တိုင်းရင်းသားတွေအပေါ် သံသယမရှိဖို့ SNLD ပါတီ ပြော


2018.10.26
khuntunoo-snld-622.JPG ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းခန်းမမှာ ကျင်းပတဲ့ SNLD ကျားခေါင်းပါတီ နှစ် ၃၀ ပြည့်တဲ့ အခမ်းအနားမှာ ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - စိုင်းကျော်ညွန့်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိသွား မှာဖြစ်သလို ပြည်ထောင်စုဖြစ်တည်မှုကို ထိခိုက်အောင်လုပ်ဆောင်မှာ မဟုတ်တဲ့အတွက် သံသယစိတ်တွေနဲ့ မကြည့်ဖို့ ဒီနေ့ကျင်းပတဲ့ ပါတီရဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာ ပါတီတာဝန်ရှိသူတွေက တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နဲ့ SSPP နာယက ဗိုလ်ချုပ် ဆေထင်တို့ရဲ့ ပြောစကားတွေကို RFA သတင်းထောက် မဝေမာထွန်း ကောက်နှုတ်တင်ပြထားပါတယ်။

သံသယတွေ၊ မယုံကြည်မှုတွေနဲ့ အမြင်ခံခဲ့ရတာ ပါတီသက်တမ်း နှစ် ၃၀ ကိုရောက်ရှိလာခဲ့ပြီး ဒီနေ့လို အခမ်းအနားကို အစိုးရတာဝန်ရှိသူတွေ သံသယကင်းကင်းနဲ့ လာရောက်ပေးတဲ့အတွက် ဝမ်းမြောက်ကြောင်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က သူရဲ့ နှုတ်ခွန်းဆက်မိန့်ခွန်းမှာ အထပ်ထပ်အခါခါ ပြောခဲ့ပါတယ်။

ပြည်ထောင်စုကိုဖြိုခွဲပြီး ငြိမ်းချမ်းရေးကိုမလိုလားတဲ့လူတွေဆိုပြီး SNLD ပါတီဝင်တွေကို သင်္ကာမကင်းဖြစ်နေကြ သူတွေ အများအပြားရှိတယ်လို့လည်း ပြောပါတယ်။

တကယ်တမ်းတော့ ၁၉၄၇ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တုန်းက အားလုံးလက်တွဲပြီး ထူထောင်မယ်ဆိုတဲ့ ပြည်ထောင်စု ပုံစံနဲ့ ကွဲလွဲနေတဲ့အတွက် ပါတီအနေနဲ့ ပြောနေရတာဖြစ်ပြီး သဘောထား မတူတာကြောင့် သစ္စာဖောက်တယ် လို့တော့ မသတ်မှတ်စေချင်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ပါတီအနေနဲ့ လူပုဂ္ဂိုလ်ကို အခြေခံတဲ့ပါတီပုံစံထက် မူဝါဒကိုအခြေခံတဲ့ပါတီဖြစ်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က အခုလို ပြောခဲ့ပါတယ်။

"ပုဂ္ဂိုလ်ကောင်းတစ်ယောက်တည်းကို ခေါင်းဆောင်ခိုင်းပြီး ဆက်သွားလို့ရှိရင် ခေါင်းဆောင်တွေ အသက်ကြီး လာတဲ့တစ်နေ့ ကွယ်လွန်သွားတဲ့တစ်နေ့ အနားယူသွားတဲ့တစ်နေ့ကျရင် ဒီပါတီဟာ ဖရိုဖရဲဖြစ်သွားမယ်ဆိုတာ ကျနော်တို့ မြင်ပါတယ်"

ပါတီအနေနဲ့ အားနည်းချက်တွေ၊ မှားယွင်းမှုတွေရှိခဲ့မယ်ဆိုရင် ဝေဖန်ပေးဖို့နဲ့ ပြုပြင်စရာရှိတာတွေကိုလည်း ပြုပြင်သွားမှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့အခမ်းအနားမှာ ပါတီရဲ့နှစ် ၃၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲဒီကြေညာချက်ထဲမှာပါတဲ့ အချက်တချို့ကို ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁ ) ဦးစိုင်းလိတ်က အခုလို ပြောပြပါတယ်။

"မညီမျှခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်အနိုင်ကျင့်ခြင်း၊ တရားမဲ့ပြုကျင့်ခြင်းတွေကို ဆက်လက် ဆန့်ကျင်သွား မှာဖြစ်ပြီး တရားမျှတတဲ့ လူဘောင်တစ်ရပ် ပေါ်ပေါက်လာရေးတို့ကိုလည်း ဆက်လက်ကြိုးပမ်းသွားပါမယ်"

ဒီနေ့ အခမ်းအနားကို အစိုးရဘက်က ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့သလို ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့ တက်ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ SNLD ပါတီအပေါ် ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ သံသယတစ်စုံတစ်ရာ မရှိဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ဒီနေ့ပွဲမှာ ပြောလိုက်ပါတယ်။

"ရှမ်းပြည်နယ် အစိုးရအဖွဲ့က လေးလေးနက်နက် ယုံကြည်ပါတယ်။ ဘာသံသယမှ မရှိပါဘူးဆိုတာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ကျနော် ဒီနေရာက ပြောချင်ပါတယ်"

ဒီနေ့ပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးအောင်မင်းလည်း တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲကဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP နာယက ဗိုလ်ချုပ် ဆေထင် တက်ရောက်ခဲ့ပြီး မိန့်ခွန်းလည်း ပြောခဲ့ပါတယ်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်အဖြစ် ဒီနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ် ဆေထင်က အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းနေကြတဲ့ ခွဲမထွက်ရေးဆိုတဲ့ ကိစ္စရပ်အပေါ် အခုလို ပြောခဲ့ပါတယ်။

"ရှမ်းတိုင်းရင်းသားတွေက ဗမာကို မယုံစတမ်း ဗိုလ်ချုပ်အောင်ဆန်းကို ပြောတယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းက ခင်ဗျားတို့ မယုံရင် ၁၀ နှစ်ပေါင်းကြည့် ၁၀ နှစ်ပေါင်းလို့ ခင်ဗျားတို့ မကျေနပ်ရင် ခွဲထွက်နိုင်တယ်ဆိုပြီး ပြောတယ်။ ပင်လုံကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ပြောဆိုညှိနှိုင်းတဲ့အခါ ကျနော်တို့ ပြောချင်တာကို ပြောဆိုပြီး မပြောချင်တာကို ချန်လှန်ထားဖို့ မသင့်ပါဘူး"

ငြိမ်းချမ်းရေးရဖို့ ၂၁ ရာစု ပင်လုံညီလာခံ ၃ ကြိမ်လုပ်ခဲ့ပြီးနောက် ရရှိလာတဲ့ ၅၁ ချက်မှာ အရေးကြီးတဲ့အချက် တစ်ချက်မှ မပါသေးကြောင်းနဲ့ အခုလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံထိပ်သီး တွေ့ဆုံဆွေးနွေးပွဲမှာလည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ တစ်စုံတစ်ရာချမှတ် နိုင်ခဲ့တာမရှိဘူးလို့မြင်ကြောင်း ပြောပါတယ်။

ပြည်ထောင်စုက ခွဲထွက်ချင်တာမဟုတ်ပေမယ့် ခွဲထွက်ရေးဆိုတာ တိုင်းရင်းသားတွေအတွက် ကာကွယ်ရာ ရောက်ကြောင်းနဲ့ လက်ရှိအနေအထားအရ တမာတွေချိုမှ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာလားလို့ ထင်မြင်မိကြောင်း သူက ပြောပါတယ်။

တပ်မတော်ဟာ အရပ်သားအစိုးရ လက်အောက်မှာရှိမယ်ဆိုရင် တပ်မတော် တစ်ခုတည်းထားရှိရေးဆိုတာကို လက်ခံသွားမှာဖြစ်ကြောင်းနဲ့ လက်ရှိတပ်မတော်ဟာ အရပ်သား အစိုးရလက်အောက်မှာ မရှိတဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ စဉ်းစားရခက်နေတယ်လို့ ဗိုလ်ချုပ် ဆေထင်က ပြောလိုက်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။