အာဏာသိမ်းကာလ အမျိုးသမီးလေးရာနီးပါး နှစ်ရှည်ထောင်ဒဏ်နဲ့ သေဒဏ်တွေ ချမှတ်ခံရ
2024.01.29

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါး ကာလအတွင်းမှာ သေဒဏ်နဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ အမျိုးသမီး ၃၉၈ ယောက်ရှိပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီအမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ပုဒ်မတွေနဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတာပါ။
သူတို့တွေထဲက အများစုက အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ နိုင်ငံရေးပုဒ်မ - ၅၀၅ - က တွေ ဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီး အများစုက ပုဒ်မ - ၅၀၅ - က၊ ပုဒ်မ - ၅၀ (ည) တွေနဲ့ အများစု တရားစွဲဆိုခံရတာ ဖြစ်တယ်။ တချို့ အမျိုးသမီးတွေဆိုရင် တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်လှူဒါန်းတဲ့ကိစ္စတွေမှာတောင်မှ အနှစ် လေးဆယ်တို့ အဲဒီလောက်အထိ ချမှတ်ခံရတာတွေလည်းရှိတော့ ဘယ်ပုဒ်မနဲ့ စွဲခံရသလဲဆိုတာထက် ကြည့်ရတာကတော့ သူတို့ရဲ့ လက်ထဲမှာပဲ အာဏာရှိတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့ တပ်ချင်တဲ့ ပုဒ်မကောက်တပ်ပြီး စွပ်စွဲတယ်လို့ပဲ ယူဆရပါတယ်"
စစ်ကောင်စီဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက အတိုက်အခံနိုင်ငံရေး အင်အားစုတွေကို အရေးယူဖို့ရည်ရွယ်ပြီး ရာဇသတ်ကြီးဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေ နှစ်ရပ်ကို ဖြည့်စွက် ပြဋ္ဌာန်းခဲ့ပါတယ်။
လက်ရှိ နိုင်ငံရေးသမားတွေကို အရေးယူမှု အများဆုံးဖြစ်တဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ - ၁၂၁၊ ဆူပူထကြွအောင်လှုံ့ဆော်မှု ပုဒ်မ - ၁၂၄ နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ တို့ကို သတ်မှတ်ချက်အသစ်တွေ ထည့်သွင်းတာတွေ၊ အပိုဒ်ခွဲတွေ ထည့်သွင်းတာတွေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။
အဲဒီပုဒ်မတွေထဲ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်တွေ၊ အာမခံမပေးနိုင်အောင် ကန့်သတ်မှုတွေ လုပ်ခဲ့ပြီးနောက် အတိုက်အခံတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးခဲ့ရာမှာ ဒီနေ့အထိ အမျိုးသမီး ငါးထောင်ကျော် အပါအဝင် လူပေါင်း နှစ်သောင်းကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
BWU ရဲ့ စာရင်းတွေအရ ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေထဲမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံထားရတဲ့သူ ၃၉ ယောက်၊ သေဒဏ်ချမှတ်ခံရသူ ၁၆ ယောက် ရှိပြီး၊ ထောင်ဒဏ် ၄၅ နှစ်ကနေ ၆၅ နှစ်အထိ နှစ်ယောက်၊ နှစ်သုံးဆယ်ကနေ ၄၅ နှစ်အထိ ခုနစ်ယောက် ရှိပါတယ်။
ထောင်ဒဏ်နှစ် နှစ်ဆယ်ကနေ သုံးဆယ်အထိ ချခံထားရတဲ့သူ ၂၄ ယောက်ရှိသလို ဆယ်နှစ်ကနေ နှစ်နှစ်ဆယ်အထိ ချမှတ်ခံရသူ ၁၀၅ ယောက်နဲ့ ငါးနှစ်ကနေ ဆယ်နှစ်အထိ ချခံထားရတဲ့သူ ၂၀၅ ယောက်ရှိတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း အသက် ၅၀ အရွယ် မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို အင်းစိန်ထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) နဲ့ အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
