စစ်ရိပ်အောက်ခြောက်ကပ်သွားတဲ့ စစ်တွေမြို့
2024.05.03
အရင်က နေ့တိုင်း စည်ကားခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေကို အခုရက်ပိုင်း မြင်တွေ့ရတာပါ။
လှပပြီး လူစည်ခဲ့တဲ့ စစ်တွေဟိုတယ်ကမ်းခြေနဲ့ ရှုခင်းသာလမ်းတွေရဲ့ နေဝင်ဆည်းဆာချိန်တွေဟာ အခုတော့ ခြောက်သွေ့နေပါပြီ။
"ဈေးလာတွေ နည်းနည်းပါးပါးတော့ရှိတယ်။ နေ့ခင်းဘက်နဲ့ ညနေတွေမှာဆို မရှိဘူး။ တချို့လမ်းတွေမှာဆို လူတစ်ယောက်မှမရှိဘူး”
ရက္ခိုင့်တပ်တော် AA က စစ်ဆင်ရေးနဲ့အတူ မြို့တွေသိမ်းပြီး စစ်တွေနားရောက်လာတဲ့ လွန်ခဲ့တဲ့လပိုင်းတွေကတည်းက မြို့အဝင်အထွက်လမ်းတွေကို စစ်ကောင်စီဘက်က ပိတ်ထားလိုက်ပါတယ်။ ဒါကြောင့် မြို့ပေါ်တိုက်ပွဲတွေဖြစ်လာမလားဆိုပြီး လူအများစုက ဘေးလွတ်ရာတိမ်းရှောင်သွားကြလို့ မြို့ဟာ တိတ်ဆိတ်ခြောက်ကပ်နေတာပါ။
ရပ်ကွက်တိုင်းမှာလည်း စစ်ကောင်စီတပ်က စခန်းချထားတယ်လို့ မြို့ထဲမှာကျန်ရစ်ခဲ့တဲ့သူတစ်ယောက်က ပြောပြပါတယ်။
“မြို့မှာလူတွေလည်း သိပ်မကျန်တော့ဘူး။ ကျန်တဲ့သူတွေလည်း အပြင်မထွက်ရဲကြဘူး။ အဖမ်းခံရမှာကို စိုးရိမ်ရတယ်။ လမ်းတွေ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီကချထားတဲ့ အစောင့်တွေ သေနတ်တကားကားနဲ့ရှိတယ်။ မြို့ထဲမှာကိုက မလုံခြုံသလို ခံစားနေရတယ်။ လမ်းတွေကိုကြည့်လိုက်ရင် လူတစ်ယောက်စ၊ နှစ်ယောက်စပဲ မြင်ရတယ်။ မနက်တော့ ဈေးသွား၊ ဈေးလာတွေ နည်းနည်းပါးပါးတော့ရှိတယ်။ နေ့ခင်းဘက်နဲ့ ညနေတွေမှာဆို မရှိဘူး။ တချို့လမ်းတွေမှာဆို လူတစ်ယောက်မှမရှိဘူး”
စစ်တွေမြို့မှာ လူဦးရေ တစ်သိန်းခွဲလောက်ရှိခဲ့ပါတယ်။ အဲဒီထဲက အများစုဟာ ရန်ကုန်အပါအဝင် တခြား ဘေးကင်းမယ်ထင်တဲ့ ဒေသတွေကို ထွက်သွားကြလို့၊ ထွက်ပြေးဖို့ ငွေမတတ်နိုင်တဲ့သူတွေနဲ့ အိမ်စောင့်ကျန်ခဲ့တဲ့ သူတချို့လောက်ပဲ ရှိပါတော့တယ်။
အခုဆို မြို့မှာကျန်ခဲ့တဲ့ သူတွေမှာလည်း ကုန်ပစ္စည်းရှားပါးပြတ်လတ်လာတာ၊ ဈေးအဆမတန် မြင့်တက်နေတာတွေကြောင့် တချို့ဆို ထမင်းငတ်တဲ့ အခြေအနေဖြစ်နေပြီလို့ မြို့ခံနောက်တစ်ယောက်က RFA ကို ပြောပါတယ်။
“ဒီမှာက အခြေခံစားသောက်ကုန်တွေက တကယ်အခက်အခဲပဲ။ စက်သုံးဆီတစ်လီတာဆိုရင်လည်း နှစ်သောင်းခုနစ်ထောင်၊ နောက်ပြီး ကြက်သွန်နီတို့၊ အာလူး ဆိုရင်လည်း တစ်ပိသာကို လေးသောင်း။ အခြေခံ လူထုတွေအတော်လေးကို ဒုက္ခရောက်နေကြတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေမှာဆိုရင် ထမင်းမစားရတော့တဲ့ သူတွေရှိတယ်လို့တောင် ကြားနေရတယ်”
