ရှမ်းမြောက် စစ်ဘေးဒုက္ခသည်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ကံသာ
2020.10.13

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးထောင့်ငါးရာကျော်ရှိလာပြီး သူတို့ထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတာကို တွေ့ရပါတယ်။

နောင်ပိန်တိုက်နယ်မှာရှိတဲ့ ပရဟိတ ဆရာဝန်နဲ့ သူနာပြုတွေက ဒုက္ခသည်စခန်းမှာရှိတဲ့ ကျန်းမာရေး မကောင်းသူတွေကို ဆေးကုသပေးနေပါတယ်။

ထွက်ပြေးလာတဲ့သူတွေထဲက အသက်ကြီးသူတွေမှာ တိုက်ပွဲကြောင့် စိတ်ခံစားမှုတွေကြောင့် သွေးတိုးတာ နှလုံးရောဂါစတဲ့ ဝေဒနာတွေ ခံစားနေကြရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ ကိုဗစ်ရောဂါထက် စစ်ဘေးအန္တရာယ်ကို ပိုပြီးထိတ်လန့်နေကြရတယ်လို့ ဒေါက်တာ မျိုးဟန်သိန်း က ပြောပါတယ်။

ဒေါက်တာ မျိုးဟန်သိန်းဟာ နောင်ပိန်တိုက်နယ်မှာ ပြင်ပဆေးခန်းဖွင့်ထားတာဖြစ်ပြီး သူဇနီး အပါအဝင် နောင်ပိန် တိုက်နယ်ကျန်းမာရေးဝန်ထမ်းတွေ၊ ကမ်းလင့်လက်ပရဟိတအဖွဲ့၊ ပရဟိတသူနာပြုတွေနဲ့အတူ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ လိုက်လံဆေးကုပေးနေတာပါ။ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးပိုင်းဆိုင်ရာ ဂရုစိုက်ပေး ဖို့  အရေးတကြီးလိုအပ်နေတယ်လို့ နောင်ပိန်တိုက်နယ် ကမ်းလင့်လက် ပရဟိတအဖွဲ့က ကိုနေအောင်က ပြောပါတယ်။

ကမ့်လင့်လက် ပရဟိတအဖွဲ့က နေ့စဉ်စေတနာရှင်တွေ လာရောက်လှူဒါန်းတဲ့ပစ္စည်းတွေကို ဒုက္ခသည်စခန်းတွေ ကို လိုက်လံပို့ဆောင်ပေးနေတာပါ။ ဒီလိုပို့ဆောင်ရင် စခန်းတိုင်းမှာ ဆေးအဖွဲ့က ဆေးကုသမှုပေးနေတာ ဖြစ်ပါတယ်။

မြို့ပေါ်တွေမှာ ကိုဗစ်ရောဂါအတွက် ကျန်းမာရေးနဲ့အညီ နေထိုင်ဖို့ ညွှန်ကြားနေကြပေမယ့် စစ်ဘေးဒုက္ခသည် စခန်းက သူတွေအတွက် ဒီကိစ္စဟာ စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေပါတယ်။

စခန်းတစ်ခုထဲမှာ လူတွေ စုပြုံနေထိုင်နေကြရပြီး ကျန်းမာရေး အသိပညာပေးရေးလုပ်ဆောင်ရတာ အခက်အခဲ ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ အငြိမ်းစားသူနာပြု ဆရာမကြီး ဒေါ်နန်းလှမေက ပြော ပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုယ်ဝန်ဆောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသလို ကလေးငယ် ဝမ်းပျက်ဝမ်းလျောတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ သောက်သုံရေးအတွက် အနည်းငယ် အဆင်ပြေသလိုရှိကြပေမယ့် အိမ်သာတွေ မလုံလောက်တာကို တွေ့ရပါတယ်။

ဟိုနမ့်ကျေးရွာက ထွက်ပြေးလာတဲ့ နန်းမြအုံးကတော့ ရွာအနီးမှာ တိုက်ပွဲဖြစ်မှာကို ကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေက ကြောက်လန့်ပြီး ထွက်ပြေးလာတာလို့ ပြောပါတယ်။

ကျောက်မဲခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထွန်းကတော့ စစ်ဘေးဒုက္ခသည်တွေ စတင်ရောက်ရှိလာချိန် ထဲက ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး စာရင်းတွေကို အတိအကျ ကောက်ခံထားပြီး သက်ဆိုင်ရာကျေးရွာ ကျန်းမာရေး ဆရာမတွေက ကူးစက်ရောဂါတွေမဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆေးရေစိမ်ခြင်ထောင် အသုံးပြုနေကြပြီး စခန်းအတွင်း လူစုလူဝေးဖြစ်စေနိုင်တာကြောင့် ကိုဗစ် ကာကွယ်ရေးအတွက် နှာခေါင်းစည်း နဲ့ လက်အိတ်တွေ ဖြန့်ဝေထားတယ်လို့ပြောပါတယ်။

စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေသလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပုံမှန်လုပ်ပေးနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲထပ်ဖြစ်ပြီး ထွက်ပြေးရသူတွေများလာရင် ကလေးငယ်တွေ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ ထိခိုက်မှာ ကို စိုးရိမ်တယ်လို့ နောင်ပိန်တိုက်နယ် ကျန်းမာရေးဌာနက အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ရင်ရင်ဦးက ပြောပါတယ်။

ဒုက္ခသည်တွေကို အစိုးရထောက်ပံ့မှုအစီအစဉ်အနေနဲ့ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနက ဒုက္ခသည် နှစ်ထောင် ကျော်အတွက် ဆန်အိတ် ၁၂၄ အိတ်ကို ပရဟိတအဖွဲ့တွေကနေတဆင့် လှူဒါန်းပြီးဖြစ်သလို ထပ်မံထွက်ပြေးလာ သူတွေကို ဆက်လက်လှူဒါန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကျောက်မဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ဦးစီးအရာရှိ ဒေါက်တာ သိန်းဝင်းထွဋ်က ပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့မှာ  ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းက နောင်စိန့်ကျေးရွာမှာ လူဦးရေ လေးရာကျော် အုမ်ဟစ်ကျေးရွာမှာ လူဦးရေသုံးရာ စုစုပေါင်း လူဦးရေခုနှစ်ရာဟာ တိုက်ပွဲဖြစ်မှာစိုးရိမ်လို့ ထပ်မံထွက်ပြေးလာကြတယ်လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ နောင်ပိန်ကျေးရွာ ကမ်းလင့်လက် ပရဟိတအဖွဲ့က ကိုနေအောင်က RFA ကို ပြောပါတယ်။

မူလက ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ဘေးဒုက္ခသည်စခန်း ကိုးခုမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင့်ရှစ်ရာ ရှိတာ ကနေ ဒီကနေ့ ထပ်တိုးသူနဲ့ဆိုရင် စုစုပေါင်း ဒုက္ခသည်စခန်း ဆယ်ခုကျော်မှာ ထွက်ပြေးလာသူ သုံးထောင်း ငါးရာ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။

အမျိုးသမီးအရေး၊ ရှမ်းပြည်နယ်အရေးအတွက် လှုပ်ရှားနေတဲ့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းက  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ တပ်နဲ့ RCSS တို့ ကျောက်မဲမြို့နယ်အတွင်း  ပစ်ခတ်တိုက်ခိုက်နေကြတာကြောင့်  စိုးရိမ်မိကြောင်း အောက်တိုဘာ ၁ဝ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

“တိုက်ပွဲတွင်း သေနတ်သံ ဗုံးသံများကြောင့် မီးဖွားကာစမိခင်များမှာ  သွေးလန့်ကာ  စိတ်ချောက်ချားမှုများ ဖြစ်နေကြောင်း သိရှိရသည်။ ထို့အပြင် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်ဘက်မှ ရဟတ်ယာဉ်ဖြင့် ရွာနားတဝိုက်ဝဲပျံ၍ စစ်ပစ္စည်းနှင့် လူအင်အား ထပ်မံဖြည့်သောကြောင့်လည်း  ပြည်သူများ အလွန်စိုးရိမ်နေကြပြီး စိတ်တုန်လှုပ်ချောက်ခြားမှုကို ခံစားနေရသည်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။  

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့  အရေးကြီးနေချိန်မှာ အခုလို တိုက်ပွဲဖြစ်နေတာဟာ  ပြည်သူများရဲ့  လုံခြုံရေးနဲ့ အသက်ဘေးအန္တရယ်ကို ခြိမ်းခြောက်နေတယ်၊ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်၊ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ  မဲပေးပိုင်ခွင့်ကိုလည်း ဆုံးရှုံး စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ အထိ ကျောက်မဲမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေ စစ်ရေး တင်းမာနေဆဲဖြစ်ပါတယ်။

တပ်မတော်ဘက်က တပ်မ (၉၉)၊ တပ်မ(၁၀၁)နဲ့ ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းအချို့ ဟိုနမ့်၊ ပုံဝိုးစတဲ့ ကျေးရွာတွေအနီး လှုပ်ရှားနေတာကြောင့် RCSS တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတာလို့ စစ်ဘေးဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ ဒေသခံတွေက အောက်တိုဘာ ၁၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။