ရုရှားဦးဆောင်တဲ့ စီးပွားရေးသမဂ္ဂနဲ့ စစ်ကောင်စီ စွမ်းအင်ကိစ္စတွေ ဆွေးနွေး

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022.05.05
ရုရှားဦးဆောင်တဲ့ စီးပွားရေးသမဂ္ဂနဲ့ စစ်ကောင်စီ စွမ်းအင်ကိစ္စတွေ ဆွေးနွေး ၂ဝ၂၁ ခုနှစ် ဇွန်လက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်ခဲ့စဉ်။
Photo: AFP

အီးယူ-ဥရောပသမဂ္ဂကို တုံ့ပြန်ဖို့ တိုင်းရင်းသားဒေသတွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို ရုရှားလုပ်လက်နက်တွေနဲ့ နှိမ်နင်းနေတဲ့ စစ်ကောင်စီဟာ ရုရှားနဲ့ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။

ဧပြီ ၂၇ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုန်တွင်းနဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် ရုရှားနိုင်ငံနဲ့ဆွေးနွေးညှိနှိုင်းပြီး ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တယ်လို့ တရားဝင်ပြောကြားပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံဦးဆောင်တဲ့ Euroasia Economic Union ဥရောပ-အာရှ စီးပွားရေးသမဂ္ဂနဲ့လည်း ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

“ရုရှားဦးဆောင်တဲ့ စီးပွားရေးအဝန်းအဝိုင်းမှာ ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် ဗမာပြည်ရဲ့စီးပွားရေးက ထူထောင်လာစရာ အကြောင်း၊ တိုးတက်လာစရာ အကြောင်းမမြင်ဘူး”

ဥရောပအမည်တပ်ပေမယ့် ဒီ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂဟာ အရှေ့ဥရောပနိုင်ငံတွေပဲ ပါဝင်တာတောင် ဆိုဗီယက်ပြည်ထောင်စုဟောင်းက နိုင်ငံတွေ အကုန်မပါဘူးလို့ နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာဝင်းမောင်က ထောက်ပြပါတယ်။

“ကျနော်ကတော့ အလားအလာကောင်း မမြင်မိဘူး။ ဘာကြောင့်ဆိုတော့ ရုရှားနိုင်ငံ ဦးဆောင်တဲ့ ယူရေးရှီးယား Economic Union ဆိုတာ ဆိုဗီယက်ယူနီယံဟောင်း ပြိုကွဲတုန်းက ခွဲထွက်သွားတဲ့ သီးခြားနယ်မြေ၊ သီးခြားနိုင်ငံငယ်လေးတွေကို ပြန်စုစည်းပြီးတော့ စီးပွားရေး အဝန်းအဝိုင်းတခုကို ထူထောင်ရာမှာ ခွဲထွက်နိုင်ငံအားလုံး ပါမလာဘဲ ဘယ်လာရုစ်၊ အာမေးနီးယား၊ ကာဇက်စတန်၊ Kyrgzstan ဒီလေးနိုင်ငံပဲ ပြန်စုစည်းနိုင်တယ်”

စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ကုမ္ပဏီကြီးတွေ နုတ်ထွက်သွားတဲ့နေရာမှာ ရုရှားနဲ့ သူ့နောက်လိုက်နိုင်ငံတွေ အစားထိုးဝင်လာမယ့်သဘောလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ရုရုားရဲ့တစ်ပိုင်းတစ်စ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Tartarstan သမ္မတ Rustam Minnikhanov စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ ဧပြီ ၂၈ ရက်မှာဆွေးနွေးတုန်းကလည်း စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ဖို့ ပါရှိပါတယ်။ တာတာစတန်ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနှစ်က ရောက်ရှိခဲ့ပါတယ်။ တာတာစတန်က နည်းပညာအကူအညီနဲ့ သင်တန်းပေးမယ်လို့လည်း ဆိုပါတယ်။

ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ စစ်တပ်က တစ်နှစ်ကို ဒေါ်လာသန်းတစ်ထောင်ခွဲရနေတဲ့အတွက် စစ်အာဏာသိမ်းလိုက်တဲ့နောက် ရေနံကုမ္ပဏီတွေ လုပ်ငန်းရုပ်သိမ်းဖို့ ဖိအားပေးခံရတာမို့ တချို့လည်း လုပ်ငန်းရုပ်သိမ်း၊ တချို့လည်း အစုရှယ်ယာလွှဲပြောင်းသွားပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ရုရှားနိုင်ငံဟာ ရေနံနဲ့ရေနံထွက်ပစ္စည်း အဓိကထုတ်လုပ်တင်ပို့နေရာက အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့ နိုင်ငံမို့ ပထဝီအနေအထားအရ ဝေးကွာပေမယ့် မြန်မာနဲ့ရုရှားက တစ်ခရီးတည်းသွားသူတွေလည်း ဖြစ်နေပါတယ်။

Euro-Asia Economic Union အဖွဲ့ဝင် ဘယ်လာရုစ်နိုင်ငံဆိုလည်း မြန်မာစစ်တပ်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ဝေဟင်ပစ်ဒုံးရောင်းချတဲ့နိုင်ငံ ဖြစ်ပြန်ပါတယ်။

“ စွမ်းအင်တူးဖော်ရေးတို့၊ စွမ်းအင်ထုတ်လုပ်ရေးတို့ စသည်အားဖြင့် လုပ်ငန်းတွေကို ဆက်လုပ်မယ်ဆိုတာ ဗမာပြည်မှာ စီပွားရေးလုပ်ငန်းသစ် ပေါ်လာမှာ မဟုတ်ဘူး”

မြန်မာစစ်တပ်ကို လက်နက်ရောင်းချပြီး ယူကရိန်းကျူးကျော်စစ်နဲ့ အကျပ်ဆိုက်နေတဲ့ ရုရှားဦးဆောင်ပြီး ဘယ်လာရုစ်လိုနိုင်ငံပါတဲ့ ဒီအဖွဲ့နဲ့ စီးပွားရေးဆက်ဆံတဲ့ အလားအလာနဲ့ ပတ်သက်လို့လည်း ဒေါက်တာဝင်းမောင်က ....

“ သူ့နိုင်ငံကိုယ်တိုင်က အကျပ်အတည်းတွေကို မဖြေရှင်းနိုင်ဘဲ ကမောက်ကမဖြစ်နေတဲ့ ရုရှားနိုင်ငံကို သွားပြီးအားကိုးခြင်းအားဖြင့်၊ ရုရှားဦးဆောင်တဲ့ စီးပွားရေး အဝန်းအဝိုင်းမှာ သွားဝင်ခြင်းအားဖြင့်၊ ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် ဗမာပြည်ရဲ့စီးပွားရေးက ထူထောင်လာစရာ အကြောင်း၊ တိုးတက်လာစရာ အကြောင်းမမြင်ဘူး။ နောက်.. ဘာလုပ်မလဲ၊ မြန်မာပြည်က သူတို့နဲ့ အလုပ်လုပ်ခွင့်ရပြီးဆိုတဲ့ အချိန်မှာ စွမ်းအင်တူးဖော်ရေးတို့၊ စွမ်းအင်ထုတ်လုပ်ရေးတို့ စသည်အားဖြင့် လုပ်ငန်းတွေကို ဆက်လုပ်မယ်ဆိုတာ ဗမာပြည်မှာ စီပွားရေးလုပ်ငန်းသစ် ပေါ်လာမှာ မဟုတ်ဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေး မူမမှန်မှုကြောင့်မို့လို့ သပိတ်မှောက်ပြီးထွက်သွားကြတဲ့ လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေနေရာမှာ ရုရှားကလာမယ့် ကုမ္ပဏီကြီးတွေ အစားထိုးမယ်။ တရုတ်ကလာတဲ့ ကုမ္ပဏီတွေ အစားထိုးမယ်ဆိုတဲ့ စိတ်ကူးလောက်ပဲရှိတယ်။ လုပ်ငန်းသစ်ဖြစ်မလာနိုင်ဘူး။ နောက် ..အကျိုး အမြတ်လည်း များများမရှိနိုင်ဘူး။”

Euro-Asia Economic Union ဥရောပ-အာရှ စီးပွားရေးသမဂ္ဂဟာ အီးယူ -ဥရောပသမဂ္ဂရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးသြဇာသက်ရောက်မှုကို တုံ့ပြန်ဖို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့သာဖြစ်ပေမဲ့ အီးယူလို အဖွဲ့ဝင်နိုင်ငံတိုင်းမှာ ယူရိုငွေမျိုးသုံးနိုင်တဲ့ အဖွဲ့မဟုတ်ပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။