ကချင်ပြည်နယ် ဆယ်ဇင်းရွာလူသတ်မှုက လွတ်လာသူတွေရဲ့ ကိုယ်တွေ့

RFA Burmese
2023.09.06
ကချင်ပြည်နယ် ဆယ်ဇင်းရွာလူသတ်မှုက လွတ်လာသူတွေရဲ့ ကိုယ်တွေ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာတွင် စစ်‌ဘေးရှောင်ရင်း ဖမ်းဆီးခံခဲ့ရသူရှစ်ဦး လည်လှီးသတ်ဖြတ်ခံရသည့် ဖြစ်ရပ်ကို ရေးဆွဲသရုပ်ဖော်ထားပုံ။
Sketch by Rebel Pepper

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လူတွေအသတ်ခံရတဲ့ဖြစ်ရပ်တွေ နေ့စဉ်တွေ့နေကြားနေရပါတယ်။ အဲဒီဖြစ်ရပ်တွေထဲမှာ ထိတ်လန့်စရာကောင်းတဲ့ လူသတ်မှုတစ်ခုကနေ လွတ်လာတဲ့ ကိုအောင်အောင်နဲ့ ကိုမိုးကျော်ဆိုတဲ့ လူနှစ်ယောက်အကြောင်း တင်ပြမှာဖြစ်ပါတယ်။ သူတို့လုံခြုံရေးအတွက် ဒီနေရာမှာ နာမည်တွေကို လွှဲပြောပါရစေ။

သူတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖားကန့်မြို့နယ် ဆယ်ဇင်းရွာနားမှာ အသတ်ခံရတဲ့ လူရှစ်ယောက်ထဲက အသက်မသေဘဲ လွတ်မြောက်လာတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကြုံတွေ့ခဲ့ရတဲ့ ငရဲခန်းအကြောင်းကို အသက် ၂၃ နှစ်အရွယ် ကိုအောင်အောင်က အခုလိုပြောပြပါတယ်။

“ပါးစပ်တွေ တိတ်နဲ့ပိတ်၊ မျက်လုံးတွေကို ပဝါနဲ့စည်း၊ လက်ကိုနောက်ပြန်ကြိုးတုတ်၊ ဆိုင်ကယ်ချည်တဲ့ကြိုးလေးနဲ့ချည်၊ အဝတ်အစားနဲ့လည်း သုံးပင်တုတ်ထားတယ် နောက်ပြန်ကြိုးကို။ ပါးစပ်ကို တိတ်နဲ့ပတ်ထားတာ။ မျက်စိကို ပုဝါပတ် ထားပေးတာကအဆိုးဆုံးပဲ။ လက်ကလည်း ၃ ကြိုးတုတ်ထားတာလေ နောက်ပြန်ကြိုးနဲ့။ နှာခေါင်းတစ်ခုပဲ ဖော်ထားတာ။ သတ်မယ့်နေရာရောက်တော့ ငုတ်တုတ် ပြန်ထိုင်ခိုင်းတာ။”

သူ့ခေါင်းကိုရိုက်ပြီး လည်လှီးတယ်လို့ပြောပါတယ်။

“ကျွန်တော်ကိုလည်း ကမ်းပါးမှာထိုင်ခိုင်းပြီး နောက်စေ့ကို နှစ်ချက်ရိုက်တာ နှစ်ချက်ရိုက်ပြီး အောက်ရောက်မှ လှီးတာ။”

ကိုအောင်အောင်ဟာ သူ့ရွာမှာ အလုပ်အကိုင်ရှားတဲ့အတွက် ကချင်ပြည်နယ် ဆယ်ဇင်းရွာနဲ့ကပ်နေတဲ့ နမ့်ပုတ်ရွာ အနောက်ဘက်က ရွှေမျောတစ်ခုမှာ အလုပ်လုပ်ဖို့ ၂၀၂၂ သြဂုတ်လမတိုင်ခင် လေးလအလိုလောက်ကမှ ရောက်နေတာပါ။

ကိုအောင်အောင်ဟာ အဲဒီဆယ်ဇင်းရွာကို ဝမ်းရေးအတွက် အလုပ်လုပ်ဖို့ရောက်နေပေမယ့် ထင်မထားဘဲ ကြုံလာ ရတဲ့စစ်ပွဲက သူ့ကိုလူသတ်ကွင်းအထိ ရောက်သွားစေခဲ့ပြီး သေကံမရောက်လို့ အသက်မပျောက်ခဲ့တာပါ။

