ရုရှားကို လက်နက်ခဲယမ်းရောင်းချမှု စစ်ရာဇဝတ်မှုကို အားပေးရာရောက်
2023.03.23

မြန်မာနိုင်ငံအပါအဝင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ လက်နက်ခဲယမ်း၊ ဒုံးကျည်နဲ့ စက်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူဖို့ ရုရှားအစိုးရက ကြိုးပမ်းနေကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးဌာန ထိပ်တန်းအရာရှိတွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း နိုင်ငံတကာ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုပါတယ်။
ယူကရိန်း စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ Kyrylo Budanov က မတ်လ ၁၁ ရက်နေ့မှာ VOA သတင်းဌာနကို ပြောဆိုခဲ့သလို စစ်ထောက်လှမ်းရေးဌာန ပြောခွင့်ရသူ Vadym Skibitsky ကလည်း ယူကရိန်း သတင်းမီဒီယာတွေကို မတ်လ ၁၆ ရက်နေ့မှာ ထုတ်ဖော်ပြောခဲ့တာပါ။
ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားဟာ စစ်လက်နက်ခဲယမ်းတွေ၊ မစ်ဇိုင်းဒုံးကျည်တွေနဲ့ တခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းတွေဝယ်ယူဖို့ ကြိုးစားနေပြီး မြန်မာစစ်ကောင်စီနဲ့လည်း ဆွေးနွေးနေတဲ့ အထောက်အထားတွေကို ယူကရိန်းထောက်လှမ်းရေးဌာနက ရရှိထားတယ်လို့ ဆိုပါတယ်။
“ရုရှားနိုင်ငံက လက်နက်ယန္တရားအတွက်လိုအပ်တဲ့ ကုန်ကြမ်းတွေ မြန်မာဆီကရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"
မြန်မာစစ်တပ်က ရုရှားကို စစ်လက်နက် ခဲယမ်းမီးကျောက်တွေ ရောင်းမယ်ဆိုရင် ယူကရိန်းမြေမှာ ရုရှားတပ်တွေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကြံရာပါဖြစ်သွားလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထောက်ပြပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ICC က ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် မြန်မာစစ်တပ်ပါ အမှုတွဲအနေနဲ့ ပါလာနိုင်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“လက်ရှိအခြေအနေမှာ ရုရှားကတခြားနိုင်ငံကို လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ ကို ပံ့ပိုးပေးတဲ့နိုင်ငံက အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့နိုင်ငံတစ်ခု လုပ်ရပ်တစ်ခုကို အားပေးထောက်ခံရာ ရောက်ပါလိမ့်မယ်။ ICC မှာ တရားစွဲဆိုမယ်ဆိုရင် အဓိက တာဝန်ရှိတဲ့သူကို တရားစွဲဆိုပြီး အပြစ်ပေးအရေးယူတာဖြစ်ပေမယ့် ဒါကို ပံ့ပိုးကူညီမှု တွေလုပ်ဆောင်နေတာ ထောက်ပံ့မှုလုပ်ဆောင်နေတဲ့ နိုင်ငံတွေထဲမှာ ပါသွားမယ်ဆိုရင် ဒါက ICC မှာ အမှုတွဲအဖြစ် ပါလာနိုင်တယ်။ ဒီအချက်တွေကိုမူတည်ပြီးတော့ မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး နောက်ထပ်ရှေ့ဆက်တိုးတဲ့ အရေးယူဆောင်ရွက်မှုဖြစ်လို့ရှိရင် ပြည်တွင်းမှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတင်မကဘဲနဲ့ ကမ္ဘာတစ်ခုလုံးကနေ ဝိုင်းဝန်းတွန်းလှန်နေတဲ့ ဒီစစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူကို အားပေးထောက်ခံမှုဆိုတဲ့ ဟာက သက်သေအထောက်အထားရော တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာ မှာရော အထောက်အကူဖြစ်စရာ သက်သေတစ်ခုတော့ ဖြစ်မှာသေချာပါတယ်”
