ရုရှားက မြန်မာကို စစ်အင်အားဖြည့်လက်နက်ရောင်းပြီး မဟာမိတ်ဖွဲ့ခြင်းဖြစ်
2022.10.08

၂၀၀၄ ခုနှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာမှာ ဒီမိုကရေစီရေး ယုတ်လျော့ ကျဆင်းသွားတယ်လို့ နိုင်ငံစုံက ပညာရှင်တွေ ပြုစုတဲ့ ၂၀၂၂ Bertelsmann Stiftung’s Transformation Index (BTI) ညွှန်းကိန်းက ဖော်ပြလိုက်ပါတယ်။
၁၃၇ နိုင်ငံကို စစ်တမ်းကောက်တဲ့အခါ ၆၇ နိုင်ငံပဲ ဒီမိုကရေစီထွန်းကားပြီး နိုင်ငံ ၇၀ မှာ အာဏာရှင်တွေ ကြီးစိုးလာတယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကဆိုရင် ဒေသတွင်းမှာ အရေးပါပြီး တစ်ချိန်က ဒီမိုကစီရေးအရ တည်ငြိမ်တဲ့ နိုင်ငံတွေအပါအဝင် ဒီမိုကရက်တစ် နည်းကျ ငါးနိုင်ငံမှာ တစ်နိုင်ငံပဲ ဒီမိုကရေစီအရည်အသွေး ကျဆင်းတယ်လို့ ဆိုပါတယ်။
၁၉၆၂ ကတည်းက စစ်တပ်လက်အောက် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အလေ့အကျင့် အစပျိုးစ စမ်းတဝါးဝါးရှိနေတုန်း ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာထပ်သိမ်းလိုက်ပါတယ်။
နောက်တစ်နှစ်အကြာ ယူကရိန်းကို ရုရှားက ဒီနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော်စစ် ဆင်နွှဲတဲ့အခါ ယူကရိန်းဟာ နေ့ချင်းညချင်း စစ်တလင်းဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အရင်က တည်ငြိမ်အေးချမ်းခဲ့တဲ့ ဒေသတွေမှာပါ ယမ်းငွေ့တွေဝေရပါတယ်။
စစ်အာဏာသိမ်းမှုက မွေးဖွားလိုက်တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းတဲ့ အခါ ငါနဲ့ မတူ ငါ့ရန်သူ သဘောတရားနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ရွာတွေကို မီးရှို့လေ့ရှိပါတယ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည့်မြို့နယ် အုတ်ဖိုရွာမှာ စက်တင်ဘာ ၁၆ ရက်က ဖြစ်ရပ်မှာ အရပ်သားတွေပါ သေဆုံးရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ရွာထဲမှာ ပိတ်မိသွားတဲ့အခါကျတော့ အကုန်မီးရှို့ပြီး သတ်ခံလိုက်ရတာ။ ကာကွယ်ရေးက လေးယောက်ထဲပါ။ ကျန်တာ ခြောက်ယောက်က ပြည်သူတွေ။ ရဲဘော်တွေက အသက် ၂၀ ကျော်၊ ၃၀ ဝန်းကျင်တွေပေါ့။ ပြည်သူကတော့ အရွယ်စုံပဲ။”
စစ်အာဏာသာ မသိမ်းရင် PDF လည်း ပေါ်ပေါက်စရာမရှိ၊ ရွာသားတွေလည်း မီးရှို့ အသတ်ခံရစရာအကြောင်း မရှိဘဲ ဒီဖြစ်ရပ်ဟာ BTI ညွှန်းကိန်းအတိုင်း ဒီမိုကရေစီ လမ်းကြောင်းက သွေဖည်သွားရာက ပေါ်ပေါက်လာတာလို့လည်း ပြောနိုင်ပါတယ်။ ဒီမိုကရေစီရေးရှေးရှုရမယ့်အစား အာဏာရှင်တွေ တူရာတူရာတွေ စုကြတဲ့အခါ ရုရှားဟာ မြန်မာနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံ ဖြစ်လာပါတယ်။
