သီပေါနဲ့နမ္မတူမြို့နယ်က ဒုက္ခသည် ၂ဝဝဝ ကျော် အရေးပေါ်အကူအညီလိုအပ်

သစ်ဆင်း(ဝါရှင်တန် ဒီစီ)
2021.04.17

ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြားဖြစ်တဲ့ တိုက်ပွဲ တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ၂ဝဝဝ ကျော် ရှိနေပါပြီ။ ဒီဒုက္ခသည်တွေအတွက် စစ်ဘေး ရှောင်ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေနဲ့ အိမ်သာ အခက်အခဲဖြစ်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံရွာက ဘုန်းကြီးကျောင်းနှစ်ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၃ဝဝ လောက် ရှိပြီး၊ ကောင်းဟုန်းရွာမှာတော့ ဒုက္ခသည် ၁၅ဝ ကျော်ရှိပါတယ်။

အဲဒီထဲက မန်စံကမ္မဋ္ဌာန်းကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၆ဝ နီးပါးနဲ့ ကောင်းဟုန်းရွာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေအတွက် သောက်သုံးရေနဲ့ အိမ်သာတွေ အခက်အခဲဖြစ်နေတာလို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ မန်စံရွာ စစ်ရှောင်ဒုက္ခသည်စခန်းက အိုက်ရီက RFA ကို ပြောပါတယ်။

ဒီဒုက္ခသည်တွေဟာ ဧပြီ ၄ ရက်နေ့ နောက်ပိုင်းက နမ္မတူမြို့နယ်နဲ့ သီပေါမြို့နယ်ကြား ရွာတွေမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နီးစပ်ရာရွာတွေကို ထွက်ပြေးခဲ့ကြရသူတွေ ဖြစ်ပါတယ်။

နမ္မတူမြို့နယ်ထဲက ပန်လုံမန်ကျန်းရွာမှာ ဧပြီလ ၅ ရက်နေ့က လက်နက်ကြီးကျလို့ လူနေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ ရွာသားတွေဟာ မန်စံရွာနဲ့ ကောင်းဟုန်းရွာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။

အလားတူ သီပေါမြို့နယ် မန်လီရွာမှာလည်း နေအိမ်တချို့ မီးရှို့ခံရတယ်လို့ ရွာသားတွေကပြောပါတယ်။

အခုဆိုရင် သီတင်းနှစ်ပတ်ရှိလာပြီမို့ အမြန်ဆုံး အိမ်ပြန်ခွင့်ရချင်ပြီလို့ မန်ကျန်းရွာသူ မအေးဟုန်း က ပြောပါတယ်။

သီပေါ-နမ္မတူလမ်းပိုင်း နမ္မတူမြို့နယ် ပန်သပြေရွာမှာလည်း ခိုလှုံနေတဲ့ဒုက္ခသည် ၅ဝဝ ကျော် ရှိနေတာပါ။ ဧပြီလ ၁၄ ရက် ဗုဒ္ဓဟူးနေ့ကဆိုရင် သီပေါ-နမ္မတူလမ်းပိုင်း ကွန်စံလိတ်ရွာနားမှာ လက်နက်ကြီးတွေကျလို့ ရွာသားတွေ သီပေါကို ထပ်မံထွက်ပြေးခဲ့ရပါတယ်။ သူတို့ကို သီပေါမြို့ ဘိုးတော်ကျောင်းမှာ ယာယီစခန်း ဖွင့်ပြီး ခိုလှုံခွင့်ပေးထားပါတယ်။

ဒါ့ကြောင့် အခုဆိုရင် သီပေါမြို့က နေရာလေးခုမှာ စစ်ဘေးဒုက္ခသည် ၁ဝဝဝ နီးပါးနဲ့ နမ္မတူမြို့နယ်က နေရာလေးခုမှာ စစ်ဘေးဒုက္ခသည် ၁ဝဝဝ နီးပါး ရှိနေတာဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ ရေရှည်မှာ အရင်လို အလှူရှင်တွေမလာနိုင်ရင် အခက်အခဲ ပိုရှိနိုင်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကိုကူညီနေတဲ့ သီပေါမြို့က ပီစိုင်း က ပြောပါတယ်။

နမ္မတူ-သီပေါလမ်းပိုင်းမှာ ဧပြီ ၁၆ နေ့အထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားမှာ စစ်ရေးတင်းမာ နေဆဲ ဖြစ်ပါတယ်။

ပန်လုံရွာတဝိုက်မှာဆိုရင်လည်း တဖွဲ့နဲ့တဖွဲ့ သိပ်မဝေးတဲ့အတွက် တိုက်ပွဲဆက်ဖြစ်မယ့် အခြေအနေ ရှိနေတာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းကြုံနေရချိန်မှာ ဒီဒုက္ခသည်တွေအတွက် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား ညှိနှိုင်းဆွေးနွေးစေချင်တယ်လို့ မန်ဆာရွာသူ ဒေါ်လှခင် က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး RCSS နဲ့ ဆွေးနွေးခဲ့ပေမဲ့ အဆင် မပြေဘူးလို့ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းစုနဲ့ TNLA တပ်ဖွဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောပါတယ်။

RCSS ကတော့ သူတို့တပ်ဖွဲတွေ မြောက်ပိုင်းကနေ ဆုတ်ခွာရေးဟာ မဖြစ်နိုင်သလို ဆွေးနွေဖို့အတွက် အဆင့်သင့်ရှိတယ်လို့ အမြဲပြောဆိုလေ့ရှိတာပါ။

ဒါပေမဲ့ ဒီလက်နက်ကိုင်သုံးဖွဲ့ကြားမှာ ဒီနေ့အထိ ဆွေးနွေမှုတွေ အကောင်အထည်မဖော်နိုင်ဘဲ သူတို့ သုံးဖွဲ့ လှုပ်ရှားတဲ့ နမ္မတူ၊ သီပေါ၊ ကျောက်မဲ စတဲ့မြို့နယ်တွေမှာ နှစ်တိုင်း တိုက်ပွဲတွေဖြစ်နေပြီး၊ ဒေသခံရွာသားတွေ သေဆုံးဒဏ်ရာရတာ၊ ထောင်နဲ့ချီ စစ်ရှောင်ရတာ၊ နေအိမ်တွေ ပျက်စီးတာတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။