ရုရှားဟာ ယူကရိန်းကို စတင်ကျုးကျော်ပြီးနောက် ယူကရိန်းစစ်မြေပြင်က မိဘမဲ့ ကလေးတွေကို နိုင်ငံကနေ တရားမဝင် နှင်ထုတ်တယ်ဆိုတဲ့ စစ်ရာဇဝတ်မှုနဲ့ မတ်လ ၁၇ ရက်နေ့မှာ ICC က ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။
အလားတူ ကိုယ့်ပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတဲ့ မြန်မာ စစ်တပ်ကိုလည်း စစ်ရာဇဝတ်မှုနဲ့ ICC မှာ တရားစွဲနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုးပမ်းနေပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ရုရှားကို ကူညီခြင်းအားဖြင့် ပြည်တွင်းမှာတင် အကြမ်းဖက်မှု ကျူးလွန်တာမဟုတ်ဘဲ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေကိုပါ ကျူးလွန်ရာရောက်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မတ်လ ၂၀ ရက်ကနေ ၂၃ ရက်အထိ တယ်လီဖုန်းနဲ့ရော စာနဲ့ပါ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။ ဒါပေမဲ့ ပြည်တွင်းသတင်းဌာနတချို့ကိုတော့ ယူကရိန်းထောက်လှမ်းရေးဌာနရဲ့ ပြောဆိုချက်ဟာ ယုတ္တိမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြီးခဲ့တဲ့ သီတင်းပတ်က တုံ့ပြန်ထားပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကလည်း ယူကရိန်းထောက်လှမ်းရေးဌာနရဲ့ ပြောဆိုချက်ဟာ ဝါဒဖြန့်မှု သက်သက်ဖြစ်တယ်လို့ ပြောပါတယ်။
“အဲဒါကို အနောက်နိုင်ငံတွေရဲ့ ဝါဒဖြန့်ချိမှုလို့ပဲ သတ်မှတ်တယ်။ ရုရှားက စစ်အေး ခေတ်ကာလကတည်းက သူ့မှာ သမားရိုးကျစစ်ပွဲအတွက် လက်နက်တိုက်ကြီးကို အကြီးကြီးလုပ်ထားတာ။ ပြောရရင် ယူကရိန်းနဲ့ နေတိုးကို သူတစ်ယောက်တည်းနဲ့ ထိန်းထားနိုင်တာ။ ဒါကတော့ ဝါဒဖြန့်ချိရေးသက်သက်ကတော့ ကျန်တာဖြစ်နိုင်ခြေ မရှိဘူးလို့ သုံးသပ်ပါတယ်”
မြန်မာအနေနဲ့ စစ်ရေးနဲ့ နိုင်ငံရေးမှာ ရုရှားနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတာ မှန်ပေမယ့် ရုရှားကို လက်နက်တင်ပို့ဖို့လောက်တဲ့အထိတော့ မဖြစ်နိုင်ဘူးလို့ သူက သုံးသပ်ပါတယ်။
ယူကရိန်းထောက်လှမ်းရေး ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ရုရှားဟာ လက်နက်၊ ခဲယမ်းမီးကျောက်တွေကို ဘယ်နေရာကမဆို ရသလောက်ဝယ်ယူဖို့ ကြိုးစားနေပြီး မြန်မာနိုင်ငံနဲ့လည်း ဆွေးနွေးညှိနှိုင်းနေတယ်လို့ အခိုင်အမာ ပြောထားပါတယ်။
အာရှ၊ မြောက်အမေရိကနဲ့ ဥရောပက ကုမ္ပဏီပေါင်း ၄၅ ခုကျော်ဟာ နည်းပညာအပါအဝင် ကုန်ကြမ်းပစ္စည်းနဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ မြန်မာစစ်တပ်ကို ရောင်းပေးနေတယ် လို့လည်း ကုလအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) ရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် အစီရင်ခံစာက ဖော်ပြပါတယ်။
