မီးလောင်ဗုံးအသစ်တွေ စစ်ကောင်စီ စမ်းသပ်နေ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.03.30
မီးလောင်ဗုံးအသစ်တွေ စစ်ကောင်စီ စမ်းသပ်နေ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က မကွေးမြို့အနီးတွင် ပြုလုပ်သည့် ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်‌‌ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခု။
Myanmar Military

မကြာခင်နှစ်တွေအတွင်းက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်နဲ့ မုံးကိုးဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီလေတပ်က မီးလောင်ဗုံးတွေကို ကြဲချခဲ့တယ်လို့ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ လေတပ်အရာရှိနဲ့အခြားအဆင့်ရှိသူတွေက ပြောပါတယ်။

"A5 ရယ်၊ MIG 29 ရယ် နောက်ပိုင်းမှာ တပ်နိုင်တဲ့ တခြားလေယာဉ်တွေလည်း ရှိတယ်။ ဗုံးရဲ့ကိုယ်ထည်အတွင်းထဲမှာ အရည်ကိုဖျော်ပြီး ထည့်ထားတာ။ အဲ့ဖျော်ထည့်ထားတဲ့အရည်က အောက်ကိုကျပြီးကွဲပြီ ဆိုတာနဲ့ တစ်ပြိုင်နက်ထဲ အပြင်မှာရှိတဲ့ အောက်ဆီဂျင်ကိုပါ လောင်ကျွမ်းစေတယ်။"

ပြီးခဲ့တဲ့နှစ်အတွင်း ပြည်သူနဲ့ပူးပေါင်းလာခဲ့တဲ့ CDM တပ်ကြပ်ကြီး နိုင်လင်းဟာ စစ်ကောင်စီလေတပ်မှာ စက်မှုလက်မှုစစ်သည်တဦးအနေနဲ့ စစ်လေယာဉ် လက်နက်တပ်ဆင်ရေး၊ ထိန်းသိမ်းရေးနဲ့ ထုတ်ပေးရေးတာဝန်တွေကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အဲဒီမီးလောင်ဗုံးတွေ ထုတ်လုပ်ပုံအဆင့်ဆင့်မှာ သူပါဝင်ခဲ့ဖူးပါတယ်။

“တစ်လောက ဖြစ်သွားတဲ့ မိုးတားတို့ ဘာတို့ဘက်မှာ မြစ်ကြီးနားဘက်ကနေ လေယာဉ်နဲ့ဗုံးကြဲလိုက်တဲ့အတွက် အကုန်လုံးလူတွေ ဘာတွေ မီးလောင်သွားတယ်။ လူနေအိမ်တွေလည်း မီးလောင်သွားတဲ့ ဖြစ်စဉ်ကို တွေ့ရတဲ့အတွက် ကျွန်တော်အနည်းငယ်ပြောချင်တာပါ။ လေတပ်တွေမှာ သုံးတဲ့ မီးလောင်ဗုံးတွေကို ကပစကနေ သယ်ပြီးတော့မှ လေယာဉ်တွေမှာ ချိတ်ဆွဲပြီး အသုံးပြုကြတယ်။ ဒီ့နောက်ပိုင်းမှာ သယ်ယူရတာလည်း ခက်တယ် မီးလောင်ဗုံးက အရည်တွေ ဖြစ်တဲ့အတွက် ကပစက ပြုပြင်ပေးလိုက်တယ်။ သင်ဂနာ လို့ခေါ်တယ် အတုံးလေးတွေ။ သူ့ကျတော့ kg နဲ့ချိန်ရတယ်။ အဲ့လိုယမ်းတုန်းလေးတွေက ကျွန်တော်တို့ဆီကို kg နဲ့ရောက်လာတယ်။ တစ်ပေပတ်လည် ယမ်းတုန်းတွေ။ အဲ့ဒါကို လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းအောင် ဌာနချုပ်မှူးဖြစ်စဉ်အခါက သူလည်း လာကြည့်တယ်။ အဲ့ ယမ်းအတုန်းကြီးတွေကို ကျွန်တော်တို့ ဘာလုပ်ရလဲဆိုတော့ မှုန့်ညက်နေအောင် ယမ်းအမှုန့်ဖြစ်အောင် လုပ်ရတယ်။ ဓားနဲ့နှုတ်နှုတ်စင်းတာလည်းရှိတယ်။ အခုနောက်ပိုင်း ရေဘော်ထိုးတယ်လို့လည်း ကြားတယ်။ အဲ့ဒါမလုပ်ခင် ဘာလုပ်ရလဲဆိုတော့ မြေကွက်အလွတ်မှာ စင်တစ်စင် ဆောက်ရတယ်။ အဲ့မှာ သံပေပါအခွံကြီးကို ထည့်တယ်။ ထည့်ပြီးတော့မှ ယမ်းအတုန်းတွေကို ဓားတွေဘာတွေနဲ့ မှုန့်ညက်နေအောင် လုပ်လိုက်တယ်။ လုပ်ပြီးရင် အဲ့သံပေပါအခွံကြီးထဲကိုထည့်လိုက်တယ်။ သင်ကနာဆိုတဲ့ မီးလောင်ဗုံးအတုန်းကို။ နောက် ပြီးတာနဲ့ ဆိုင်ကယ်မှာ သုံးတဲ့ အောက်တိန်းဓာတ်ဆီကို ထည့်လိုက်တယ်။ ထည့်ပြီးတော့ ဓာတ်ဆီနဲ့ ယမ်းတုန်းနဲ့ကို သမအောင် သစ်သားယောင်းမကြီးတွေနဲ့ မွှေရတယ်”