ဒါရိုက်တာ ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ အွန်လိုင်းက မှာယူထားတဲ့ ဒရုန်း သွားယူချိန် စစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီး ခံခဲ့ရတာပါ။
ဒီ ဒရုန်းဟာ ရိုက်ကူးရေးအတွက်သာဖြစ်ပြီး အကြမ်းဖက်ပုဒ်မနဲ့ အခုလို ကြီးလေးတဲ့ ထောင်ဒဏ်ချမှတ်တဲ့အပေါ် နားမလည်နိုင်ဖြစ်ရကြောင်းနဲ့ အစ်မဖြစ်သူ အမြန်လွတ်မြောက်ရေးကို မျှော်လင့်နေကြောင်း ရှင်ဒေဝီရဲ့ မောင်ဖြစ်သူ ကိုမြင့်သူက ပြောပါတယ်။
"ရိုက်ကူးရေး ရုပ်ရှင်သမား၊ ရိုက်ကူးရေးလုပ်တယ်။ သူ့အတွက်လိုအပ်တဲ့ ပစ္စည်းဝယ်တယ်။ ဘယ်လိုအကြောင်းနဲ့ အကြမ်းဖက်နဲ့ ချိတ်ဆက်ပြီးတော့ လုပ်လိုက်တယ်ဆိုတာကို နားမလည်နိုင်ဘူး။ သူ့ရဲ့လုပ်နိုင် ကိုင်နိုင်တဲ့ အသက်အရွယ်၊ အတွေ့အကြုံတွေလည်း အများကြီးရပြီ။ သူ့မှာ ထိုက်သင့်တဲ့ ပညာအရည်အချင်းလည်း ရှိတယ်။ လုပ်နိုင်ကိုင်နိုင်လည်း ရှိတာကို ဒါတွေအားလုံးကို မလုပ်ရဘဲနဲ့ ကုန်ဆုံးရမယ်ဆိုရင်တော့ သူ့အတွက်ရော၊ မိသားစုအတွက်ရော၊ ရုပ်ရှင်အသိုင်းအဝိုင်းအတွက်ရော၊ လူ့အသိုင်းအဝိုင်းအတွက်ပါ ဆုံးရှုံးမှုရှိတယ်လို့ ယူဆတယ်။ ကျွန်တော်တို့ အစ်မ အိမ်ကိုပြန်လာတာပဲ လိုချင်တယ်"
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ စစ်အုပ်ချုပ်ရေးနယ်မြေတွေ အများအပြား သတ်မှတ်ခဲ့ပြီး ဖမ်းဆီးခံရသူ အများစုကိုလည်း စစ်ခုံရုံးတွေမှာ တရားစွဲဆို စီရင်ချက်ချခဲ့ပါတယ်။
နိုင်ငံရေးပုဒ်မတွေကို သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ သက်ဆိုင်ရာ ပြစ်မှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်တို့ကို ချမှတ်နိုင်တယ်လို့ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းချက်ထဲမှာ ထည့်သွင်းထားတာကြောင့် စစ်ခုံရုံးတွေက အမြင့်ဆုံးပြစ်ဒဏ်ထက်ပိုတဲ့ နှစ်ရှည်ထောင်ဒဏ်တွေ၊ သေဒဏ်တွေကို လွတ်လွတ်လပ်လပ် ချမှတ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
"သူတို့ကို ဆန့်ကျင်တဲ့လူ၊ မထောက်ခံတဲ့သူတွေမှန်သမျှကို ရှင်းရှင်းပြောရရင် သတ်ပစ်ချင်တာပဲ။ ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်တဲ့နှုန်းက အင်မတန်များလာတယ်"
အာဏာသိမ်းစ ငြိမ်းချမ်းစွာ ဆန္ဒပြစဉ်ကတည်းက ဒီနေ့အထိ အမျိုးသမီးတွေ စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်နေတဲ့အပေါ် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်တာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တာဝန်ရှိသူတစ်ဦးကလည်း သုံးသပ်ပါတယ်။
"ဘာကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်တွေ ချမှတ်လဲဆိုတော့ အဓိက အမုန်းတရားပဲ။ စစ်အုပ်စုကတော့ ရှင်းတယ်။ သူတို့ကို ဆန့်ကျင်တဲ့လူ၊ မထောက်ခံတဲ့သူတွေမှန်သမျှကို ရှင်းရှင်းပြောရရင် သတ်ပစ်ချင်တာပဲ။ ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်တဲ့နှုန်းက အင်မတန်များလာတယ်။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးတော့ နည်းပေါင်းစုံနဲ့ကို စစ်အုပ်စုကို တော်လှန်တာ တွေ့ရတယ်။ အဲဒီအပေါ်မှာလည်း စစ်အုပ်စုက အရမ်းမုန်းတယ်။ အရမ်းမုန်းတဲ့ အတွက်ကြောင့် အမျိုးသမီးတွေကို မတရားသဖြင့် ဖိနှိပ်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ကို ကလဲ့စားချေနေတာမျိုး တွေ့ရတယ်။ ဘာမှ သက်သေမရှိလည်း သူတို့ချချင်တဲ့ အမိန့်မျိုးကို တပ်ပြီး အမိန့်ချမှာပဲ"
စစ်ကောင်စီက လိုရာပုဒ်မတွေ ကပ်ပြီး တရားစွဲတဲ့အပြင် ပြစ်ဒဏ်ချမှတ်တဲ့ အခါမှာလည်း တရားသူကြီးတွေ ကိုယ်တိုင်က စစ်ကောင်စီရဲ့ ညွှန်ကြားချက်အတိုင်းသာ အမိန့်ချမှတ်နေတာဖြစ်လို့ တရားမျှတမှုဆိုတာ မရှိဘူးလို့ သူက ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အပြစ်ရှိသူတွေကိုသာ ဥပဒေအရ အရေးယူ အပြစ်ပေးတာလို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ RFA ကို ပြောခဲ့ဖူးသလို အဲဒီနှစ် စက်တင်ဘာ ၂၀ ရက်က သတင်းစာရှင်းလင်းပွဲမှာလည်း NUG၊ CRPH၊ PDF အဖွဲ့တွေကို တစ်ကျပ်တစ်ပြားလေး လှူမိရုံနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ငြိစွန်းပြီး ထောင် ဆယ်နှစ်ကနေ သေဒဏ်အထိ ကျနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်တဲ့အခါမှာ ဥပဒေအတိုင်း မလုပ်ဆောင်တဲ့အပြင် လွတ်လပ်မှုမရှိတဲ့ စစ်ခုံရုံးတွေ၊ တရားရုံးတွေကနေ တရားစီရင်တာကြောင့် ပြည်သူတွေအနေနဲ့ ဥပဒေအရ ခုခံကာကွယ်ခွင့်မရဘဲ လူ့အခွင့်အရေးကို ချိုးဖောက်ခံနေရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။
"ဒီလိုမျိုး စီရင်တဲ့နေရာမှာ တရားစွဲဆိုမှုတွေ တရားခွင်မှာ ကြားနာမှုတွေ၊ စီရင်ချက် ချမှတ်မှုတွေမှာရော၊ လူသားတစ်ယောက်ရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးတွေရရှိလား၊ မရရှိဘူးဆိုတာ သေချာနေပါတယ်။ သူတို့ကနေ စီမံဆောင်ရွက်ထားတဲ့ တရားရုံးတွေမှာ သက်သေခေါ်ပိုင်ခွင့်မရှိ၊ ငြင်းဆိုပိုင်ခွင့်မရှိဘဲနဲ့ ဘာမှ လွတ်လပ်မှုမရှိတဲ့ တရားရုံးတွေ၊ စစ်ခုံရုံးတွေကနေ လုပ်ဆောင်နေတဲ့အချက်ပါ။ ဒီကိစ္စကို ကြည့်မယ်ဆိုရင် မတရားဖမ်းခံရတယ်။ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ဥပဒေ အခွင့်အရေးတွေ ငြင်းပယ်ခံထိတယ်။ ဒါ့အပြင် တကယ့်ကို ဆိုးဆိုးရွားရွားကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရတယ်ဆိုတဲ့ လူ့အခွင့်အရေးပိုင်းဆိုင်ရာ အချက် သုံးချက်ကို တွေ့ရပါတယ်"
စစ်ကောင်စီရဲ့ မတရားသော ဥပဒေတွေကြောင့် နစ်နာခဲ့ရတဲ့လူတွေအတွက် တရားမျှတမှု ရရှိနိုင်ရေးနဲ့ ကုစားပေးမှုတွေ လုပ်ပေးနိုင်ဖို့အတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
အခုလို ပြည်သူတွေအပေါ် မတရားပြုမှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးထားမယ်ဆိုရင် မတရားမှုတွေ ဆက်တိုက်ကျူးလွန်နေမှာဖြစ်တဲ့အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေးကို မဖြစ်မနေလုပ်ဆောင်ဖို့လိုအပ်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အရပ်သား နှစ်သောင်းကျော် (၂၅,၉၀၄) ဖမ်းဆီးခံရပြီး အဲဒီထဲမှာ အမျိုးသမီး (၅,၂၅၁) ဦး ပါဝင်နေတာ ဖြစ်ပါတယ်။