ရှမ်း- ကယား နယ်စပ် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်မှုရှိ

2022.09.11
ရှမ်း- ကယား နယ်စပ် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်မှုရှိ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ပျက်စီးခဲ့ရသည့် ဈေးကို တွေ့ရစဉ်။
Photo: PDF Provision Of Myanmar

စစ်ကောင်စီတပ်တွေဟာ ဝှါရီဆူးပလိုင်ရွာကနေ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကို ပစ်ဖောက်ပြီး စက်တင်ဘာလ ၈ ရက်မှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်က မိုးဗြဲမြို့ကို ဝင်ရောက်လာတာလို့ ဒေသခံ တွေက ပြောပါတယ်။

အဲဒီနေ့ကစလို့ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) လက်အောက်ခံ ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဒီကနေ့အထိ တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေတာလို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စက်တင်ဘာလ ၈ ရက်နေ့ကနေ စဖြစ်တယ်။ ၈ ရက်နေ့ မနက်ပိုင်း စဖြစ်တယ်။ ကျနော်တို့ အဲဒီမှာ တိုက်ပွဲက ဒီရက်အပါဆို လေးရက်မြောက် ဖြစ်သွားပြီပေါ့နော်။ အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးတွေ သူတို့ဘက်ကနေလည်း ပစ်တယ်။ လေယာဉ်ဆိုလည်း တော်တော်ပစ်ခတ်သွားတဲ့ အနေအထား။ အခုတော့ ဘယ်လိုဆက်ဖြစ်မယ် ပြောလို့မရသေးဘူး”

ဒီလေးရက်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က ရုရှားနိုင်ငံထုတ် Yak-130 အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်နဲ့ တရုတ်နိုင်ငံထုတ် K-8 တို့ကို အသုံးပြုပြီး လေကြောင်း တိုက်ခိုက်မှု ၁၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၄၂၂ က ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီး ကျည်အလုံး ၁၅၀ ပစ်ခတ်ခဲ့သလို လက်နက်ကြီးတချို့ဟာ လူနေရပ်ကွက်တွေထဲကို ကျရောက်ခဲ့ ပေါက်ကွဲခဲ့တယ်လို့ မိုးဗြဲ PDF ရဲ့ နေ့စဉ်တိုက်ပွဲ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

"လက်နက်ကြီးက လွိုင်ကော်ကနေ ထုနေတယ်။ ဒဏ်ရာရတဲ့သူ မနည်းပါဘူး၊ နေ့တိုင်းလိုလို ရှိပါတယ်" 

ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ဘေးဒုက္ခသည် ၂၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး အသက် ငါးနှစ်နဲ့ ရှစ်နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် အမျိုးသားသုံးဦး သေဆုံးခဲ့ရသလို ထိခိုက် ဒဏ်ရာရသူတွေ ရှိနေတယ်လို့ မိုးဗြဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

"၉ ရက်နေ့တုန်းက ကျနော့်သူငယ်ချင်းတစ်ယောက် ဆုံးသွားတယ်။ သူ့သားလည်း ဆုံးသွားတယ်။ သူ့ကလေးလေးက လမ်းအပြင်ထွက်တဲ့အခါ ကျည်ဆံထိသွားတယ်။ သူလည်း သူ့သား သွားဆွဲတဲ့အခါ စကစက သူ့ကိုပစ်လိုက်တယ်။ မနေ့ညကအထိ ပျက်စီးတာ အများကြီးပဲ။ ဈေးတွေပျက်တယ်။ လမ်းတွေပျက်တယ်။ အိမ်တွေ ပျက်တယ်။ လက်နက်ကြီးက လွိုင်ကော်ကနေ ထုနေတယ်။ ဒဏ်ရာရတဲ့သူ မနည်းပါဘူး၊ နေ့တိုင်းလိုလို ရှိပါတယ်၊ ကျနော် ခန့်မှန်းသလောက်ဆို တစ်နေ့ကို နှစ်ဦး၊ သုံးဦးလောက် ရှိတယ်"