သူနဲ့အတူ လူသတ်ကွင်းကနေ သေကံမရောက်ဘဲ လွတ်လာတဲ့သူတစ်ယောက်ကတော့ အသက် ၃၉ နှစ်အရွယ် ကုန်ထမ်းသမား ကိုမိုးကျော်ပါ။

“မသေတာ ၃ ယောက် ကျွန်တော်အရင်မထဘူးဗျ။ အဲအစ်ကိုတစ်ယောက်က အရင်ဆုံးထတာ။ မသေတဲ့ လူရှိရင်ထ ဘာညာနဲ့ သူက။ အဲဒါနဲ့ တစ်ယောက်ပြီး တစ်ယောက်ထကြပြီးမှ တစ်ယောက်ကိုက ထိုင်ခိုင်းထား တစ်ယောက်ကိုက မတ်တတ်ရပ် နောက်ပြန် မျက်စိနားက အဝတ်နဲ့ ပါးစပ်ကဟာ အရင် ယူပစ်တာဗျ။ ပြီးမှ လူချင်းကျောကပ်ပြီး ကြိုးတွေကို ပါးစပ်နဲ့ကိုက်တာ။ ကျွန်တော်တို့ကို ဆိုင်ကယ်ကော်ကြိုးတွေနဲ့ ချည်သွားတာ။ ဆွဲလိုက်ရင် ကြပ်လိုက်တဲ့ဟာ။ အဲဒီသေထားတဲ့ သူတွေဘေးမှာပဲ အိပ်ထားတော့တာ အဲဒီညက။ ဘယ်မှလည်း မသွားတတ်တော့ အဲမှာပဲအိပ်ထားတော့တာ"

သူတို့ကြုံခဲ့တဲ့ လူသတ်မှုကတော့ လွန်ခဲ့တဲ့ဇန်နဝါရီလ ၁၉ ရက်နေ့ညက ဆယ်ဇင်းရွာမှာ ဖြစ်သွားတာပါ။ ဥရုချောင်းဘေးက ရွာကြီးတစ်ရွာဖြစ်တဲ့ ဆယ်ဇင်းရွာဟာ ကချင်ပြည်နယ်ထဲမှာ ရှိပါတယ်။ အဲဒီရွာနဲ့ကပ်နေတဲ့ ဟုမ္မလင်းမြို့က စစ်ကိုင်းတိုင်းမှာ ဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အဆင်ပြေတဲ့ SNA ဆိုတဲ့ ရှမ်းနီအမျိုးသားတပ် ရှိပါတယ်။ ဆယ်ဇင်းရွာကတော့ ဖားကန့်နယ်ထဲမှာဖြစ်နေတဲ့အတွက် KIA တပ်တွေလည်း သွားလာလှုပ်ရှားတဲ့ဒေသ ဖြစ်ပါတယ်။

အဲဒီလိုလက်နက်ကိုင်အဖွဲ့စုံ လှုပ်ရှားနေတဲ့ဒေသဖြစ်သလို ရွှေထွက်တဲ့နေရာဖြစ်လို့ ဒေသစိုးမိုးရေးအတွက်လည်း အားပြိုင်မှုတွေရှိပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ လက်နက်ကိုင်တော်လှန်စစ်နဲ့ စစ်တပ်ရဲ့ချေမှုန်းစစ်တွေ ပြင်းထန်လာပါတယ်။

"၁၄ နှစ် ကလေးဆို ဝါးလုံးနဲ့ ကြိတ်တာ အရိုးတွေတောင် ထွက်တယ်"

အဲဒီဟုမ္မလင်းနဲ့ ဆယ်ဇင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ SNA တပ်စခန်းတွေကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာရော သြဂုတ်လမှာပါ KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်သိမ်းပိုက်တာတွေရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းရော လက်နက်ကြီးတွေနဲ့ပါ ပြန်တိုက်သလို ရွာကိုမီးရှို့လို့ အိမ် ၄၀၀ လောက်မီးလောင်သွားပါတယ်။ လူတွေလည်း ရာနဲ့ချီ အဖမ်းခံရပါတော့တယ်။ ရွာကလူတွေ ထွက်မပြေးအောင် စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားပြီး ဒါဟာ KIA နဲ့ PDF တွေ လာမတိုက်အောင် လူသားဒိုင်းလုပ်ထားတာလို့လည်း ပြောပြကြပါတယ်။