ဒါကြောင့် ရုရှားဟာမြန်မာ စစ်ကောင်စီထံကနေ အကူအညီတချို့ရနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“စစ်ကောင်စီကလည်း ရုရှားနဲ့ မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး လုပ်နေတဲ့အချိန်မှာ မြန်မာပြည်ဘက်ကနေ အကူအညီတောင်းတယ်ဆိုတာက ရှိမှာပဲ။ ဒါတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာ ရှိနေမှာပါ။ ဥပမာအားဖြင့် အီရန်ကနေ ဒရုန်းတွေရယူတယ်ဆိုတဲ့ သတင်းကလည်း နိုင်ငံတကာမှာဖြစ်နေတာ။ ဒါက ဘာလဲဆိုတော့ ပူးပေါင်းဆောင်ရွက် ရေးရဲ့ မျက်နှာစာတွေကို တိုးချဲ့နေတာပေါ့။ ရုရှားက နိုင်ငံကြီးလို့ဆိုပေမယ့် သူ့မှာလည်း အသေးစိတ် လိုအပ်ချက်တွေတော့ရှိမှာပဲ”
ရုရှားဟာ တစ်လျောက်လုံး မြန်မာစစ်တပ်ကို လက်နက်ရောင်းပေးခဲ့တဲ့ မဟာမိတ်နိုင်ငံ ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ လက်နက်ခဲယမ်းအတွက် မြန်မာစစ်တပ်ကို ပြန်လည် အားကိုးတာဟာ မဖြစ်နိုင်စရာမရှိဘူးလို့ နိုင်ငံရေးအကဲခက်တွေက သုံးသပ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ရုရှားလိုအပ်နေတဲ့ လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေကို မြန်မာစစ်ကောင်စီက တစ်နည်းနည်းနဲ့ ထောက်ပံ့ကူညီမယ်ဆိုရင် နိုင်ငံတကာအရေးယူမှုတွေ ပိုတိုးလာလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“ရုရှားနိုင်ငံက လက်နက်ယန္တရားအတွက်လိုအပ်တဲ့ ကုန်ကြမ်းတွေ မြန်မာဆီက ရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလို နိုင်ငံတကာ အထူးသဖြင့် ICC ကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရာဇဝတ်သားအဖြစ် စွပ်စွဲခံရသူပေါ့၊ အဲဒီလိုလူကို ထိတွေ့ဆက်ဆံတယ်ဆိုတာမှာ နောက်ဆက်တွဲ အပြည်ပြည်ဆိုင်ရာကနေ ဖိအားတွေရှိမှာတော့ သေချာတယ်။အထူးသဖြင့် ပိုပြီးတော့ လုပ်လို့ရအောင် လုပ်သာကိုင်သာရှိအောင် ပံ့ပိုးတယ်လို့ယူဆရတဲ့ အခြေအနေမျိုးရောက်သွားရင်တော့ အဲဒီလို ပံ့ပိုးတဲ့နိုင်ငံတွေကို တိုးချဲ့ပြီးတော့ အရေးယူလာနိုင်တာမျိုးရှိနိုင်ပါတယ်”
မြန်မာစစ်ကောင်စီ ကိုယ်တိုင်ကလည်း ယူကရိန်းအပေါ် ရုရှားစစ်တပ်ရဲ့ ကျူးကျော်မှုကို ပြောင်ပြောင်တင်းတင်း ထောက်ခံထားတာပါ။
ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားဟာ သူ့ရဲ့အချုပ်အခြာအာဏာအတွက် လုပ်သင့်တာကို လုပ်တာဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိတဲ့ ချိန်ခွင်လျှာညီမျှရေးမှာ ရုရှားဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ၂၀၂၂ ခုနှစ် စတင်ဘာလ ၇ ရက်က ရုရှားသမ္မတနဲ့ တွေ့ဆုံချိန်မှာ သမ္မတပူတင်ကို ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး အဖြစ် တင်စားပြောဆိုခဲ့ပါတယ်။