၁၈၈၁ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်ထိ နန်းစံခဲ့တဲ့ ရုရှားဧကရာဇ် တတိယမြောက် အလက်ဇန်ဒရား ဘုရင်ကတော့ ရုရှားမှာ စစ်တပ်နဲ့ ရေတပ် မဟာမိတ်နှစ်မျိုးပဲရှိတယ်လို့ ပြောလေ့ရှိပါတယ်။ ဒီ ၁၉ ရာစုကစကားဟာ ရေပန်းစားပြီး အခုခေါင်းဆောင် ပူတင် ကိုယ်တိုင် ၂၀၁၅ တုန်းက ကိုးကားပြောပေမယ့် ချက်ချင်းပဲ ‘ဒါက ဟာသသဘော ပြောတာပါ၊ ရုရှားမှာ ပြည်ပမိတ်ဆွေတွေရှိပါတယ်’ လို့ ပြောဖူးတဲ့အကြောင်း ရုရှားရေးရာတွေ ဖော်ပြတဲ့ Russia Beyond အွန်လိုင်းစာစောင်က ၂၀၁၉ ဇန်နဝါရီ ၁၈ မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၄၅ ရက်အကြာ ၁၉၄၈ ဖေဖော်ဝါရီ ၁၈ ရက်မှာ အရင် ဆိုဗီယက်ပြည်ထောင်စုနဲ့ သံတမန်စတင်ဆက်ဆံခဲ့ပြီး ရုရှားနဲ့ စစ်ရေးဆက်ဆံရေးက စစ်အာဏာရှင် ဗိုလ်ချုပ်မှူးသန်းရွှေ လက်ထက်မှာ အစပျိုးပါတယ်။
ပြည်တွင်းက စစ်လက်နက်ပစ္စည်းစက်ရုံတွေက လက်နက်နဲ့ ခဲယမ်းထုတ်လုပ်ပေမယ့် စစ်ကောင်စီဟာ ပြည်ပ လက်နက်တွေကို မရှိမဖြစ်မှီခိုအားထားနေရတာပါ။ ဒါကို CDM အနုနည်းနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ စစ်အရာရှိဟောင်း ဗိုလ်ကြီးလင်းထက်အောင်က
“စစ်တပ်ရဲ့ ပြည်တွင်းကနေ ထုတ်လုပ်နိုင်စွမ်းက စစ်တပ်မှာရှိတဲ့ လက်နက်ပမာဏ အားလုံးကို မပေးနိုင်ဘူး။ ဥပမာ-လက်ရုံးတပ်တွေဆိုရင် ရေတို့၊ လေတို့၊ အမြောက်တို့၊ ဒုံးတို့ ဒီသုံးနေတဲ့ လက်နက်တွေရဲ့ ဆက်စပ် ပစ္စည်းတွေ ဒီလက်နက်တွေ၊ နောက် သူတို့ ပစ်မယ့်ကျည်ဆန်တွေအားလုံးသည် ပြည်ပကနေ မှီခိုနေရတယ်လို့ ပြောလို့ရတယ်။”
ရှစ်လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ တရုတ်လက်နက်အားကိုးရာက ရုရှားလက်နက် ဝယ်ယူတဲ့အခါ နှစ်နိုင်ငံရွှေလမ်း-ငွေလမ်းလည်း ပွင့်လန်းလာ၊ ရုရှားရဲ့ မဟာမိတ်စာရင်းလည်း ဝင်သွားပါတယ်။
တကယ်တော့ ရုရှားလက်နက်ထုတ်လုပ်ရေးလုပ်ငန်းဟာ အာရှကို မှီခိုနေတာပါ။ သူ့အဓိက ဖောက်သည်က တရုတ်နဲ့ အိန္ဒိယဖြစ်ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ရုရှားက ပြည်ပပို့တဲ့ လက်နက် ၆၁ % ဟာ အာရှနဲ့ ပစိဖိတ်သမုဒ္ဒရာကျွန်းစု Oceania နိုင်ငံတွေကို ရောင်းချတယ်လို့ သြစတေးလျ အမျိုးသား တက္ကသိုလ်ထုတ် East Asia Forum သုတေသနစာစောင်က ဖော်ပြပါတယ်။
ရုရှားဟာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်ကို Su-27 နဲ့ Su-30 တိုက်လေယာဉ်တွေ ရောင်းချပါတယ်။ မြန်မာစစ်တပ်ကိုလည်း MiG-29 ဂျက်တိုက်လေယာဉ်တွေ၊ Mi အမျိုးအစား တိုက်ရဟတ်ယာဉ်နဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ၊ Yak-130 တိုက်လေယာဉ်တွေ၊ စက်နှစ်လုံးတပ် Su-30 SME ဘက်စုံသုံး တိုက်လေယာဉ်တွေ၊ သံချပ်ကာ အပေါ့စားကား စတာတွေ တင်ပို့ပါတယ်။
ဒါတင်မက ရုရှားဟာ အာရှတစ်ဝန်းက နိုင်ငံတွေကို ဝေဟင်ကဝေဟင်ပစ် ဒုံးကျည်တွေ၊ သင်္ဘောဖျက်ဒုံးတွေ၊ ရဟတ်ယာဉ်တွေ ရောင်းချပါတယ်။ ၁၉ ရာစုက ဧကရာဇ်ပြောခဲ့တဲ့ စစ်အင်အားသာ ရုရှားအတွက် မဟာမိတ် ဖြစ်တယ်ဆိုတဲ့ စကားကို ပုံစံပြောင်းပြီး အာရှနိုင်ငံတွေကို သူ့နိုင်ငံထုတ်လက်နက်လည်းရောင်း မဟာမိတ်လည်း ဖွဲ့နေတာပဲ ဖြစ်ပါတယ်။ သွယ်ဝိုက်တဲ့နည်းနဲ့ အာရှနိုင်ငံတွေနဲ့ မဟာမိတ်ဖြစ်မယ့်လမ်းကြောင်းကို ဦးတည်ပြီး စစ်အင်အားဖြည့်ပေးတဲ့ လက်နက်ရောင်းချနေတာပဲ ဖြစ်ပါတယ်။