ဒီစစ်ပွဲတွေကြားမှာ ကိုအောင်အောင်တို့ ကိုမိုးကျော်တို့လို ကျပန်းအလုပ်သမားတွေနဲ့ ရွာသားတွေ ရှိနေခဲ့တာပါ။ ဆယ်ဇင်းရွာမှာ ၂၀၂၂ သြဂုတ်လ ၈ ရက် စစ်ပွဲတွေဖြစ်လာတော့ သူ့အလုပ်ရှင်နဲ့ မိသားစုက ဘေးလွတ်ရာ တိမ်းရှောင်ကြပါတယ်။ ကိုအောင်အောင်က လိုက်မသွားဘဲ သူ့သူငယ်ချင်းတွေရှိတဲ့ ရွာထဲမှာပဲ နေရစ်ခဲ့ပါတယ်။

ဆယ်ဇင်းရွာလူသတ်မှုမှ လွတ်လာသည့် ကိုအောင်အောင်နှင့် ကိုမိုးကျော်တို့ ပုံအား ရေးဆွဲထားသော သရုပ်ဖော်ပုံ။ (Sketch by Rebel Pepper)
ဆယ်ဇင်းရွာလူသတ်မှုမှ လွတ်လာသည့် ကိုအောင်အောင်နှင့် ကိုမိုးကျော်တို့ ပုံအား ရေးဆွဲထားသော သရုပ်ဖော်ပုံ။ (Sketch by Rebel Pepper)

ဆယ်ဇင်းရွာ မီးလောင်တဲ့ညမှာ လက်နက်ကြီးပေါက်ကွဲသံတွေ သေနတ်သံတွေကြား အိမ်တစ်အိမ်မှာ ပုန်းနေခဲ့ပါတယ်။ နောက်တော့ ကျန်တဲ့ရွာသားတွေနဲ့အတူ ရွာထဲကဘုန်းကြီးကျောင်းထဲမှာပဲ ပုန်းခိုနေခဲ့ပါတယ်။

တစ်ပတ်လောက်အကြာမှာ သူလည်း သူ့သူငယ်ချင်းနဲ့အတူတူ တာမခန်ဘက်ကို စစ်ရှောင်ဖို့ထွက်တဲ့အခါမှာတော့ လမ်းမှာ စစ်ကောင်စီတပ်နဲ့တွေ့ပြီး အဖမ်းခံလိုက်ရပါတော့တယ်။ အဲဒီနောက် သူတို့ ဆယ်ဇင်းရဲစခန်းအချုပ်ထဲ ရောက်သွားပါတော့တယ်။

သူတို့အချုပ်ထဲမှာ ငါးလကျော်လောက်နေခဲ့ရတဲ့ဘဝကို ကိုမိုးကျော်ကပြောပါတယ်။

“ရဲစခန်းထဲကိုဝင်ပြီးမှ ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်တော့တာပဲ။ ရိုက်ပြီးမှ မေးတော့တာ မင်းတို့ PDF မဟုတ်လား မဟုတ်ဘူးပြောလေ ရိုက်လေပဲ။ သံလုံးနဲ့ အချုပ်ထဲမှာ ကျွန်တော်တို့ကိုထည့်တာတောင် ဝင်ပြီးမှ လာရိုက်သေးတယ်ဗျ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ဒီမှာတွေလည်း ကွဲကုန်တော့တာဗျ။ သူကတော့ အချုပ်ထဲမှာသေသွားတာ နေမကောင်းလို့။”