လောင်စာတွေကို အရည်ဖျော်ပြီးနောက် ဘယ်လိုဆက်လက်လုပ်ဆောင်ပါသလဲ။

“အရည်ဖျော်ပြီးတာနဲ့ ကျွန်တော်တို့ ဗုံးသီးအခွံအလွတ်တွေ ပေါင် ၅၀၀ နဲ့ ၂၅၀ ပေါင်ဗုံးအလွတ်တွေထဲမှာထည့် ပြီးတာနဲ့ ဗုံးဖျူ့စ် ထည့်ရတယ်။ လေတပ်မှာ သုံးတဲ့ 742 ဖျူ့စ်ဆိုတာ ရှိတယ်။ ဖျူ့စ်ကိုတပ်ပြီးတာနဲ့ အပေါ့စားဂျက်လေယာဉ်တွေမှာ တပ်ပြီးတော့ ဇရပ်ကုန်း စက်ပစ်ကွင်းမှာ ကြဲချတယ်။ မီးလောင်ဗုံးဖြစ်တယ် အရည်လည်းဖြစ်တဲ့အတွက် နေရာအနှံ့အပြားကို ထိရောက်စေနိုင်တယ်”

image.jpg
၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်(ကြည်း) (လေ)၊ အမြောက်နှင့်သံချပ်ကာ တပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။ (Photo: Myanmar Military)

အဲဒီဗုံးတွေကို ဘယ်လိုသုံးစွဲပါသလဲ။ CDM လေသူရဲ ဗိုလ်ကြီး ဇေသူအောင်က ဗုံးတွေကို ကြဲချလိုက်တဲ့အခါ မီတာ ၁ဝဝ အတွင်းရှိ လူတွေ သစ်ပင်တွေနဲ့ အခြားအရာတွေကို မီလောင်ရုံမက ကျိုးပဲ့ပျက်စီးနိုင်တယ်လို့ ပြောပါတယ်။

“A5 ရယ်၊ MIG 29 ရယ် နောက်ပိုင်းမှာ တပ်နိုင်တဲ့ တခြားလေယာဉ်တွေလည်း ရှိတယ်။ ဗုံးရဲ့ကိုယ်ထည်အတွင်းထဲမှာ အရည်ကိုဖျော်ပြီး ထည့်ထားတာ။ အဲ့ဖျော်ထည့်ထားတဲ့အရည်က အောက်ကိုကျပြီးကွဲပြီ ဆိုတာနဲ့ တစ်ပြိုင်နက်ထဲ အပြင်မှာရှိတဲ့ အောက်ဆီဂျင်ကိုပါ လောင်ကျွမ်းစေတယ်။ လောင်ကျွမ်းစေပြီးသွားရင် ကျွန်တော်တို့က ပတ်လည်တခုလုံးက အိမ်တွေ အပင်တွေကို အကုန်လုံးကို မီးတွေ လောင်စေမယ်။ အောက်ဆီဂျင်ကိုပါ လောင်ကျွမ်းလိုက်တဲ့အခါမှာ temperature ကအရမ်းများသွားမယ်။ အဲ့နားလေးမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပြီး လေဖိအားများရပ်ဝန်းကနေ လာဖိအားနည်းရပ်ဝန်းကို လာပြီးပေါင်းစပ်တဲ့အတွက် အဲ့ပတ်ဝန်းကျင်က လူတွေ လက်နက်တွေ အပင်တွေ ကျိုးကြေသွားနိုင်တယ်။”

ဗိုလ်ကြီးဇေသူအောင်က သူတို့ နောက်ဆုံးရတဲ့သတင်းတွေအရ အခုအချိန်အထိ သုံးစွဲခဲ့တဲ့အဲဒီ ဗုံးတွေဟာ သိပ်ပြီး ထိရောက်မှုမရှိတဲ့အတွက် စစ်ကောင်စီလေတပ်ဟာ ပိုမိုအားပြင်းတဲ့ ဗုံးအသစ်တွေကို ထုတ်လုပ်ပြီး လတ်တလောမှာ စမ်းသပ်နေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခုလို လေတပ်အရာရှိတွေ အခြားအဆင့် စစ်သည်ဝန်ထမ်းတွေရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။