စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်းထဲမှာ စားနပ်ရိက္ခာ ရှားပါးနေ

RFA Burmese
2024.05.24
စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်းထဲမှာ စားနပ်ရိက္ခာ ရှားပါးနေ တနင်္သာရီမြို့နယ်ထဲမှ စစ်ဘေးဒုက္ခသည်များကို ဆန်လှူဒါန်းနေမှုအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ရစဥ်။
တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့

တနင်္သာရီတိုင်းမှာ စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာပြီး စားနပ်ရိက္ခာ သယ်ယူခွင့်တွေလည်း ကန့်သတ်ခံထားရတာကြောင့် အခြေခံစားသောက်ကုန် ပိုပြီးရှားပါးလာတယ်လို့ ဒေသခံတွေနဲ့ ကူညီဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။

တစ်လထက်တစ်လ စစ်ပွဲတွေပိုများလာလို့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူ အရေအတွက်ဟာ အခု မေလအထိ ခြောက်သောင်းနီးပါးရှိလာပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

မိုးရာသီလည်း ရောက်တော့မှာဖြစ်လို့ တောတောင်ထဲမှာ နေရတဲ့သူတွေအတွက် အမိုးအကာနဲ့ ဆေးဝါးလိုအပ်ချက် မြင့်တက်လာတယ်လို့ ဒေါန တနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ကိုယောနသံက ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်ပြီဆိုရင် သေချာတာကတော့ လမ်းကြောင်းတွေက အကုန်လုံး ပိတ်သွားတယ်ပေါ့။ စစ်တပ်ကနေပြီးတော့ ဖြတ်ပစ်လိုက်တာမျိုး ရှိတယ်။ နယ်မြေအနေအထားအရ၊ လုံခြုံရေး အနေအထားအရ၊ စစ်ရေးအနေအထားအရ လမ်းတွေဖြတ်သန်းသွားလာဖို့ အဆင်မပြေတဲ့ အခြေအနေတွေမျိုးတွေ ရှိတယ်ပေါ့။ အဲဒီလို အခြေအနေမျိုးတွေနဲ့ကြုံရင် ဆန်တွေဆေးဝါးတွေဆိုရင် လုံးဝသယ်ယူလို့ မရတဲ့ အခြေအနေမျိုးဖြစ်တယ်”

မော်လမြိုင်ဘက်ကနေ လာတဲ့ယာဥ်တွေကို တနင်္သာရီတိုင်းအဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အဓိကဂိတ်ဖြစ်တဲ့ မလွှဲတောင်ဂိတ်မှာ စစ်ဆေးပြီး ကုန်ပစ္စည်းတွေကို သိမ်းတာ၊ သယ်လာတဲ့သူတွေကို ဖမ်းတာတွေလည်း ရှိနေပါတယ်။ အဲဒီလမ်းမကြီးတစ်လျှောက်ကို တော်လှန်ရေးအင်အားစုတွေဘက်က အများစုထိန်းချုပ်ထားနိုင်တယ် ဆိုပေမဲ့ စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်း ဆယ်ခုထက်မနည်းရှိနေပြီး စစ်ဆေးဟန့်တားနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

“တိုက်ပွဲဖြစ်ထားတဲ့နေရာနဲ့ အနီးအနားတစ်ဝိုက်မှာဆိုရင်လည်း မြေမြှုပ်မိုင်းကြောင့် စိုက်ပျိုးရေးလုပ်ဖို့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်”

အဲဒီစစ်ဆေးရေးဂိတ်ဟာ တနင်္သာရီတိုင်းတစ်ခုလုံး ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ ရန်ကုန်-ကော့သောင်း အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းမှာ ရှိပါတယ်။

ဆန်၊ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့်ကန့်သတ်ခံထားရတာကတော့ ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီ၊ ရေဖြူနဲ့ လောင်းလုံးမြို့နယ်တွေက ဒေသတချို့မှာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းရှိ စစ်ဘေးဒုက္ခသည်များအား ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ က ဆေးဝါးများ လှူဒါန်းနေသည်ကို ၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook/ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့)
တနင်္သာရီတိုင်းရှိ စစ်ဘေးဒုက္ခသည်များအား ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ က ဆေးဝါးများ လှူဒါန်းနေသည်ကို ၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook/ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့)

ကြက်ဥတစ်လုံးကို ကျပ်ငွေ ခြောက်ရာ၊ အရင် ခုနစ်သောင်းကျော်ပေးရတဲ့ ဆန်ကြမ်းတစ်အိတ်ကို အခု တစ်သိန်းသုံးသောင်းအထိ ပေးဝယ်နေရပြီး ငွေရှိရင်တောင် လုံလုံလောက်လောက် ဝယ်လို့မရတော့ဘူး၊ ဒါကြောင့် အခုနှစ် မိုးတွင်းမှာ စပါးစိုက်ကြမယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိုးကျလာပြီဆိုတော့ စပါးစိုက်ဖို့ ရှိတယ်။ မလုပ်လို့ရှိရင်လည်း အခြေအနေက ပိုကျပ်လာပြီလေ။ ကြာလာရင်လည်း စစ်ဘေးရှောင်က များလာပြီ။ တစ်ခုရှိတာကတော့ ညီမတို့လုပ်နေတဲ့ကာလမှာ ကောင်းကင်က ပုဇဥ်းမလာဖို့ရယ်၊ ညီမတို့စိုက်ခင်းကို လာမထိဖို့ရယ်၊ အဲဒီနှစ်ချက်ကတော့ ညီမတို့ ကံအနေအထားမျိုး ဖြစ်သွားတာပေါ့”

