ကြည့်မြင်တိုင် တစ်ဖက်ကမ်း စက်ဆန်းရပ်ကွက်ပေါက်ကွဲမှု လူငယ်ခြောက်ဦး သေဆုံး

2022.08.20
ကြည့်မြင်တိုင် တစ်ဖက်ကမ်း စက်ဆန်းရပ်ကွက်ပေါက်ကွဲမှု လူငယ်ခြောက်ဦး သေဆုံး ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်တွင် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် လူငယ် သုံးဦးအား တွေ့ရစဉ်
Photo: CJ

ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက် ဖွံ့ဖြိုးရေးလမ်းမှာရှိတဲ့ နေအိမ်တစ်ခုမှာ ဩဂုတ်လ ၁၉ ရက် မနေ့ညနေ ငါးနာရီကျော်လောက် ပေါက်ကွဲမှုဖြစ်ခဲ့ တာကြောင့် အထက်တန်းကျောင်းသား လူငယ်ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၆ နှစ်ကနေ ၁၇ နှစ်အရွယ်ရှိသူတွေဖြစ်ကြပြီး ကိုအေးမင်း မြတ်၊ ကိုသဲနိုင်မင်း၊ ကိုကျော်ဇော်လင်း၊ ကိုမိုးဟိန်းကျော်၊ ကိုသန်းထိုက်စံနဲ့ အမည်မသိ သေးသူ တစ်ဦးတို့ဖြစ်ပါတယ်။ သူတို့ဟာ စစ်ကောင်စီပညာရေးကို သပိတ်မှောက်ထားတဲ့ အထက်တန်းကျောင်းသားတွေ ဖြစ်ကြပါတယ်။

"ဘယ်သူထောင်တဲ့ မိုင်းလဲဆိုတာတော့ ကျမတို့ ဒေသခံတွေတောင် သေချာမသိပါဘူး"

ဒီပေါက်ကွဲမှုဟာ စက်ဆန်းရဲစခန်းနဲ့ ကိုက်တစ်ရာကျော်သာဝေးတဲ့ ဖြိုးဝေ ခေါင်ရည်ဆိုင် အနောက်ဘက် ကျူးကျော်တဲအနီးမှာ ဖြစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက်ဆန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ၅ နာရီကျော်ကျော်လောက်မှာပဲ ဖြစ်သွားတာ။ ကျနော်တို့ နေတဲ့နေရာနဲ့ဆို ကိုက်တစ်ထောင်လောက် ဝေးတယ်။ အဲဒါတောင် အကျယ်ကြီးကြားရတယ်။ ကလေး တွေက လေးနာရီခွဲလောက်မှာ ဘောလုံးကန်ဖို့ဆိုပြီး သွားကြတာ။ ဘောလုံးကန်ဖို့ လူစုရင်းနဲ့ ဖြိုးဝေဆိုတဲ့ ဆိုင်ရှိတယ်၊ သူတို့က အအေးတို့၊ ဓနိရည်တို့ ခေါင်ရည်တို့ ရောင်းတယ်။ အခုပေါက်တာက အဲဒီဆိုင်ရဲ့ အနောက်ဘက်အခြမ်း EPC ရုံးရှိတယ်။ အဲနားလေးမှာ ပေါက်တာ။ မိဘတွေကိုတော့ ဒီမနက်လာခေါ်သွားတယ်။ အလောင်း တွေပြန်ရဖို့ လိုက်နေကြတယ်လို့ ပြောတယ်။ ပျူတွေထောင်ထားတာလို့လည်း ပြော တယ်။ ဗုံးစမ်းသပ်ရင်း ပေါက်တာလို့လည်း ပြောတယ်။ ဟိုတစ်ခေါက်ကလည်း စာသင်ကျောင်းထဲမှာ ဗုံးစမ်းသပ်ရင်း ပေါက်ဖူးတယ်"

ပေါက်ကွဲမှုဖြစ်ပြီး ညနေခြောက်နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အားတစ်ရာ နီးပါး ကားနဲ့ရော သင်္ဘောတွေနဲ့ပါ ရောက်လာပြီး စစ်ဆေးမေးမြန်းပြီးနောက် အလောင်း တွေ သယ်သွားတယ်လို့ ဆိုပါတယ်။

အလောင်းတွေကို တစ်စစီလိုက်ကောက်ပြီး သယ်သွားကြတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ ရတဲ့ အမည်မဖော်လိုသူ စက်ဆန်းရပ်ကွက် ဒေသခံက RFA ကို ပြောပါတယ်။

"ဒီကလေးတွေဆိုတာ ကိုယ့်မျက်စိရှေ့တင် ကြီးလာတာ။ ယူဂျီလား ဘာလားဆိုတာ တော့ မသိဘူး။ မနေ့ကတော့ အလောင်းတွေ တစ်စစီလိုက်ကောက်ပြီး ဇစ်အိတ်တွေနဲ့ သယ်သွားတာတွေ့တယ်။ မိသားစုတွေလည်း ကလေးတွေ မမြင်လိုက်ရဘူး။ အဲဒီအနား လည်း ဘယ်သူမှ ကပ်လို့မရဘူး။ မိုင်းပေါက်ကွဲတာတော့ ကျမ အိမ်တောင်တုန်တယ်။ ဘယ်သူထောင်တဲ့ မိုင်းလဲဆိုတာတော့ ကျမတို့ ဒေသခံတွေတောင် သေချာမသိပါဘူး"