တခြားလူတွေ နှိပ်စက်အသတ်ခံရတာကိုလည်း ကိုမိုးကျော်က ပြောပြပါတယ်။

“ပထမ ကျွန်တော်တို့ အရှေ့ရောက်တဲ့သူတွေဆို ကျင်စက်တွေနဲ့လည်း တို့ထားတယ်ဗျ။ ၁၄ နှစ် ကလေးဆို ဝါးလုံးနဲ့ ကြိတ်တာ အရိုးတွေတောင် ထွက်တယ်။ ဒီအစ်ကိုတွေနဲ့ဆိုတော့ ၁၂ ယောက်ပေါ့။ ကျွန်တော်တို့က နှစ်ယောက်ဆို ၁၄ ယောက် အချုပ်ထဲမှာ။ ၄ ယောက်က အချုပ်ထဲမှာဖျားပြီး သေသွားတယ် ၃ လလောက် ကြာပြီးတဲ့နောက်။ တိုင်လေးတိုင်လောက်ပဲ ရှိတယ် အိမ်သာလည်းပါသေးတယ် ဒီမှာအိပ် ဒီမှာပဲစားဆိုတော့ ရေတွေဘာတွေလည်း မချိုးရဘူးလေ။ အဲတာမျိုးဆိုတော့ ရောဂါတွေ ကိုယ်ရောင်ကိုယ်ဖောတွေဖြစ်ပြီးမှ သေသွားတာဗျ လေးယောက်က။ ကျန်တဲ့ နှစ်ယောက်ကိုတော့ ၂၀၂၂ ခုနှစ် ၁၂ လပိုင်းမှာ ထုတ်သွားတယ်ဗျ။ ၁၄ နှစ်ကလေးနဲ့ မိုက်ကြီးဆိုတဲ့တစ်ယောက်ကို သွားသတ်လိုက်တာပဲဖြစ်မှာပါ အဲဒါလဲ”

သူပြောတဲ့ ၁၄ နှစ်သား ကလေးဆိုတာက ဆယ်ဇင်းဝက်သားဆိုင်က ဒေါ်နန်းရဲ့မွေးစားသားလို့ သိရပါတယ်။

ကိုအောင်အောင်နှင့် ကိုမိုးကျော်တို့ကိုထားသော အချုပ်ခန်းအား ရေးဆွဲထားသော သရုပ်ဖော်ပုံ။ (Sketch by Rebel Pepper)
ကိုအောင်အောင်နှင့် ကိုမိုးကျော်တို့ကိုထားသော အချုပ်ခန်းအား ရေးဆွဲထားသော သရုပ်ဖော်ပုံ။ (Sketch by Rebel Pepper)

ကိုမိုးကျော်ကတော့ ဆယ်ဇင်းရွာမှာ ကုန်ထမ်းအလုပ်သမားဘဝနဲ့ ရုန်းကန်နေရင်း မထင်မှတ်ဘဲ ရွာမှာစစ်မီးတောက်လာတော့ ထမင်းဆိုင်တစ်ဆိုင်ရဲ့ အစောင့်အဖြစ်နဲ့နေခဲ့ရင်း အဖမ်းခံလိုက်ရတာပါ။ အဖမ်းခံရပြီး တစ်ပတ်လောက်ထိ ထမင်းမစား ရေဝအောင်မသောက်ရနဲ့ နေခဲ့ရပါတယ်။

နောက်ပိုင်း ဖမ်းမိတဲ့သူတွေကို အချုပ်မဆန့်တော့တဲ့အတွက် ရဲစခန်းရှေ့မှာပဲ ရိုက်သတ်လိုက်တာတွေလည်း မြင်ခဲ့ရတယ်လို့ ကိုမိုးကျော်က ပြောပါတယ်။ အရင်ကလည်း အချုပ်ခန်းထဲက လူ ၁၃ ယောက်ကို ခေါ်သွားပြီး သွားသတ်လိုက်တာ ရှိတယ်လို့ သူတို့ထက်စောပြီး အဖမ်းခံထားရတဲ့ သူတွေဆီက သိခဲ့ရတဲ့အကြောင်းလည်း ပြောပြပါတယ်။ အဲဒီလို တခြားလူတွေ နှိပ်စက်အသတ်ခံရတာကိုကြည့်ရင်း သူတို့အလှည့် ဘယ်တော့ရောက်မလဲဆိုတဲ့ အတွေးနဲ့ ငရဲခန်းရက်တွေ ဖြတ်သန်းနေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ညမှာတော့ သူတို့နှစ်ယောက်အပါအဝင် ရှစ်ယောက်ကို စစ်ကောင်စီတပ်သားတွေက ရဲစခန်းအချုပ်ထဲကနေ အပြင်ကိုခေါ်ထုတ်သွားပြီး SNA တပ်သားတွေက တောင်ကမူတစ်ခုနားမှာ သတ်တာပါ။ သူတို့မျက်နှာတွေကို အဝတ်နဲ့စည်းပြီးခေါ်သွားလို့ သူတို့ကိုသတ်တာ ဘယ်နေရာလဲဆိုတာ မသိပေမယ့် မနက်ဖက် ထွက်ပြေးတဲ့အချိန်မှာတော့ ရွှေတွင်းဟောင်းတစ်ခုဆိုတာ သတိထားမိလိုက်ကြပါတယ်။

