နိုင်ငံတကာမှာ သုံးခွင့်ပိတ်ထားတဲ့ Cluster ဗုံး မြန်မာစစ်တပ် အသုံးပြုနေ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.09.06
နိုင်ငံတကာမှာ သုံးခွင့်ပိတ်ထားတဲ့ Cluster ဗုံး မြန်မာစစ်တပ် အသုံးပြုနေ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က မိတ္ထီလာမြို့အနီးတွင် ပြုလုပ်သည့် ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်‌‌ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခု။
Myanmar Military

မြန်မာစစ်တပ်ဟာ နိုင်ငံတကာက အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ အင်အားပြင်း Cluster ဗုံးတွေကို ပြည်တွင်းမှာ ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနေတယ်လို့ ဗုံးနဲ့ လက်နက်ခဲယမ်းစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Cluster Munition Monitor အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

အရင်ဘယ်တုန်းကမှ Cluster ဗုံးသုံးစွဲတာ မရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုအာဏာသိမ်းပြီးနောက် စစ်ကောင်စီက အရပ်သားပြည်သူတွေ ရှိတဲ့နေရာတွေကို အဲဒီ Cluster ဗုံးသုံးပြီး တိုက်ခိုက်နေတာကြောင့် အပြစ်မဲ့ အရပ်သားတွေ ဒဏ်ရာရ သေဆုံးနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ဗုံးနဲ့ လက်နက်ခဲယမ်း စောင့်ကြည့်ရေးအဖွဲ့ဝင် Mary Wareham က မနေ့က ကုလသမဂ္ဂမှာ ကျင်းပတဲ့ အစီရင်ခံစာထုတ်ပြန်တဲ့ပွဲအတွင်း အခုလိုပြောခဲ့ပါတယ်။

" Cluster ဗုံးသုံးတဲ့နိုင်ငံသစ်တွေ တိုးလာတာတွေ့ရလို့ ကျွန်မတို့တော်တော်စိတ်ပျက်ရပါတယ်။ ဆီးရီးယားနဲ့ မြန်မာမှာ တိုးလာတာပါ။ ဆီးရီးယားကတော့ ၂ဝ၁ဝ တုန်းက ဒီဗုံးတွေကို တော်တော်သုံးခဲ့တဲ့နိုင်ငံပါ။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ အခုအသစ်ပါ။ ဘယ်တုန်းကမှ မြန်မာနိုင်ငံမှာ Cluster ဗုံးသုံးတာ မတွေ့ခဲ့ဖူးပါဘူး။ ဒီနှစ်မှ စတွေ့တာပါ"

အခုနှစ် အစီရင်ခံစာတွေ့ရှိချက်အရ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ ဒီဗုံးသုံးတာ အများဆုံးဖြစ်ပြီး ဆီးရီးယားနဲ့ မြန်မာမှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ဒီဗုံးကြောင့် အရပ်သားပြည်သူ အသေအပျောက် အများဆုံးဟာလည်း ယူကရိန်းမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာတော့ ဆယ်ယောက်ကနေ အယောက်တစ်ရာကြား သေဆုံးရတယ်လို့ အစီရင်ခံစာမှာ ထုတ်ပြန်ပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ စစ်ကောင်စီဟာ အဲဒီဗုံးတွေကို စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေကနေ ထုတ်နေတာလို့ ဆိုပါတယ်။

"Cluster ဗုံးတွေကို စစ်တပ်က စမ်းသပ်ထုတ်နေတာကြာပြီ၊ ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာတော့ ဒီနှစ်အတွင်းမှာ ပြည်တွင်းထုတ် Cluster ဗုံးတွေကို ကပစ ၃ နဲ့ ကပစ ၂၅ တို့မှာ ထုတ်နေတယ်လို့ သိရတယ်။ ဒီက ထုတ်တဲ့ဟာတွေကိုလည်း စစ်တပ်လေတပ်ဌာနချုပ်တွေကို ပို့ထားတယ်လို့ သိရတယ်။ တခြားကမဟုတ်ဘဲ ပြည်တွင်းမှာထုတ်တဲ့ ဗုံးတွေလို့ သိရတယ်"

ဒီဗုံးအမျိုးအစားတွေကို ဘယ်နေရာတွေမှာ သုံးနေလဲလို့ RFA က မေးမြန်းရာမှာတော့ ...

"ဒီဗုံးတွေကို စစ်တပ်က ကျေးရွာတွေ၊ စစ်တပ်ဆန့်ကျင်တဲ့ တော်လှန်ရေးတပ်တွေများတဲ့နေရာ၊ တပ်ဌာနချုပ်တွေ ရှိတဲ့နေရာကို တိုက်ခိုက်ဖို့ သုံးတာများတယ်။ ဘယ်နေရာတွေလဲတော့ တိတိကျကျမသိရသေးဘူး"

ဂျာမနီနိုင်ငံ Luebben မြို့အနီးရှိ လက်နက်ဖျက်သိမ်းရေး စက်ရုံတစ်ခုတွင် Cluster အမျိုးအစား ဗုံးတွေအား ၂၀၀၉ ခုနှစ်  ဇွန်လ ၂၃ ရက်နေ့က ပြသထားစဉ်။( Photo : AFP)
ဂျာမနီနိုင်ငံ Luebben မြို့အနီးရှိ လက်နက်ဖျက်သိမ်းရေး စက်ရုံတစ်ခုတွင် Cluster အမျိုးအစား ဗုံးတွေအား ၂၀၀၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ပြသထားစဉ်။( Photo : AFP)

ဒီဗုံးရဲ့ ပြင်းအားနဲ့ ပြည်သူလူထုကို ဘယ်လောက်ထိခိုက်နိုင်လဲလို့ RFA ရဲ့ မေးမြန်းချက်ကို ဗိုလ်ကြီး လင်းထက်အောင် ပြောတာက...