ပေါက်ကွဲမှုပြင်းတာကြောင့် လူငယ်ခြောက်ဦးစလုံး နေရာမှာတင် သေဆုံးသွားပြီး ခေါင်ရည် ဆိုင်ပိုင်ရှင် အသက် ၂၂ နှစ်အရွယ် ကိုဖြိုးဝေကတော့ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ်တချို့ဟာ အလွတ်တန်းလှုပ်ရှားတဲ့ ယူဂျီအဖွဲ့တွေ ဖြစ်နိုင်တယ်လို့ Dark Shadow အဖွဲ့ ခေါင်းဆောင် ကိုချမ်းငြိမ်းသူ (ခေါ်) ပန်ဒါလေးက သုံးသပ်ပါတယ်။

"ကျနော်ကတော့ အဲဒီအထဲမှာ အသိညီလေးတစ်ယောက် ပါတယ်။ အသိညီလေးက ကျနော့်ကို အရင်က ပစ္စည်းလာတောင်းဖူးတယ်။ သူတို့ အလွတ်တန်း လုပ်နေတာနဲ့တူ တယ်။ အဲဒီညီလေးပုံ တက်လာတော့ တချို့က ပျူလို့ ရေးနေကြတယ်။ ရေးနေတာတွေ့ တော့ ဒါပျူမဟုတ်ဘူး ဒါမောင်လေးတို့ရဲ့ ယူဂျီတွေပါလို့ အကောင့်မှာ ပြန်တင်ထား တယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ပစ္စည်းစမ်းဖူးတယ်။ စမ်းရင်းနဲ့ မတော်တဆ ထ ပေါက်သွားတယ်။ ဒီဖောက်ခွဲမှု မတော်တဆဖြစ်သွားရင် နှစ်ခုပဲရှိတယ်။ အသက်ဆုံးရှုံး ရတာရယ်၊ အဖမ်းဆီးခံရတာရယ် အဲဒီနှစ်ခုပဲရှိတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းကလည်း ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ် ချောင်းရပ်ကွက်မှာရှိတဲ့ Dark Shadow ယူဂျီအဖွဲ့ဝင် လူငယ် ၁၄ ဦးကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

three-youth.JPG
ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်တွင် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် လူငယ် သုံးဦးအား တွေ့ရစဉ် (Photo: CJ)

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ မိုင်းဆင်ရင်း ပေါက်ကွဲလို့ သေဆုံးခဲ့ရတဲ့ ယူဂျီ အများစုဟာ လွတ်လွတ်လပ်လပ် စမ်းသပ်လို့မရတာနဲ့ ပစ္စည်းမစုံလင်တာကြောင့် ဖြစ် တယ်လို့ ပြောပါတယ်။

"ယူဂျီဆိုတာ ပုန်းအောင်းပြီးတော့ လှုပ်ရှားရတာ ဖြစ်တယ်။ အခန်းတွေထဲမှာပဲ မိုင်းတွေ ကိုဆင်ပြီးတော့ လုပ်ရတာတွေဖြစ်တယ်။ မိုင်းတစ်လုံးကို ဆင်မယ်ဆိုရင် ဒီအထဲမှာ ယမ်းတွေဘာတွေ ထည့်သွင်းရမယ်။ ဘယ်လို စပ်ရမယ်ဆိုတာ ဒီလိုမျိုးပုံစံတွေရှိတယ်။ ဒါပေမဲ့ သူတို့က မိမိအနီးအနားဝန်းကျင်မှာ ရှာလို့ရတဲ့ ပစ္စည်းတွေနဲ့ပဲ ဆင်ရတော့ အဲဒီ မိုင်းမှာ လိုအပ်ချက်တွေဖြစ်သွားတာရှိတယ်။ ရုတ်တရက် ထကွဲတာတို့ နောက်ပြီးတော့ တချို့မိုင်းတွေဆို အသက်သွင်းပြီးရင် မထိရတာတွေရှိတယ်။ တချို့ကျတော့လည်း အသက်မဲ့အောင် ပြန်လုပ်လို့ ရတာတွေရှိတယ်။ ပြောရမယ်ဆိုရင် Production ပိုင်းမှာ ပစ္စည်းမစုံလင်တာက သူတို့အတွက် အန္တရာယ်ရှိလာတာတွေ ဖြစ်လာတယ်"

လူငယ်ခြောက်ဦးဟာ ယူဂျီတွေဖြစ်ပြီး မိုင်းစမ်းသပ်ရင်း သေဆုံးတာလို့ သတင်းတွေထွက် ပေါ်နေသလို ပျူစောထီးတွေ ထောင်ထားတဲ့မိုင်းကို သွားကြည့်ရင်း သေဆုံးတာလို့ ပြောဆို နေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပေါက်ကွဲမှု ဖြစ်ထားတဲ့ ဖွံ့ဖြိုးရေးလမ်းကို ဒီမနက်အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ထား သလို စက်ဆန်း ရပ်ကွက်ထဲက နေအိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ရပ်ကွက်ထဲက ဒေသခံတချို့ ဖမ်းဆီးခံရတာတွေရှိပြီး ဘယ်သူ ဘယ်ဝါတွေဆိုတာနဲ့ အရေအတွက် တိတိကျကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသ ခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။