သွေးသံရဲရဲနဲ့ ရောက်လာတဲ့သူတို့နှစ်ယောက်ကို CDM ဆရာဝန် ဒေါက်တာစိုးမင်းက ဆေးကုပေးလို့ အသက်ရှင်ခဲ့တာပါ။

“သူတို့နှစ်ယောက်ရဲ့ဒဏ်ရာက ခေါင်းနောက်စေ့မှာ ရိုက်ထားတဲ့ဒဏ်ရာ တစ်ယောက်တစ်ချက်စီ ပါတယ်။ လည်ပင်းမှာ လှီးထားတဲ့ အလှီးခံထားရတဲ့ဒဏ်ရာပေါ့နော် တစ်ယောက်ကတော့ ချုပ်ဖို့လိုတယ်။ နောက်တစ်ယောက်ကတော့ ချုပ်စရာမလိုဘူး။”

အဲဒီညက သေသွားတဲ့သူ ငါးယောက်ကတော့ ဦးဖိုးစည် (၆၇ နှစ်)၊ ကိုကောင်းမြတ်သူရိန် (၂၀ နှစ်)၊ ကိုဇော်မျိုးထွေး (၂၃ နှစ်)၊ ဦးဖိုးယော (၄၂ နှစ်)နဲ့ ဦးချစ်စမ်းမောင် (၃၈ နှစ်) တို့ဖြစ်တယ်လို့ သိရပေမယ့် သူတို့ ဘယ်ဇာတိလည်းဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ သူတို့အားလုံးဟာ KIA/PDF တွေ မဟုတ်ဘဲ ဖားကန့်မြို့နယ် ရွှေတွင်းတွေက ကုန်တင်ကုန်ချ ကျပန်းအလုပ်သမားတွေ ဖြစ်တယ်လို့ ကိုအောင်အောင်က ပြောပါတယ်။

ဆယ်ဇင်းရွာလူသတ်မှုမှ လွတ်လာသည့် ကိုအောင်အောင်နှင့် ကိုမိုးကျော်တို့အပါအဝင် ရှစ်ဦးအား လည်လှီးအသတ်ခံရသည့် ဖြစ်ရပ်အား ရေးဆွဲထားသည့် သရုပ်ဖော်ပုံ။ (Sketch by Rebel Pepper)
ဆယ်ဇင်းရွာလူသတ်မှုမှ လွတ်လာသည့် ကိုအောင်အောင်နှင့် ကိုမိုးကျော်တို့အပါအဝင် ရှစ်ဦးအား လည်လှီးအသတ်ခံရသည့် ဖြစ်ရပ်အား ရေးဆွဲထားသည့် သရုပ်ဖော်ပုံ။ (Sketch by Rebel Pepper)

အဲဒီလို အသတ်ခံလိုက်ရတဲ့သူ အနည်းဆုံး ၇၅ ယောက်လောက်ရှိတယ်လို့ ကချင်ပြည်နယ်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Kachin State Human Rights Network အဖွဲ့က လုံခြုံရေးကြောင့် နာမည်မပြောဖို့ တောင်းဆိုထားတဲ့သူက RFA ကို ပြောပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ SNA ရှမ်းနီတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆေးစိုင်းထွန်းကို RFA က ဆက်သွယ်ပြီး မေးကြည့်တဲ့အခါ ဖြေဆိုဖို့ ငြင်းပါတယ်။

“အဲဒါက ဒီမှာမေးလို့မရဘူး သူ့ပြောရေးဆိုခွင့်ရှိတယ်ဗျ။ အဲမှာသွားမေးမှရမှာ ပြောရေးဆိုခွင့် သွားမေးပါ ကျွန်တော် ဒီကနေ ဖြေလို့မရဘူးဗျ။”

ဒါကြောင့် လက်ရှိပြောရေးဆိုခွင့်ရှိတဲ့သူလို့ဆိုတဲ့ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အဲဒီမှာ သတ်တဲ့သူတွေ သတိမထားမိလိုက်တာ တစ်ခုရှိပါတယ်။ ညတွေဆိုရင် တစ်ယောက်ယောက်က ပတ်ဝန်းကျင်ကို အမြဲစောင့်ကြည့်နေတယ်ဆိုတာပါ။