တိုက်ပွဲဖြစ်ထားတဲ့နေရာနဲ့ အနီးအနားတစ်ဝိုက်မှာဆိုရင်လည်း မြေမြှုပ်မိုင်းကြောင့် စိုက်ပျိုးရေးလုပ်ဖို့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။

“ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ ဧရိယာက ဥယျာဥ်ခြံမြေ ဧရိယာတွေပေါ့။ အဲဒီနေရာတွေဆိုတဲ့အခါကျတော့ စိုက်ပျိုးဖို့ ဥယျာဥ်ခြံလုပ်ဖို့က နည်းနည်းခက်လာတယ်။ သရက်ချောင်းမြို့နယ်မှာဆိုရင် ပြီးခဲ့တဲ့ လတွေတုန်းက မြေမြှုပ်မိုင်းထိတဲ့ အရပ်သားပြည်သူတွေလည်း တချို့လည်း ရှိတယ်။ အဲဒီလို အခြေအနေ ရှိတဲ့အခါကျတော့ ထိတွေ့တိုက်ပွဲဖြစ်ထားတဲ့ နေရာပတ်ဝန်းကျင်ဆိုရင် ပြည်သူတွေက မသွားရဲတော့ဘူး”

ထားဝယ်နဲ့မြိတ်ခရိုင်မှာ အခုလထဲ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခုနှစ်ဆန်းပိုင်းကစလို့ ပထမဆုံးအနေနဲ့ စခန်းသိမ်းနိုင်တာတွေ ရှိလာပါတယ်။

ဇန်နဝါရီလထဲမှာ ထားဝယ်မြို့နယ်ထဲက ကျောက်ထုတပ်စခန်းကို ပထမဆုံးတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ထိုင်းနယ်စပ်မှာရှိတဲ့ မောထစခန်း၊ သရက်ချောင်းမြို့နယ်က ပဲဒက်စခန်းနဲ့ ဘုတ်ပြင်းမြို့နယ် (၁၀၂၀) တောင်ကုန်းက စစ်ကောင်စီတပ်စခန်းတွေအပါအဝင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းတချို့ကိုပါ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်တာပါ။

စစ်ကောင်စီအတွက် အရေးပါတဲ့ စခန်းတွေကို သိမ်းယူနေတာဖြစ်သလို ဆက်ပြီးစစ်ရေးမြှင့်တင်ဖို့ ကြိုးစားနေတယ်လို့ KNLA (တပ်မဟာ ၄) တပ်ရင်း ၁၂ နဲ့ (တပ်မဟာ ၆) တပ်ရင်း ၂၇ တို့ရဲ့ ပူးတွဲတပ်ရင်းမှူး စောမှူးဂေက RFA ကို ပြောပါတယ်။

“အခုကျွန်တော်တို့ သိမ်းဆည်းရမိတဲ့စခန်းတွေက သူတို့အတွက် အရေးပါတဲ့စခန်းတွေပေါ့။ ပဲဒက်စခန်းက သူတို့အတွက် အရေးပါတယ်။ ရေကြောင်းနဲ့လည်း လာနိုင်တယ်။ လမ်းမကြီးပေါ်ကလည်း လာနိုင်တယ်။ အဲဒါကြောင့် သူတို့အတွက်ကျတော့ ထောက်ပို့ရေးကိစ္စက အရေးကြီးတာပေါ့။ ရှေ့ဆက်သွားမယ့် ခရီးလမ်းကြောင်းကကျတော့ စစ်ရေးမြှင့်တင်ဖို့ ကြိုးစားနေတယ်”

အခုနှစ်အစပိုင်းကနေ မေလအစောပိုင်းအထိ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်ရှိပြီး သူတို့ကို စစ်သုံ့ပန်းဥပဒေတွေအညီ ထိန်းသိမ်းထားတယ်လို့ သူက ပြောပါတယ်။

တစ်ဖက်မှာလည်း မေလထဲမှာ စစ်ကောင်စီတပ်က လေကြောင်းရော လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့လို့ အရပ်သား ခုနစ်ဦးလောက် သေဆုံးခဲ့ပြီး အဲဒီမှာ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံးမှာ ဒုက္ခသည် သုံးသန်းကျော်ရှိနေပြီး ဒါဟာ ခြောက်လအတွင်း ငါးဆယ်ရာခိုင်နှုန်း မြင့်တက်လာတာလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။