ရုရှားနဲ့ စီးပွားရေးပူးပေါင်းမှု တိုးမြှင့်ဖို့ စစ်ကောင်စီ ကြိုးစားနေ

2022.07.20
ရုရှားနဲ့ စီးပွားရေးပူးပေါင်းမှု တိုးမြှင့်ဖို့ စစ်ကောင်စီ ကြိုးစားနေ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာကျင်းပသည့် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ၂၀၂၂ ခုနှစ် ဇွန်လမှာ တွေ့ရစဥ်
Photo: Myanmar Military

စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ကြုံနေရတဲ့ စစ်ကောင်စီဟာ အနောက်နိုင်ငံတွေ အဓိကအသုံးပြုတဲ့ နိုင်ငံတကာငွေပေးချေမှုစနစ် SWIFT (The Society for Worldwide Interbank Financial Telecommunication) ကို ကျော်လွှားပြီး ရုရှားဗဟိုဘဏ်ရဲ့ ငွေပေးချေမှုစနစ် SPFS (Sistema peredachi finansovykh Soobscheniy) ကို ဝင် ရောက်ဖို့ ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကနေ ၁၈ ရက်နေ့ထိ ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၂၅ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် ခဲ့ပြီး၊ အဲဒီခရီးစဉ်မှာ SWIFT နဲ့ မပတ်သက်တဲ့ အခြားငွေပေးချေမှုစနစ်တွေကို ရုရှားဗဟို ဘဏ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး က ရုရှားနိုင်ငံမှာ သီးခြားပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ ရုရှား-မြန်မာ နှစ်နိုင်ငံ ဘဏ်လုပ်ငန်းနဲ့ ငွေပေးငွေယူကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံ မှုနဲ့ ကုန်သွယ်မှုဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ခရီးစဉ်အပြီးမှာ ထုတ်ပြန်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ဝန်ကြီး ဦးအောင်နိုင်ဦးကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

နိုင်ငံတကာရဲ့ ပိတ်ဆို့မှု၊ ကုန်သွယ်မှုအကျပ်အတည်းနဲ့ လောင်စာဆီအခက်အခဲတွေ ကြောင့် ရုရှားရဲ့ ငွေပေးချေမှုကွန်ရက် SPFS စနစ်ထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတာလို့ စီးပွားရေးပညာရှင် ဦးသန်းစိုး ခေါ် သန်းစိုး (ဘောဂဗေဒ) က သုံးသပ်ပါတယ်။

ရုရှားရဲ့ SPFS ပေါ့နော်၊ အဲဒီစနစ်ကို ဝင်ဖို့ ကြိုးစားတယ်ဆိုတာကိုတော့ ကျနော်တို့ လည်း ကြားမိရတာပေါ့။ ကမ္ဘာကြီးရဲ့ ပိတ်ဆို့မှုကြောင့် ပြည်ပကသွင်းလာတဲ့ သွင်းကုန် တွေပေါ်မှာ တဖြည်းဖြည်း စိုက်ထုတ်ပေးရတဲ့ အတွက် အရန်ငွေကြေး နည်းလာတယ် လို့လည်း ယူဆလို့ရတယ်။ ဒီတစ်ချက်က ပထမ တစ်ချက်ပေါ့။ ကမ္ဘာကြီးရဲ့ ကုန်သွယ် မှုပေါ့နော် အမေရိကန်က ဆန်ရှင်လုပ်လိုက်တဲ့အတွက် ကူးသန်းရောင်းဝယ်မှု ပြဿနာ တွေမှာ အကျပ်အတည်းလေးတွေ တွေ့ပုံရတယ်။ ဒါ ဒုတိယတစ်ချက်။ တတိယ တစ် ချက်ကတော့ ရုရှား-ယူကရိန်းကြောင့်မို့ ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းပေါ့နော်၊ အဲဒီအချက် သုံးချက်ကြောင့်မို့ ရုရှားအစိုးရကျင့်သုံးတဲ့ SPFS ကို သူစပြီးတော့ ဒါကို လက်ခံကျင့်သုံးမယ်လို့ ချဉ်းကပ်ပုံရတယ်။ ဆန်ရှင်ကြောင့်ရယ်၊ ရေနံအကျပ် အတည်းရယ်၊ နိုင်ငံတကာနဲ့ ကုန်သွယ်တဲ့နေရာမှာ အခက်အခဲတွေ တွေ့လာလို့ ဒါကြောင့်ဖြစ်မယ်”

ရုရှားရဲ့ နိုင်ငံတကာငွေပေးချေမှု စနစ်ထဲကို ဝင်ရောက်ဖို့ကြိုးပမ်းနေပေမယ့် ရုရှားနဲ့ မြန်မာဟာ ပထဝီဝင် အနေအထားအရ ဝေးကွာလွန်းတာကြောင့် တိုက်ရိုက်ကုန်သွယ်ဖို့ အခက်အခဲများစွာ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း အနောက်နိုင်ငံတွေ အဓိက အသုံးပြုတဲ့ နိုင်ငံတကာငွေပေးချေမှုစနစ်ကို စွန့်လွှတ်ပြီး ရုရှားရဲ့ ငွေပေးချေမှုကွန်ရက်တစ်ခုတည်းကိုပဲ ရွေးချယ်အသုံးပြုမယ်ဆိုရင်တော့ နိုင်ငံခြားကုန်သွယ်မှုတွေမှာ အခက်အခဲဖြစ်လာမယ်လို့ ပြောပါတယ်။

ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးပါဘူး။ လုပ်မယ်ပဲကြားနေတာပါ။ တကယ်တမ်းကျ တော့ ဒီလုပ်ငန်းစဉ် ကြီးက အကြာကြီးဖြစ်ဦးမှာ။ ငွေကြေးစနစ်တစ်ခု ပြောင်းလဲလုပ် ကိုင်ဖို့ဆိုတာ အလွယ်ကြီးတော့ မဟုတ်ဘူး။ လက်ရှိမှာ SWIFT ကတော့ အများစု သုံးနေတာပေါ့။ ရုရှားရဲ့ စနစ်က သုံးတဲ့နိုင်ငံ နည်းတယ်။ တစ်ခုတော့ ရှိတယ် တချို့နိုင်ငံတွေက နှစ်ခုစလုံး သုံးတာပေါ့။ ဒီဟာဝင်လိုက်လို့ ဟိုဟာဖြုတ်မယ်တော့ မဟုတ်ဘူး။ ရုရှားဘဏ်တွေနဲ့ ချိတ်ဆက်တယ်ဆိုရင်တော့ ဒီစနစ်ကို သုံးတာပေါ့နော်။ နှစ်ခုစလုံး သုံးမယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ အဲဒီလို မဟုတ်ဘဲ တစ်ခုပဲ လုံးဝ ပြောင်းသုံးမယ်ဆိုရင်တော့ ပြဿနာရှိတာပေါ့။ ပို့တာ၊ သွင်းတာလုပ်တဲ့နေရာမှာ အခက် အခဲ ရှိတာပေါ့။ ကျန်တဲ့ တိုင်းပြည်နဲ့ ဆက်ဆံတဲ့အခါ ခက်တာပေါ့။ နိုင်ငံ အများစုက SWIFT သုံးကြတာကိုး”

ဝန်ကြီး ဦးအောင်နိုင်ဦး ခေါင်းဆောင်တဲ့ စစ်ကောင်စီ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ရုရှားကိုသွားရောက်ခဲ့စဉ်က ရုရှားအခြေစိုက် Sigma LLC ကုမ္ပဏီနဲ့တွေ့ဆုံပြီး ရေနံ ထွက်ပစ္စည်းတွေ ထုတ်လုပ်ရေး၊ တင်သွင်းရောင်းချရေးနဲ့ ရေနံချက်စက်ရုံ တည်ဆောက် ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း မြန်မာ့ပို့ကုန်တွေ ရုရှားဈေးကွက်ကို မဟာဗျူဟာကျကျ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် နည်းလမ်း ရှာဖွေဆောင်ရွက်မှာဖြစ်ပြီး၊ ရုရှား-မြန်မာ ကုန်သွယ်မှုကို အခုဘတ်ဂျက်နှစ်မှာ အမေရိကန် ဒေါ်လာ တစ်ဘီယံအထိ တိုးမြှင့်ဖို့ ရည်မှန်းထားတယ်လို့ ဇူလိုင်လ ၁၂ ရက် အွန်လိုင်းက လုပ်တဲ့ နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

"ငွေကြေးစနစ်တစ်ခု ပြောင်းလဲလုပ်ကိုင်ဖို့ဆိုတာ အလွယ်ကြီးတော့ မဟုတ်ဘူး။ လက်ရှိမှာ SWIFT ကတော့ အများစုသုံးနေတာပေါ့"

မြန်မာနိုင်ငံဘက်က ဆန်စပါး၊ ပဲမျိုးစုံနဲ့ ရေထွက်ပစ္စည်းတွေကို အဓိက ပို့ဆောင်သွားမယ် လို့ ဆိုပါတယ်။

လက်ရှိမှာ ရုရှား-မြန်မာကုန်သွယ်ရေးအခြေအနေ ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့မနက်ပိုင်းက ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

လွန်ခဲ့တဲ့ လအနည်းငယ်က မေးမြန်းခဲ့စဉ်တုန်းကတော့ ရုရှား-မြန်မာ ကုန်သွယ်ရေး လွယ်ကူချောမွေ့စေ ဖို့အတွက် ရူဘယ်-ကျပ် တိုက်ရိုက်လဲလှယ်အသုံးပြုနိုင်မယ့် ငွေကြေးစနစ်တစ်ခုကို ထူထောင်ဖို့ ကြိုးစားနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။

စီးပွားရေးပညာရှင်တွေကတော့ ပထဝီအနေအထားအရ ဝေးကွာတဲ့ ရုရှားနိုင်ငံနဲ့ ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန် တဲ့ကိစ္စလို့ ပြောပါတယ်။

ရုရှားနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲ Mr.Alexander Beglov တို့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှာ တွေ့ဆုံကြစဥ် (Photo: Myanmar Military)
ရုရှားနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲ Mr.Alexander Beglov တို့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှာ တွေ့ဆုံကြစဥ် (Photo: Myanmar Military)

အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးက နိုင်ငံရေးအရ ကမ္ဘာကြီးရဲ့ ဖိအားကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အိမ်နီးချင်း တရုတ်နိုင်ငံကြီးကို အပြည့်အဝ အားမကိုးနိုင် တဲ့အခါ ပထဝီအနေအထားအရ ဝေးကွာပေမယ့် ရုရှားကို စီးပွားရေးအပါအဝင် အစစ အရာရာမှာ ပိုအားကိုးလာရတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

 “တရုတ်ကလည်း သူတို့အတွက် သေသေချာချာ ခိုင်ခိုင်လုံလုံ အားကိုးလောက်တဲ့ အနေအထား မရှိဘူး။ တရုတ်က အခုဟာက NUG နဲ့ စစ်ကောင်စီအတွင်းမှာ နည်းနည်း ချိန်ပြီးတော့ ကစားနေတဲ့ ပုံစံမျိုးရှိတယ်လို့မြင်တယ်။ အဲဒီပုံစံအရ ဆိုလို့ရှိရင် သူက ရုရှားပဲ အားကိုးစရာ ရှိတော့တာကိုး။ ရုရှားကလည်း လက်နက်ကိစ္စ တင်မဟုတ်ဘဲနဲ့ တခြားစီးပွားရေးနဲ့ ပတ်သက်တဲ့၊ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဝင်လာ ကောင်း ဝင်လာနိုင်တယ်ပေါ့နော်။ တခြားလည်းပဲ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားကုမ္ပဏီ တွေက မရှိသလောက် ဖြစ်သွားပြီဆိုတော့ အဲဒါကိုပဲ သူတို့အားကိုးရမှာပဲ”

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုကျော်စောဟန် ကလည်း အာဏာသိမ်းပြီးတဲ့ တစ်နှစ်ကျော်အတွင်းမှာ စစ်ကောင်စီဟာ ရုရှားနဲ့ လစဉ်လိုလို ကူးလူးဆက်ဆံမှုတွေရှိခဲ့ပြီး စစ်ရေးတင်မဟုတ်ဘဲ စီးပွားရေးကိစ္စတွေမှာပါ ပိုမှီခိုလာရတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

 “ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး လတိုင်းနီးပါး ရုရှားနဲ့ ဆက်ဆံရေးရှိနေ တာကို ကျနော်တို့ တွေ့ရတယ်။ ဒါဟာ အရင်တုန်းကနဲ့ မတူတဲ့ အခြေအနေပေါ့နော်။ စစ်ရေးတင်မကဘဲနဲ့ ဒီနောက်ပိုင်း ပူးပေါင်းမှုတွေမှာ စီးပွားရေးကိစ္စတွေ၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစီးပွားလုပ်ငန်းတွေမှာပါ ပူးပေါင်းရေးတွေ လုပ်မယ်ဆိုတာမျိုး ပါဝင်လာတာကို တွေ့ရပါတယ်။ အဲဒီတော့ စစ်ရေးတင်မကတော့ဘဲနဲ့ လူမှုရေးကိစ္စ တွေမှာရော တခြား လယ်ယာစီးပွားရေးတွေမှာပါ ရုရှားပေါ်မှာ ပိုပြီးတော့ မှီခိုလာရ တာကို ကျနော်တို့ တွေ့ပါတယ်”

ဒီလိုအခြေအနေအတွင်းမှာပဲ စစ်ကောင်စီ ဗဟိုဘဏ်က ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ် လုပ်ကိုင်တဲ့ ပြည်တွင်း ကုမ္ပဏီတွေအနေနဲ့ ဒေါ်လာသုံးပြီး ပြည်ပချေးငွေ ပြန်လည်ဆပ် တာတွေကို ဆိုင်းငံ့ထားဖို့ ဇူလိုင် ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၁၅ ရက်နေ့မှာလည်း နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းထိ ပါဝင်တဲ့ ပြည်တွင်း ကုမ္ပဏီတွေအနေနဲ့ ရရှိတဲ့ အမေရိကန်ဒေါ်လာကို မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ ပြန်လဲဖို့ ဗဟိုဘဏ်က အမိန့်ထုတ်ခဲ့ပါတယ်။

စစ်ကောင်စီက ပြည်တွင်းမှာ ဒေါ်လာစီးဆင်းမှုကို အကြီးအကျယ် ထိန်းချုပ်နေပြီး တစ်ဖက်မှာ ရုရှားရဲ့ နိုင်ငံတကာ ငွေကြေးစနစ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေတာဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ကိစ္စဖြစ်ပြီး လက်တွေ့ဝင်ရောက်ခဲ့ရင်တော့ ဒါဟာ စွန့်စားလွန်းတဲ့ လုပ်ရပ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။