ယူကရိန်းစစ်ကြောင့် မြန်မာ့အရေး အာရုံစိုက်ခံရမှု လျော့သွားမလား
2022.03.02

ပြီးခဲ့တဲ့လအတွင်းက ရုရှားနိုင်ငံဟာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော် တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာမှာရော၊ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာပါ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ တိုးပွားနေပါတယ်။
ပြီးခဲ့တဲ့နှစ် အစောပိုင်းကတည်းက ယူကရိန်းနိုင်ငံနယ်စပ်မှာ ရုရှားတပ်တွေ စုရုံးရောက်ရှိလာခဲ့ပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တော့မယ့် အလားအလာတွေ မြင်တွေ့ခဲ့ရပြီး အခုနှစ် ဖေဖော်ဝါရီမှာတော့ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံကို အမှန်တကယ် ကျူးကျော်တိုက်ခိုက်လာခဲ့ပါတယ်။
အခုအချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုအတွက် ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်မယ့် အစီအစဉ်တွေ ချမှတ်ခဲ့ကြပြီး ယူကရိန်းနိုင်ငံက စစ်ပြေး ဒုက္ခသည်တွေလည်း အိမ်နီးချင်း နိုင်ငံတွေထဲကို အဆက်မပြတ် ဝင်ရောက်လာနေကြပါတယ်။
ကမ္ဘာအရပ်ရပ်က မြို့ကြီးတွေမှာလည်း နိုင်ငံအစိုးရတွေနဲ့ ပြည်သူတွေကလည်း ကျူးကျော်ခံရတဲ့ ယူကရိန်းနိုင်ငံကို အားပေးထောက်ခံကြောင်း နည်းလမ်းအမျိုးမျိုးနဲ့ ပြသနေကြပါတယ်။
အခုလို ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု အချိန်တစ်လ မပြည့်ခင်မှာပဲ ယူကရိန်းစစ်ပွဲဟာ စစ်အေးခေတ်နောက်ပိုင်း ဥရောပမှာ အပြင်းထန်ဆုံး စစ်ပွဲလို့ သုံးသပ်သူတွေက ပြောကြပါတယ်။
နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဟာ ယူကရိန်းနိုင်ငံ အရေးကို ပိုပြီး အာရုံစိုက်လာကြတာနဲ့အမျှ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ အရေးအပေါ် အာရုံစူးစိုက်မှု အားလျှော့သွားမလားဆိုတာ စိုးရိမ်ပူပန်မှုအချို့ ရှိနေပါတယ်။
အခုအချိန်မှာ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်စစ် ဆင်နွှဲလာတာကြောင့် နိုင်ငံတကာ သတင်းမီဒီယာတွေက မြန်မာနိုင်ငံအရေးအပေါ် အာရုံစူးစိုက် သတင်းဖော်ပြမှု လျှော့ကျသွားပေမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် တွန်းအားပေး လုပ်ဆောင်မှုကတော့ လျော့မသွားဘူးလို့ NUG အစိုးရရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က သုံးသပ်ပါတယ်။
