ရွှေကုက္ကိုတိုက်ပွဲကြောင့် ဒုက္ခသည်တစ်သောင်းကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး
2023.04.08

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်အနီးမှာ ဧပြီလ ၅ ရက်က စစ်ကောင်စီ တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ် ပွားပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ဘက်ကို ထွက်ပြေးခိုလှုံသူ တစ်သောင်းကျော် ရှိလာပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့ အဝေးရောက်ဧရာဝတီအသင်း (OIA) က ပြောပါတယ်။
စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ရဲ့ စခန်းတွေကို (KNLA) နဲ့ ပူးပေါင်း တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီး အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ တိုးလာနေတာပါ။
“၅ ရက်နေ့ စပြေးလာတုန်းက နှစ်ထောင်၊ သုံးထောင်ပဲရှိတယ်။ ၆ ရက်နေ့ကျတော့လည်း သုံး လေး ငါးထောင်ပဲ ရှိတယ်။ အခု ၇ ရက်၊ ၈ ရက်မှာမှ ထပ်တိုးလာတယ်"
တိုက်ပွဲစဖြစ်တဲ့ ဧပြီလ ၅ ရက်မှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့်သာရှိခဲ့ပေမယ့် ဧပြီ ၈ ရက်နေ့မှာတော့ တစ်သောင်းကျော်အထိ ရှိလာတယ်လို့ အဝေးရောက်ဧရာဝတီအသင်းရဲ့ တာဝန်ခံ ကိုဖိုးသင်္ကြန်က RFA ကို ပြောပါတယ်။
“၅ ရက်နေ့ စပြေးလာတုန်းက နှစ်ထောင်၊ သုံးထောင်ပဲရှိတယ်။ ၆ ရက်နေ့ကျတော့ လည်း သုံး လေး ငါးထောင်ပဲ ရှိတယ်။ အခု ၇ ရက်၊ ၈ ရက်မှာမှ အရမ်းထပ်တိုးလာတယ်။ မနေ့ကအထိတော့ တစ်သောင်း ကို နည်းနည်းလေး စွန်းသွားပြီ။ နေရာကလည်း ၁၅ နေရာလောက်ဖြစ်သွားပြီ။ ကျနော်တို့ Emergency Zone (အရေးပေါ်စခန်း) ပေါ့နော်။ Emergency Zone လေးတွေ ဖွင့်ဖွင့်ပြီး ထားရတာပေါ့။ အခုလောလောဆယ်ကတော့ တကယ်တမ်းပြောမယ်ဆိုရင် စားရေးသောက်ရေးက အဓိကပေါ့နော်။ နောက်တစ်ခုက တော့ အခင်းတွေလိုမယ်။ ခြင်ကို ကာကွယ်နိုင်မယ့် ဆေးတွေလိုမယ်။ အဲဒီအခြေအနေ ဖြစ်တယ်။ နောက် တိုက်ပွဲကလည်း မနေ့ကလည်း ထပ်ဖြစ်တယ်လေ”
ရွှေကုက္ကိုအနီးက စစ်ဘေးဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်က အရေးပေါ် ဒုက္ခသည် စခန်း ၁၅ ခုမှာ နေထိုင်ကြရပြီး ဒီစခန်းတွေကို ထိုင်းအစိုးရက ထိန်းချုပ်ထား ပါတယ်။
တချို့ကလည်း ဒုက္ခသည်စခန်းမှာ မနေထိုင်ဘဲ မိတ်ဆွေအပေါင်းအသင်းတွေဆီမှာ သွားရောက်ခိုလှုံကြတယ်လို့ ဆိုပါတယ်။
ရွှေကုက္ကိုမြို့သစ်အနီး နေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ ဧပြီလ ၇ ရက် မနေ့ကအထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားရတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ရွာထဲမှာတော့ အေးအေးဆေးဆေးပါပဲ။ မရှိဘူး မရှိဘူး။ (အရပ်သား) လုံးဝထိခိုက်မှု မရှိဘူး။ အခုထက်ထိတော့ မကြားရဘူး။ မနေ့က တစ်ချက်ကြားတယ်။ အဲဒါပြီးတော့ အဲဒါက ရွာအပြင်ပေါ့ တော်တော်လှမ်းလှမ်းက ကြားရတယ်။ အဲဒါပြီး တော့ ရပ်သွားတယ်။ ရပ်သွားပြီး ဒီနေ့ ဒီအချိန်အထိကတော့ အကုန်ပုံမှန်လှုပ်ရှား သွားလာနေကြတယ်”
ရွှေကုက္ကိုမြို့သစ်မှာ နေထိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတချို့နဲ့ တရုတ်လူမျိုးတချို့လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ထဲကို တိမ်းရှောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း အရပ်သားထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းပါဝင်တဲ့ KNLA တပ်ဖွဲ့တစ်ဦးကတော့ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ထိခိုက်သေဆုံးမှု အများအပြားရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“ရန်သူ့ဘက်က အင်အားက ထိခိုက်ကျဆုံးမှုတွေ အရမ်းများတယ်လေနော်။ ကျနော်တို့ ဘက်မှာလည်း ထိခိုက်မှု အနည်းအကျဉ်းတော့ ရှိပါတယ်ဗျ။ ပူးပေါင်းအင်အားတွေ၊ တပ်ဖွဲ့တွေနဲ့ BGF စခန်းတွေ သိမ်းလာတာ စခန်းက ငါးခု မြောက်ရှိပြီပေါ့နော်။ ဒါ သူတို့ဘက်က ကျနော်တို့ ပူးပေါင်းမဟာမိတ်တွေကနေပြီးတော့ လက်နက် ၇၀ ကျော် ရတယ်။ သူတို့ဘက်ကလည်း သေဆုံးတဲ့သူ အများအပြားပေါ့နော်”
ဒီတိုက်ပွဲအတွင်း BGF စခန်း ငါးခုကို KNLA ပူးပေါင်းတပ်က သိမ်းယူနိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ BGF တပ်ဖွဲ့က ဗိုလ်မှူးကြီး စောချစ်သူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အလားတူ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို ဆက်သွယ် ရာမှာတော့ မဖြေဆိုနိုင်သေးဘူးလို့ပဲ တုံ့ပြန်ပါတယ်။
မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတစ်လျှောက်ကိုလည်း တိုက်ပွဲတွေဖြစ်ပွားနေတာ ကြောင့် ဒေသခံတွေနဲ့ ခရီးသွားတွေအနေနဲ့ ဧပြီလ ၇ ရက်ကနေ ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာမှုမလုပ်ဖို့ KNLA ပူးပေါင်း စစ်ကြောင်းရှစ်ခုက ဧပြီ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြဝတီမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ရွှေကုက္ကိုတိုက်ပွဲမှာ စစ်ကောင်စီနဲ့ BGF တပ် တွေဘက်က အထိနာနေတယ်လို့ ဒေသခံတွေနဲ့ တိုက်ပွဲအတွင်း ပါဝင်သူတွေက ပြောပါ တယ်။