စစ်ကိုင်းနဲ့ မကွေးက ရွာသုံးရွာ မီးရှို့ခံရပြီး နေအိမ်သုံးရာကျော် ပျက်စီး

RFA Burmese
2023.07.15
စစ်ကိုင်းနဲ့ မကွေးက ရွာသုံးရွာ မီးရှို့ခံရပြီး နေအိမ်သုံးရာကျော် ပျက်စီး ဝက်လက်မြို့နယ် ရှိန်းမကားရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အဆောက်အအုံများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
Wetlet Informational Network

လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ဝက်လက်မြို့နယ် နဲ့ မကွေးတိုင်း ဆောမြို့နယ်က ကျေးရွာသုံးရွာကို ဇူလိုင်လ ၁၄ ရက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး  နေအိမ်အဆောက်အအုံ ၃၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

မကွေးတိုင်း ဆောမြို့နယ် ရင်းကဲရွာက နေအိမ် သုံးရာကျော်၊ စစ်ကိုင်းတိုင်း ဝက်လက် မြို့နယ် ရှိန်းမကားရွာက နေအိမ်အဆောက်အအုံ ၂၇ လုံးနဲ့  ကန့်ဘလူမြို့နယ် ညောင်ပင်ရွာမရွာက  နေအိမ်သုံးလုံး ပျက်စီးခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ စီးနင်းမှုကြောင့်  မီးရှို့ခံရတဲ့ရွာတွေအပါအဝင် ရွာပေါင်း နှစ်ဆယ်က ဒေသခံငါးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

"စစ်ကြောင်းတွေရဲ့ အနီးနားကရွာတွေအကုန် ပြေးလွှားနေရပြီ။ ရွာတွေ၊ ရွာတွေမှာ ဘယ်သူမှ မရှိတော့ဘူး”

မကွေးတိုင်း၊ ဆောမြို့နယ် ရင်းကဲရွာအနီး ဇူလိုင်လ ၁၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် စစ်ကောင်စီတပ်က  ရင်းကဲရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ၁၂ နာရီလောက် စဖြစ်တာဗျ။ လက်နက်ကြီးတွေနဲ့ မီးလောင်ဗုံးတွေနဲ့ပစ်ပြီး လှမ်းထုတာပေါ့။ အဲဒီရင်းကဲရွာကတော့ တစ်ရွာလုံးနီးပါပဲဆိုပါတော့ မကျန်ဘူး။ မနေ့ကပဲ စဖြစ်တာကိုး လောင်းရှည် ဘက်မှာ။ လောင်းရှည်ရွာရဲ့ အနောက်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဆောမြို့နယ်ထဲမှာတော့ စစ်ကြောင်းတွေရဲ့ အနီးနားကရွာတွေအကုန် ပြေးလွှားနေရပြီ။ ရွာတွေ၊ ရွာတွေမှာ ဘယ်သူမှ မရှိတော့ဘူး”

ရင်းကဲရွာမှာ အိမ်ခြေ ငါးရာကျော်ရှိပြီး  နေအိမ်သုံးရာဝန်းကျင် မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် မကွေးတိုင်းက ရင်းကဲရွာအပါအဝင် ရွာရှစ်ရွာက ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေပါတယ်။

ဒီကနေ့ ဇူလိုင် ၁၅ ရက် နေ့လယ်အထိ ဆောမြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့  ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားရွာက ရွာဈေးတန်းမှာရှိတဲ့ နေအိမ်ခုနစ်လုံးနဲ့ ဆိုင်ခန်းနှစ်ဆယ်ကျော်ကို ဇူလိုင်လ ၁၄ ရက် မနေ့ညမှာ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ်က ညောင်ပင်ရွာမရွာကိုလည်း မနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်နှစ်လုံးနဲ့ တဲအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ရွာ ၁၂ ရွာက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်နေရာကို လုံခြုံပြီလို့ထင်တဲ့နေရာ နားရတာပဲ။ ရှောင်နေကြရတယ်။ ရှောင်နေ ကြတော့ အဲဒီနေရာ မလုံခြုံတော့ဘူးဆိုရင် နောက်တစ်နေရာ ရွှေ့ပြောင်းရတာတွေ အများကြီးပဲ။ စိတ်ချလုံခြုံရတဲ့နေရာဆိုလို့ ဘယ်နေရာမှတော့ မရှိဘူး။ အဓိက ကတော့ မိုးရာသီပေါ့၊ မိုးရာသီဆိုတာ စပါးစိုက်ပျိုးရမယ့်အချိန်၊ သီးနှံစိုက်ပျိုးရမယ့်အချိန်။ ကိုယ်လုပ်တဲ့ဟာကို ကိုယ်စားရသောက်ရလားဆိုတော့ မစားရဘူး။ တစ်ခါတလေကျရင် (စစ်ကောင်စီတပ်က) သိမ်းသွားတာတို့၊ သယ်သွားတာတို့ဆိုတာ အခုလည်း လက်တွေ့ မှာ ရှိနေသေးတာ”

စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ကန့်ဘလူမြို့နယ် ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ကန့်ဘလူမြို့နယ် ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

လက်ရှိမှာ ညောင်ပင်ရွာမ၊ ဉာဏ်အင်း၊ ရွာသစ်၊ သပြေသာ၊ ဖိုလ်ကုန်း၊ ကျောင်းကုန်း၊ မင်းဘာ၊ လက်ထုတ်ကုန်း၊ ရင်ခတ်ကုန်း၊ ကိုးမြို့ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးခဲ့ရတာပါ။ အဲ့ဒီထဲက အရပ်သားလေးထောင်ကျော် နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံက ပြောပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေက စစ်ကောင်စီပြောခွင့်ရှိသူ တွေ ဆီ RFA က ဇူလိုင်လ ၁၅ ရက် ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာမရှိပါဘူး။

ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ စစ်ကောင်စီတပ်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့တာတွေကို မကာကွယ်ပေးနိုင်သေးဘူးလို့ ပြောပါတယ်။

"မီးရှို့တဲ့ရွာက မနေ့က စစ်ကြောင်းထွက်သွားတာနဲ့ နောက်က တန်းဝင်ကြည့်တော့ အိမ်နှစ်လုံး မီးရှို့ခံထားရ တယ်။ စစ်ကြောင်းက ရွာမရွာရဲ့ မြောက်ခြမ်း မီတာ ၁၂ဝဝ လောက်မှာ စစ်ကောင်စီတပ် သုံးဆယ် လောက် ချထားတယ်။ ခုခံစစ်က လက်နက်ကြီး နဲ့ ပစ်တာ မိုင်းဆွဲတာလောက်ပဲ လုပ်နိုင်တယ်။ ရင်ဆိုင်ဖို့ဆိုတာ လက်နက်အင်အား မရှိဘူးဗျ။ စစ်ကောင်စီဘက်က အင်အားတိုးထားဗျ၊ ကားနှစ်စီးနဲ့ လူချထား တယ်။ ဒီဘက်ကို စစ်ကြောင်းထိုးဖို့ရှိမရှိတော့ မသိသေးဘူး။ ဒီဘက်မှာ ကင်းပုန်းတွေတော့ ချထားတယ်"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် အရပ်သားတွေရဲ့ နေအိမ်နဲ့ အဆောက်အအုံပေါင်း ခြောက်သောင်း (၆၀၀၀၀) ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လက်ရှိမြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁ ဒသမ ၈ သန်းရှိနေပြီး အဲဒီထဲက ၁ ဒသမ ၅ သန်းဟာ အာဏာသိမ်းပြီးနောက် တိုးလာတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။