ဆားလင်းကြီးမှာ လက်နက်ကြီးမှန်ပြီး စစ်ဘေးဒုက္ခသည် သုံးဦးသေပြီး ခုနစ်ဦးဒဏ်ရာရ

RFA Burmese
2024.01.21
ဆားလင်းကြီးမှာ လက်နက်ကြီးမှန်ပြီး စစ်ဘေးဒုက္ခသည် သုံးဦးသေပြီး ခုနစ်ဦးဒဏ်ရာရ ဆားလင်းကြီးမြို့နယ်မှ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့မနက်ပိုင်းက အင်အား တစ်ရာလောက်ပါတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို လက်နက်ကြီး ကျတောပေါ့။ အဲဒီမှာ သုံးဦးသေတယ်"

အဲဒီစစ်ကြောင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျွဲခိုတောရွာမြောက်ဘက်မှာ စစ်ဘေးတိမ်းရှောင်နေသူတွေရှိတဲ့နေရာကို ကျရောက်ပေါက်ကွဲပြီး သုံးဦးသေဆုံးတဲ့အပြင် နောက်ထပ် ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆားလင်းကြီး အနောက်ဘက် မြင်သာကုန်း၊ ဆင်ဖြူခြေ၊ ကျွဲခိုတော တောက်လျှောက် ထိုးတာပေါ့နော်။ စစ်ကြောင်းထိုးရင်းနဲ့ ကျွဲခိုတောနားမှာ လက်နက်ကြီး၊ လက်ကငယ် တွေနဲ့ ပစ်လိုက်တာ။ ရွာမြောက်ဘက်မှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို လက်နက်ကြီး ကျတောပေါ့။ အဲဒီမှာ သုံးဦးသေတယ်။ ပြည်သူ ခုနစ်ဦးလောက် ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ စိုးရိမ်ရတယ်”

သေဆုံးသူတွေဟာ အသက် နှစ်နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် ၇၀ အရွယ် ဦးဆန်းမြင့်နဲ့ အသက် ၃၅ ကိုဌေးလင်းတို့ ဖြစ်ပါတယ်။

လက်နက်ကြီးထိမှန်သူတွေဟာ မိသားစုဝင်တွေဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့ မိသားစုက ပုန်းတာ အဝေးကြီး သွားမပုန်းဘူး။ တောထဲပဲ နေတာတဲ့။ အဲလိုနေတာ။ သူတို့ မိသားစုတစ်စုပဲရှိတာ။ မီးလှုံတာလည်း မငြှိမ်းမိဘူးတဲ့ အဲဒါ စစ်ကြောင်းကလာတော့ (PDF) ထင်ပြီး ပစ်လိုက်တာ”

အဲဒီစစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၂၁ ရက် ဒီကနေ့မှာလည်း ရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ရွှေသမင်၊ မတောင့်တ၊ သမ္မတော၊ ချောင်းရိုး စတဲ့ရွာ ခုနစ်ရွာက ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို ဆားလင်းကြီး ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ် ကော်မတီ ဦးဆောင်သူ ကိုအောင်ခန့်ဇော်ကတော့ စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“လက်ရှိမှာ ဆားလင်းကြီးထဲမှာ ဆိရင် ကလေးတွေအတွက် စာအုပ်၊ ခဲတံ လိုအပ်တယ်။ အမျိုးသမီးတွေအတွက် အမျိုးသမီး အသုံးအဆောင်တွေလည်း လိုအပ်တယ်။ သက်ကြီးရွယ်အို နာမကျန်းတွေအတွက် ဆေးဝါးအကူအညီတွေလည်း လိုအပ်တယ်။ ပြီးတော့ အနွေးထည်တွေ၊ စောင်တွေ လိုအပ်တယ်ဗျ”

စစ်ကောင်စီတပ်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းနေတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကတော့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းနေတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

“စစ်ကြောင်းက ဆားလင်းကြီးမြို့ပေါ် ကနေ စထွက်တယ်။ စထွက်တဲ့အချိန်မှာ တစ်ရွာကျော်လောက်ပဲရှိတာကို မြို့ပေါ်နဲ့ တစ်ရွာကျော်လောက်ပဲရှိတော့ မိုင်းဆွဲဖို့သွားတယ်။ အဲဒီအချိန်မှာ ခြုံထဲမှာ နေရာယူထားတယ်။ ကျွန်တော်တို့ဘက်က အဲဒီမှာ ခြုံတွေကို ပစ်ရှင်းရှင်းတာပေါ့။ (စကစ) ဘက်က။ အဲဒီအချိန်မှာ တစ်ယောက် ထိသွားတယ်။ တစ်ယောက်ထိပြီး ကျတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ထုတယ်။ မိုင်းဆွဲတဲ့အခါလေ”

စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်က စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းရေး လုပ်တာတွေ လျော့နည်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းမြောက်မှာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာတော့ စစ်ကိုင်းတိုင်းအတွင်း ပြန်လည်စစ်ကြောင်းထိုးမှုတွေ ရှိလာတာပါ။

ဇန်နဝါရီလ ၁၇ ရက်ကလည်း ဆားထုံးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် နေအိမ်ခုနစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီအပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေ ကြောင့် အရပ်သား ၂ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။