မိုးဗြဲမြို့ပေါ်က အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦးလည်း စက်တင်ဘာလ ၈ ရက်မှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာပါ။

လက်ရှိတိုက်ပွဲကြောင့် မိုးဗြဲမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၂၀၀ လောက် တိုးလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“(စစ်ဘေးဒုက္ခသည်က) ၁၈၀၊ ၂၀၀ ဝန်းကျင်လောက် ရှိပါတယ်။ မိုးဗြဲမြို့ပေါ်က ရှိနေ ပါတယ်။ အရင်တုန်းက ရွှေ့ဆို ရွှေ့တယ်။ အခုတော့ (ပြည်သူတွေ) ရှိနေပါတယ်။ တိုက်ပွဲနဲ့ အရမ်းနီးတဲ့ နားလေးမှာပဲ နည်းနည်းလေး ပိတ်မိတာရှိတယ်။ ဒါပေမဲ့ သူက မိုးဗြဲမြို့နဲ့ နည်းနည်းလေး လှမ်းသေးတယ်ပေါ့နော်။ မြို့ပေါ်ကတော့ နည်းနည်းလေး တော့ လက်နက်ကြီး ကျတာတော့ ရှိတယ်ပေါ့။ လူထုတွေကလည်း အကျင့်နည်းနည်း ရနေပြီ။ နည်းနည်းပါးပါး ဖြစ်ရင်အိမ်မှာပဲ နေကြတယ်။ အသံတိတ်ရင် ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတာ ရှိပါတယ်။”

အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ခုခံမှုပြင်းထန်လာတဲ့ ကယားပြည်နယ်နဲ့ ရှမ်း-ကယား နယ်စပ်ဒေသတွေကို စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ လောက်ကိုင် တိုက်ပွဲတွေမှာ သုံးခဲ့တဲ့ တပ်မ ၆၆ ကို တပ်ရင်း ၆ ခု နဲ့ စေလွှတ်ခဲ့တာလို့ KNPP လက်အောက်ခံ ကရင်နီ တပ်မတော် (KA) က စက်တင်ဘာလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

moebye-home-destroy
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်ကို တွေ့ရစဉ်။ (Photo: PDF Provision Of Myanmar)

ဒါပေမဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် မိုးဗြဲမှာ မြို့ပေါ်နဲ့ တပ်ရင်း၊ တပ်ဌာနချုပ်တွေကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရှိတယ်လို့ KNPP အတွင်းရေးမှူး(၁)၊ ခူဒယ်နီယာက ပြောပါတယ်။

“နယ်မြေထိန်းချုပ်မှု အနေအထားကတော့ သူတို့မှာ တကယ့် တပ်ရင်း၊ ဌာနချုပ်တို့၊ မြို့ပေါ်တို့ သူတို့ထိုင်တဲ့ နေရာတွေမှာပဲ ထိန်းချုပ်နိုင်တော့တယ်။ ကျန်တဲ့နေရာက ကျနော်တို့ပဲ ရှိတယ်လေ။ လူထုရယ် နောက် လက်နက်ကိုင်တဲ့ တော်လှန်ရေး အဖွဲ့အစည်း တွေရယ် ဒါပဲရှိပါတယ်။ သူတို့ကတော့ စခန်းထိုင်တဲ့ နေရာမှာရယ်၊ သူတို့ရဲ့ တပ်ရင်းဌာနချုပ်တို့ ဥပမာ လွိုင်ကော်မြို့ပေါ်မှာတောင်မှ ရပ်ကွက်တိုင်း သူမထိန်းနိုင်တော့ဘူး”

မိုးဗြဲ PDF ကတော့ လေးရက်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပေမယ့် လက်နက်ကိုင် ခုခံသူတွေဘက် ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်း-ကယား နယ်စပ်က တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီ ရှမ်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ကယားပြည်နယ် နဲ့ ရှမ်း-ကယား နယ်စပ်ဒေသတွေမှာ စစ်ဘေး ဒုက္ခသည် နှစ်သိန်းတစ်သောင်းကျော် ရှိနေပါတယ်။ စစ်ဘေးဒုက္ခသည်အများ စုဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။