန်းပြန်ထုတ်ချင်ပါတယ်၊ ကျွန်တော့်ရဲ့ခံစားချက်က နိုင်ငံမဲ့ဖြစ်နေတာကို လောလောဆယ်မှာ ကျွန်တော့်ရဲ့ စိတ်ခံစားချက်က ဘာဖြစ်နေလဲဆိုတော့ ကျွန်တော့်ရဲ့မိတ်ဆွေတွေက မေးတယ်ပေါ့၊ နင်တို့ လင်မယားနှစ်ယောက်တည်း ကလေးမယူဘူးလားပေါ့၊ မယူပါဘူးလို့၊ ဘာဖြစ်လို့ မယူတာလည်းပေါ့၊ ကျွန်တော့်ရဲ့သားလေးကို ကျွန်တော့်လို နိုင်ငံမဲ့ဖြစ်မှာစိုးလို့ မယူတာပါလို့၊ အဲဒါ ကျွန်တော့်ရဲ့ခံစားချက်ပေါ့။’’
ဒီလို အခက်အခဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေရတာမို့ မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသားမိသားစုတွေအားလုံးကို UNHCR ကအကာအကွယ်ပေး စေချင်တယ်လို့လည်း ဆိုကြပါတယ်။
ဒါတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက်တဲ့ UNHCR ကို အီးမေးလ်ကနေ ဆက်သွယ်တဲ့အခါ အလိုအလျောက်ဖြေကြားပေးတဲ့ အီးမေးနဲ့သာအကြောင်းပြန်ထားပြီး ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ပေမဲ့လည်း ဆက်သွယ်လို့ မရပါဘူး။
နယ်စပ်ဒေသတွေမှာ မြန်မာဒုက္ခသည်တွေ၊ CDM ဝန်ထမ်းတွေရဲ့ဒုက္ခတွေ ဘယ်လိုဖြေရှင်းမလဲလို့ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံဖြစ်မြောက်ရေးကော်မတီကို RFA က ဆက်သွယ်မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာလွမ်းဝေက အခုလိုပြောပါတယ်။
"စစ်ကောင်စီကို ဆန့်ကျင်ပြီး နယ်စပ်ရောက်နေတဲ့ CDM တွေ အများကြီးရှိတယ်၊ ဒုက္ခသည်တွေ အများကြီးရှိတယ်၊ UNHCR ကို သွားလို့မရဘူး၊ ဒါတွေ ကျွန်တော်တို့သိတယ်၊ ဒီအခက်အခဲတွေ ဘယ်လိုဖြေရှင်းမလဲပေါ့၊ ကျွန်တော်တို့မှာ ဖြေရှင်းစရာ နှစ်နည်းပဲရှိတယ်၊ တစ်နည်းက ကိုယ်တိုင်လုပ်မလား၊ နောက်တစ်နည်းက အမျိုးသားညီညွတ်ရေးအစိုးရကို တိုက်တွန်းတောင်းဆိုမလားပေါ့၊ အဲတော့ ကျွန်တော်တို့ သုံးနှစ်တာကာလအတွင်းမှာ တိုက်တွန်းတောင်းဆိုမှုတွေ အများကြီးလုပ်ခဲ့ပြီးပြီ၊ သို့ပေမဲ့ ဒီအခက်အခဲတွေက ရှိနေတုန်းပဲ၊ CDM တွေ ဒီဒုက္ခတွေ ခံစားနေရတုန်းပဲ၊ တစ်ချို့ဒုက္ခတွေက တော်လှန်ရေးနဲ့ဆက်နွယ်ပြီးတော့ ကြံ့ကြံ့ခံရမဲ့ ဒုက္ခတွေဖြစ်တယ်၊ တစ်ချို့ ကိစ္စတွေကတော့ ဖြေရှင်းလိုက်လို့ရတဲ့ကိစ္စတွေလို့မြင်တယ်၊ သို့ပေမဲ့ ဒီဟာတွေကို ဘယ်လိုပုံစံကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ အားလုံးက ညီလာခံက ဆုံးဖြတ်မှာဖြစ်တယ်၊ ကျွန်တော်တို့ ဖြစ်မြောက်ရေးကော်မတီမှာ ဒါတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ခွင့်လည်း မရှိဘူး၊ ဒါတွေအကုန်လုံးက ညီလာခံကိုတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအကုန်လုံးရဲ့ သဘောဆန္ဒပဲ၊ ဒါတွေကို ဘယ်လိုကိုင်တွယ်ကြမလဲ ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ဟာကို ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအားလုံးရဲ့ သဘောဆန္ဒအတိုင်းပဲ ဆုံးဖြတ်မှာမို့ ညီလာခံရလဒ်အပြီး သတင်းစာရှင်းလင်းပွဲကျမှ တိတိကျကျပြောနိုင်လိမ့်မယ်လို့ မြင်ပါတယ်ခင်ဗျ။’’
စစ်မှန်ကောင်းမွန်တဲ့ ဝန်ထမ်းစနစ်ပေါ်လာဖို့၊ တိုင်းသစ်ပြည်သစ်မှာ စနစ်ပြောင်းခေတ်ပြောင်းဖို့ CDM လုပ်ခဲ့ကြတာဖြစ်တဲ့အတွက် လက်ရှိ CDM ဝန်ထမ်းတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ရေး ဒီညီလာခံကနေတစ်ဆင့် အကောင်အထည်ဖော်နိုင်အောင် ကြိုးစားနေတယ်လို့ ဒေါက်တာလွမ်းဝေက ပြောဆိုခဲ့ပါတယ်။