"ဒီဗုံးကို နိုင်ငံတကာမှာလည်း ပိတ်ပင်ထားတယ်၊ ထိခိုက်မှုက များတယ်။ ဗုံးပင်မဘော်ဒီထဲကနေ ဗုံးသီးတွေ အများကြီးထွက်ကျလာပြီး ပေါက်ကွဲမှု များစွာရှိတယ်။ လူတွေ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်မျိုး၊ ဒါအရမ်းကို ရက်စက်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယူကရိန်းတို့ ရုရှားတို့မှာ သုံးတာထက် ပြည်တွင်းမှာ ကိုယ့်ပြည်သူကိုယ် ပြန်သတ်တာမှာ သုံးနေတာတော့ စစ်ရာဇဝတ်မှု၊ လူအစုလိုက်အပြုံလိုက် သေအောင် သုံးနေတာလို့ ပြောလို့ရတယ်"

CDM ဗိုလ်ကြီး ဇီးရိုးကတော့ စစ်ကောင်စီဟာ Cluster ဗုံးသုံးတဲ့နေရာမှာ နိုင်ငံတကာဥပဒေတွေကို လက်တစ်လုံးခြား လုပ်နေတယ်လို့ RFA ကိုပြောပါတယ်။

" Cluster ဗုံးထဲမှာထည့်တဲ့ ဗုံးသေးသေးလေးတွေကို တရုတ်ကပေးတဲ့နည်းပညာနဲ့ လုပ်တာမဟုတ်တဲ့ ကပစက ထုတ်တဲ့ ဗုံးသီးတွေကို အစားထိုးထည့်တယ်။ နာမည်ကတော့ Cluster ပဲ၊ ဒါပေမဲ့ ပုံစံပြောင်းထားတဲ့ ဗုံးတွေဆိုတော့ နိုင်ငံတကာဥပဒေနဲ့လည်း မငြိဘူး။ တကယ့်အစစ်က စစ်တပ်မှာ တရုတ်နဲ့တွဲထုတ်တဲ့ Cluster ဗုံးအစစ် ဆယ်လုံးပဲရှိတယ်။ အဲဒါကို လုံးဝမထိ ရှိုးပြထားတယ်"

Cluster Munition Monitor အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်ဟာ ဒီဗုံးတွေသုံးပြီး ၁၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး ချင်း၊ ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ခိုက်ခဲ့တာလို့ အထောက်အထား အချက်အလက်တွေနဲ့ ဖော်ပြထားပါတယ်။

ကူဝိတ်နိုင်ငံရှိ အခြေစိုက်စခန်းတွင် ဗုံးများတင်ဆောင်ထားသည့် ဗြိတိန်တော်ဝင်လေတပ်မှ  Harrier GR7 တိုက်လေယာဉ်အား ၂၀၀၃ ခုနှစ် ဧပြီလတွင် တွေ့ရစဉ်။ ( Photo : AFP)
ကူဝိတ်နိုင်ငံရှိ အခြေစိုက်စခန်းတွင် ဗုံးများတင်ဆောင်ထားသည့် ဗြိတိန်တော်ဝင်လေတပ်မှ Harrier GR7 တိုက်လေယာဉ်အား ၂၀၀၃ ခုနှစ် ဧပြီလတွင် တွေ့ရစဉ်။ ( Photo : AFP)

ကုလသမဂ္ဂရဲ့ လက်နက်ခဲယမ်းစောင့်ကြည့်ရေးဆိုင်ရာ အကြီးအကဲ Paul Holtom ကတော့ မြန်မာနဲ့ ဆီးရီးယားလို Cluster ဗုံးသုံးတဲ့နိုင်ငံတွေ တိုးလာတာဟာ စိုးရိမ်စရာကောင်းတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။

"လူထူထပ်တဲ့နေရာတွေမှာ ဒီဗုံးတွေကိုသုံးမယ်ဆိုရင် ဆိုးဆိုးရွားရွားထိခိုက်နိုင်တယ်။ အဲဒီ ခဲယမ်းတွေဟာ ပဋိပက္ခတွေပြီးသွားသည့်တိုင် အရပ်သားပြည်သူတွေကို ဒုက္ခပေးနိုင်ပါတယ်။ အခုလို Cluster ဗုံးသုံးတဲ့ နိုင်ငံအသစ်တွေပေါ်လာတာဟာ တည်ငြိမ်ရေးပျက်ပြားစေပြီး အဲဒီ ဗုံးအကြွင်းအကျန်တွေဟာ ပြည်သူလူထုရဲ့ လုံခြုံရေးကိုလည်း ထိစိုက်စေပါတယ်"

ဒီဗုံးတွေဟာ မြေမြှုပ်မိုင်းတွေလိုပဲ နောက်မှ ပေါက်ကွဲနိုင်ပြီး လူတွေကို သေစေနိုင်တာမို့ အသုံးမပြုဖို့ နိုင်ငံတကာမှာ ပိတ်ပင်ထားတာဖြစ်ပါတယ်။ မြန်မာစစ်တပ်က ဒီဗုံးတွေသုံးနေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဘာမှ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ လေးထောင်ကျော် သေဆုံးခဲ့ရတယ်လို့ အချက်အလက်ကောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။