လက်သည်မဲ့ဗုံးတွေကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရမှုများလာ

RFA Burmese
2023.07.20
လက်သည်မဲ့ဗုံးတွေကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရမှုများလာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် လားရှိုးမြို့၊ မြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်ရှေ့မှ အပျက်အစီးများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
RFA

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာသလို အရပ်သား ပြည်သူတွေ သွားလာနေတဲ့ ဈေးတွေ လူစည်ကားတဲ့ လမ်းမတွေမှာ ဗုံးပေါက်ကွဲလို့ ပြည်သူတွေ ထိခိုက် သေဆုံးတာတွေ ပိုဖြစ်နေပါတယ်။

RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ ဇူလိုင်လ နှစ်ပတ်အတွင်းမှာတင် ရန်ကုန်တိုင်းက သန်လျင်၊ လှိုင်သာယာ၊ မြောက်ဒဂုံ၊ ပြီးတော့ မန္တလေး၊ စစ်ကိုင်းတိုင်းက ရွှေဘိုနဲ့ ရှမ်းပြည်နယ်က လားရှိုးတို့မှာ ဗုံးပေါက်ကွဲလို့ အရပ်သား နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့တာ တွေ့ရပါတယ်။

ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ တာဝန်ခံ ထုတ်ပြန်တာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ ဇူလိူင်လ ၁၅ ရက်နေ့ကဆိုရင် လားရှိုးမြို့က ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲလို့ အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ယောက် သေဆုံးပြီး ဆယ်ယောက်ထက် မနည်း ထိခိုက်ဒဏ်ရာရလို့ အရေးပေါ်လူနာအဖြစ်နဲ့ လားရှိုးဆေးရုံကြီးမှာ ကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုနေရာမျိုးတွေမှာ ဗုံးခွဲတာမျိုး မလုပ်သင့်ဘူးလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ တစ်ယောက်က ပြောပါတယ်။

"တပ်ကပဲ လုပ်သလား၊ PDF က လုပ်သလား၊ လက်နက်ကိုင် အဖွဲ့အစည်းကပဲ လုပ်သလားဆိုတာ ဘယ်သူမှ ဘာမှမပြောနိုင်ဘူး၊ ပြည်သူတစ်ယောက် အနေနဲ့ ပြောချင်တာကတော့ ဒီလိုမျိုး နောက်တစ်ခါ မဖြစ်စေချင်ဘူး။ အများပြည်သူ သွားလာနေတဲ့ လမ်းမပေါ်မှာ။ လားရှိုးမြို့မှာ ဟိုတယ်ရှေ့ ဗုံးကွဲတယ်။ ရွှေဆိုင်ရှေ့ ဗုံးကွဲတယ်။ ဒီလိုမျိုးက ကျွန်တော်တို့ မလိုချင်ဘူး"

လားရှိုးမြို့ဟာ ဒေသအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေရော၊ စစ်ကောင်စီတပ်တွေ ခြေရှုပ်တဲ့နေရာ ဖြစ်သလို၊ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဗုံးပေါက်ကွဲတာတွေ ပိုစိပ်လာတယ်လို့ပြောပါတယ်။

"ရဲရဲတင်းတင်း လုပ်မစားရဲဘူး။ အပြင်လည်း မထွက်ရဲဘူး လုံခြုံမှုမှ မရှိတာကို။"

လားရှိုးမြို့ဗုံးကွဲပြီးနောက်နေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မဈေးမှာ ဗုံးပေါက်ကွဲလို့ သံဃာတစ်ပါး အပါအဝင် ပြည်သူရှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီလူတွေထဲက ဒဏ်ရာပြင်းထန်တဲ့ အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးကို မန္တလေးဆေးရုံကြီးမှာ ပို့ထားရတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့ကတော့ စစ်တပ်အာဏာမသိမ်းခင်က အခုလိုဖြစ်ရပ်တွေ မရှိခဲ့ပါဘူး။ အခုတော့ ပြည်သူတွေ မလုံခြုံတော့ဘူးလို့ ရွှေဘိုမြို့ခံ အမျိုးသားတစ်ယောက်က RFA ကို ပြောပါတယ်။