"နိုင်ငံတကာရဲ့ စိတ်ပါဝင်စားမှုက လျော့တယ်လို့တော့ ပြောလို့ မရဘူး။ အပိုင်းက နှစ်ပိုင်း ဖြစ်နေတာကိုး။ ကျွန်တော်တို့ မြန်မာနိုင်ငံအရေး စစ်အာဏာရှင်ကိစ္စက ပြည်တွင်းကိစ် စဖြစ်နေတယ်။ ယူကရိန်း နိုင်ငံကိစ္စက ပြည်ပက ရုရှားက ကျူးကျော်တာ ဖြစ်နေတော့ ပုံစံတော့မတူဘူး။ ပန်းသီးကို ပန်းသီးချင်း နှိုင်းယှဉ်သလို နှိုင်းယှဉ်လို့တော့ မရဘူးပေါ့။ အာဏာရှင် နိုင်ငံတွေကနေ နိုင်ငံငယ်လေးတွေကို ကျူးကျော်မှာကို စိုးရိမ်တာတော့ရှိတယ်။ အထူးသဖြင့် ကမ္ဘာစစ်ဖြစ်မှာကို စိုးရိမ်တာတော့ ရှိတယ်။ ဒါပေမယ့် နိုင်ငံ တစ်နိုင်ငံချင်း အနေနဲ့ သူတို့ လုပ်နေတာတွေ မှာတော့ မြန်မာနိုင်ငံအတွက် လုပ်နေတာတွေ လျော့နည်းသွားတာတော့ မတွေ့ရဘူး။ အထူးသဖြင့် ယူအက်စ်က လာမယ့် အကူအညီတွေ၊ ကျွန်တော်ကိုယ်တိုင်လည်း ယူအက်စ်မှာ ရှိနေတာဆိုတော့ ကျွန်တော်တို့နဲ့ ထိတွေ့ ဆက်ဆံနေတဲ့သူတွေ အဖွဲ့အစည်းတွေက သီးသန့်အနေနဲ့ ထိတွေ့ဆက်ဆံနေတာတွေ ရှိတယ်။ အဲဒါတွေအနေနဲ့တော့ လျော့ကျသွားတာ မရှိဘူးလို့ ပြောချင်ပါတယ်"
အမေရိကန်နိုင်ငံ မင်နီဆိုတားပြည်နယ် Carleton College က နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာထွန်းမြင့်ကတော့ မနှစ်က အာဖဂန်နစ္စတန် နိုင်ငံအရေး ပေါ်ပေါက်လာတဲ့နောက် ကုလသမဂ္ဂ credential Committee က မြန်မာနိုင်ငံကိုယ်စားပြုရေးကိစ္စအတွက်ပါ အတူတူ ဆုံးဖြတ်ချက်ချခဲ့တာကို ထောက်ပြပြီး၊ အခု ယူကရိန်းနိုင်ငံအရေး ပေါ်ထွက်လာတာကြောင့် ကုလသမဂ္ဂနဲ့ ဒီမိုကရေစီနိုင်ငံတွေ အစိုးရတွေဟာ့ မြန်မာ့အရေးအပေါ် အာရုံစိုက်မှု လျော့မသွားတဲ့အပြင် ပိုတိုးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"ကုလသမဂ္ဂရဲ့ credential committee မှာ မြန်မာနဲ့ အာဖဂန် ကိစ္စနှစ်ခုလုံးကို တွဲပြီး ဆုံးဖြတ်ချက်ချသွားတာ တွေ့နိုင်တယ်။ အာဖဂန်က တာလီဘန်အစိုးရနဲ့ မြန်မာက စစ်အာဏာရှင်တွေကို လက်မခံနိုင်တဲ့ ကိစ္စနဲ့ တန်းတူရည်တူ ထားပြီး စဉ်းစားသွားတာ တွေ့နိုင်တယ်။ ဒါက အအထက်ပိုင်း သံတမန်တွေရယ်၊ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတွေက မြန်မာ့အရေးကို မေ့မထားဘူး ဆိုတဲ့ သဘောပဲ။ အကာ်လို့ အာဖဂန် ကိစ္စသာ မဖြစ်ခဲ့ဘူးဆိုရင်၊ မြန်မာအရေးပဲ သီးသန့်ဆိုရင် တရုတ်အနေနဲ့ ပိုပြီးတော့ ဗီတိုအာဏာ၊ ရုရှားအနေနဲ့လည်း လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကို ပိုပြီး ပြနိုင်တယ်။ အခုဆိုရင် ယူကရိန်း ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းစာတွေက ပိုပြီး ရေးလာကြတယ်။ ဒါပေမယ့် တကယ်တမ်း အလုပ်လုပ်နေတဲ့ သံအမတ်တွေ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ ပွင့်လင်းတဲ့ နိုင်ငံတွေကတော့ မြန်မာ့အရေးကို မေ့မထားပါဘူး။"
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာဟာ ရုရှားရဲ့ အချုပ်အခြာအာဏာ တည်မြဲဖို့ လုပ်တာလို့ RFA ကို ပြောထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ကတော့ ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။