“လည်လှီးသတ်တာပေါ့။ လည်လှီးသတ်တဲ့အခါမှာ သူက လွတ်မြောက်ခဲ့တော့ ပြောမယ်ဆိုရင် ကြက်ခေါင်းလှီးတဲ့ ပုံစံ။ လည်ချောင်းကို လှီးတဲ့ဟာ။ တစ်ယောက်က ချရုံပဲချပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတာ။”

စစ်ကောင်စီရဲ့ပြောခွင့်ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က မေးမြန်းထားပေမယ့် ခုချိန်အထိ အကြောင်းမပြန်ပါဘူး။ ဒါကြောင့် စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း မေးကြည့်တော့ သူလည်းမသိဘူးလို့ ပြောပါတယ်။

“ကျွန်တော် မသိပါဘူး အဲကိစ္စက။ သိရင်တော့ ကျွန်တော်တို့ အစိုးရက ကူညီပေးတာရှိတာပေါ့။”

ကိုအောင်အောင်နှင့် ကိုမိုးကျော်တို့အပါအဝင် ရှစ်ဦးအား လည်လှီးအသတ်ခံရသော နေရာအား ရေးဆွဲထားသည့် သရုပ်ဖော်ပုံ။ (Sketch by Rebel Pepper)
ကိုအောင်အောင်နှင့် ကိုမိုးကျော်တို့အပါအဝင် ရှစ်ဦးအား လည်လှီးအသတ်ခံရသော နေရာအား ရေးဆွဲထားသည့် သရုပ်ဖော်ပုံ။ (Sketch by Rebel Pepper)

ဒီဖြစ်ရပ်ကိုအရေးယူနိုင်အောင် နိုင်ငံတကာအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်မယ်လို့ အမည်မဖော်လိုတဲ့ လူ့အခွင့်အရေးသမားတစ်ယောက်က ပြောပါတယ်။

“ဆယ်ဇင်းကိစ္စက အင်မတန်မှ တုန်လှုပ်စရာဖြစ်တယ်။ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်တဲ့အရာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အပြစ်ကနေ ကင်းလွတ်တဲ့အရာမဖြစ်အောင် ကျွန်တော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတွေနဲ့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုတော့ ကိုအောင်အောင်နဲ့ ကိုမိုးကျော်တို့ဟာ လွတ်မြောက်နယ်မြေတစ်နေရာ ရောက်နေပါပြီ။ အသက်မသေဘဲ လွတ်လာတဲ့သူ သုံးယောက်ဖြစ်ပေမယ့် နောက်တစ်ယောက်ကိုတော့ အဆက်အသွယ်မရခဲ့ပါဘူး။

ရှမ်းနီအမျိုးသားတပ်မတော်ဟာ ရှမ်းနီလူနည်းစုအခွင့်အရေးအတွက် ၁၉၈၉ ခုနှစ်ကစလို့ လက်နက်ကိုင်နေတဲ့ အဖွဲ့ဖြစ်ပြီး အခုတော့ စစ်ကောင်စီနဲ့ အဆင်ပြေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ကိုအောင်အောင်နဲ့ ကိုမိုးကျော်တို့ ကြုံခဲ့ရတဲ့ လူသတ်ကွင်းနဲ့အတော့်ကို ဆင်တူတဲ့ ရက်ရက်စက်စက် လူသတ်နေတဲ့ ရုပ်သံမှတ်တမ်းနှစ်ခုကိုလည်း RFA က လက်ခံရရှိထားပါတယ်။

မှတ်တမ်းတစ်ခုမှာတော့ SNA ရှမ်းနီတပ်ဖွဲ့ရဲ့ ဝတ်စုံဝတ်ထားတဲ့သူအပါအဝင် လက်နက်ကိုင်လူတစ်စုက လက်နက်မဲ့ အရပ်သားငါးယောက်ကို ရက်ရက်စက်စက် သတ်နေတဲ့မှတ်တမ်းနဲ့ နောက်တစ်ခုက လက်နက်မဲ့ လူငယ်တစ်ယောက်ကို လက်နက်ကိုင်လူတစ်စုက သွေးအေးအေးနဲ့ လည်လှီးသတ်နေတဲ့ မှတ်တမ်းဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံတွေကတော့ ဆယ်ဇင်းရွာလူသတ်မှုအတွက် တရားမျှတမှုတောင့်တနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Myan Naing Aung
2023-11-28 22:50

အမှန်တရားဟာ တနေ့တော့ပေါ်လာနိုင်ကောင်းပါရဲ့😭😭😭😭