ရန်ကုန်မြို့မှာ ဓာတ်ဆီတလီတာကို နှစ်ထောင်ကျော် ပေါက်စျေးရှိပြီး စစ်တွေမှာ နှစ်သောင်းကျော် ဖြစ်နေတာပါ။
စစ်တွေ၊ ကျောက်ဖြူက ဒေသခံတွေကို AA ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံကြဖို့ ရက္ခိုင့်တပ်တော်ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ ပြောဆိုပြီး နောက်ပိုင်း စစ်ကောင်စီတပ်ကလည်း မြို့မှာအစစ်အဆေးတွေ တင်းကျပ်သလို၊ မြို့အဝင်အထွက် လမ်းအားလုံးကိုလည်း ပိုပြီးပိတ်ဆို့လိုက်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြို့ထဲမှာပိတ်မိနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“အဲဒီလို AA က ထုတ်ပြန်တဲ့အခါကျတော့ နယ်ဘက်တွေကို သွားချင်ကြတာရှိတယ်။ ဒါပေမဲ့ ဘယ်လိုမှ ထွက်ပြေးလို့မရတဲ့ အခြေအနေရှိတယ်။ စစ်ကောင်စီက ရေလမ်းတွေကိုရော အကုန်လုံးကိုပိတ်လိုက်တာ။ အရင်ကဆို ညဉ့်အချိန်မှာ စက်လှေတွေနဲ့ ခိုးပြီးသွားကြတာရှိတယ်။ အခုတော့ အဲဒီထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ လုံးဝသွားလို့မရတော့ဘူး”
ပြီးခဲ့တဲ့ လတွေတုန်းကတော့ စစ်တွေမြို့သားတွေဟာ AA ထိန်းချုပ်ထားတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်ဘက်တွေကို လူတစ်ယောက်ကို ငွေနှစ်သိန်း၊ သုံးသိန်းအထိ အကုန်အကျခံပြီး ထွက်ပြေးခဲ့ရပါတယ်။ အဲဒီလမ်းကိုအရင်က ငွေကျပ်တစ်သောင်းလောက်ပဲ ပေးရတာပါ။
ဒါပေမဲ့ ဧပြီလ ၂၁ ရက်နေ့က စစ်တွေမြို့ကနေ တိတ်တဆိတ်ထွက်ပြေးဖို့ ကြိုးစားကြတဲ့ အရပ်သား တစ်ရာလောက်ကို စစ်ကောင်စီတပ်က ဖမ်းထားတယ်လို့ ပြောကြပါတယ်။ သူတို့ထဲကတချို့ ထွက်ပြေးတဲ့အချိန်မှာ စစ်ကောင်စီကထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ သုံးယောက်သေပြီး၊ လေးယောက် ဒဏ်ရာရသွားခဲ့ပါတယ်။
အခုလိုဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပေဒချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ရက္ခိုင့်တပ်တော် AA ဟာ စစ်တွေနဲ့ အနီးဆုံး ပေါက်တောမြို့ကို သိမ်းထားနိုင်သလို ရခိုင်ပြည်နယ် မြောက်ပိုင်းရော တောင်ပိုင်းမှာပါ နယ်မြေတွေကို တစ်စထက်တစ်စ တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်တွေကို ဘယ်တော့သိမ်းပိုက်မလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။