" မလွယ်ဘူးပေါ့ဗျာ လုပ်စားရတာက။ စားဝတ်နေရေးက အဆင်မပြေရတဲ့အထဲ ရဲရဲတင်းတင်း လုပ်မစားရဲဘူး။ အပြင်လည်း မထွက်ရဲဘူး လုံခြုံမှုမှ မရှိတာကို။ သတိထားနေရတာပေါ့။ သူတို့ စစ်ကြောင်းတွေကလည်း ရှိနေတော့ ရွှေဘိုပတ်ချာလည် စစ်ကြောင်းတွေထိုးနေတာ ဘယ်မှ သွားလို့ လာလို့ မလွယ်ဘူး"

ဒီပေါက်ကွဲမှုဟာ ရွှေဘိုဈေးအနောက်ဘက် ဦးအောင်ဇေယျ နန်းတော်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်လို့ ဒေသခံတွေကြားမှာ ပြောကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဝါဒဖြန့်နေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ PDF တွေက ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်တာလို့ စွပ်စွဲထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ယောက်ကတော့ သူတို့အနေနဲ့ ပြည်သူ ထိခိုက်အောင် မလုပ်ဘူးလို့ တုံ့ပြန်ပါတယ်။

" အဓိကကတော့ အာဏာရှင်ကို မကြိုက်လို့ တော်လှန်နေတာ၊ ပြည်သူတွေအတွက် လွတ်လပ်ရေး ရချင်လို့၊ ပြည်သူတွေအတွက် ဖက်ဒရယ်ဒီမိုကရေစီ ရချင်လို့ တိုက်နေတာ။ ကျွန်တော်တို့က ပြည်သူကို ချစ်လို့တိုက်နေတာ၊ ပြည်သူကိုပဲ မျက်နှာကြည့်ပါတယ်"

ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိရအောင် ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းဆက်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်တာမျိုးကို လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ရှောင်ရှားသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ယောက်ဖြစ်တဲ့ ဦးရဲထွန်းက ပြောပါတယ်။

"စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေကတော့ ဒီမတော်တဆ ထိခိုက်ဒဏ်ရာ ရတာမျိုးက မရှောင်လွှဲနိုင်ဘူးပေါ့။ ဒါမျိုးတွေတော့ ရှိလေ့ရှိထရှိတယ်။ ဒါပေမဲ့ တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်တာက စစ်ရာဇဝတ်မှု မြောက်တာပေါ့။ အဲဒါတွေကတော့ နှစ်ဖက်စလုံးက ရှောင်သင့်တယ်လို့ ယူဆပါတယ်"

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရွှေဘိုမြို့မစျေးအား ၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ယခင်ပုံအဟောင်း) (Photo: Citizen Journalist)
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရွှေဘိုမြို့မစျေးအား ၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ယခင်ပုံအဟောင်း) (Photo: Citizen Journalist)

မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ အရပ်သားပြည်သူတွေကို ထိခိုက်စေရင် စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောပါတယ်။

"လက်နက်ကိုင် တော်လှန်ရေးအဆင့်ကို ရောက်လာပြီဆိုရင် ဒါကတိုင်းပြည်တစ်ပြည်ရဲ့ အဆိုးဆုံး အခြေအနေလို့ ပြောလို့ရတာပေါ့။ အများပြည်သူသွားတဲ့လမ်းတို့ အရပ်သားပစ်မှတ်တွေကို ပစ်မှတ်ထားတာမျိုးက ဒါဘယ်သူပဲလုပ်လုပ် စစ်ရာဇဝတ်မှုပဲ"

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်တာမျိုးကို ရှောင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပေါက်ကွဲမှုတွေဟာ မကြာခဏဖြစ်နေတာ ပြည်သူတွေ မျက်မြင်ကိုယ်တွေ့ဖြစ်နေပြီး အကာအကွယ် မဲ့နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။