ဖျက်သိမ်းပါတီနာမည်ပါနေတဲ့ မဲလက်မှတ်တွေကြောင့် ပယ်မဲများနိုင်
2020.10.22
နှင်းဆီပါတီ ခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းလိုက်ပေမဲ့ မဲလက်မှတ်မှာ တရားဝင် ပယ်ဖျက် တာမျိုး မလုပ်ရင်၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ပယ်မဲတွေ ပိုများလာနိုင်တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက သတိပေးလိုက်ပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းလိုက်ပေမယ့်၊ နှင်းဆီပါတီ မပါတဲ့ မဲလက်မှတ်အသစ်တွေကို ရိုက်နှိပ်တော့မှာမဟုတ်ဘဲ၊ အရင်ကစီစဥ်ထားပြီးသား မဲလက်မှတ်တွေကိုသာ အသုံး ပြုမှာဖြစ်ပြီး၊ အဲဒီပါတီကို ဆန္ဒမဲပေးပါက ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အောက်တိုဘာ ၂၁ ရက် မနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသိပေးနှိုးဆော်ချက်တွေကိုတော့ ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ မဲရုံအသီးသီးမှာ ကြေညာပေးသွား မယ်လို့ အောက်တိုဘာ ၂၀ ရက်နေ့ကလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ဝင် ဦးမြင့်နိုင်က ရှင်းပြပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်လောင်းက တစ်ထောင်ကျော်ရှိတယ်၊ ရှိတဲ့အခါကြတော့ မဲလက်မှတ်တိုင်းမှာ ကျတော်တို့ ဖျက်ဖို့ရာက တော်တော်အခက်အခဲရှိသွားပါတယ်၊ ဒါကြောင့်မလို့ ကျတော်တို့ ဒီ UDP ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့ဖြင့် အမည်စာရင်းတွေပယ်ဖျက်ပြီးဖြစ်တယ်၊ သူတို့ကို ဆန္ဒမဲ ပေးဖို့မလိုတော့ဘူး၊ ဆန္ဒမဲပေးလိုက်ရင်လည်း ထည့်ရေတွက်မှာ မဟုတ်ဘူးဆိုပြီးတော့ မဲဆန္ဒရှင်တွေကို သတိပေးတဲ့နည်းလမ်းနဲ့ဆောင်ရွက်မယ်၊ မဲရုံတွေမှာလည်းပဲ အဲဒီလိုအသိပေးကြေညာထားတဲ့ စာရွက်တွေ ကပ်ထားမယ်။ ဒီလိုနည်းနဲ့ ဆောင်ရွက်မယ်လို့ စီမံထားပါတယ်"
နှင်းဆီပါတီကိုယ်စားလှယ်လောင်းတွေ ပါဝင်တဲ့ ဆန္ဒမဲလက်မှတ်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက ရိုက်နှိပ်ထား ပြီးဖြစ်သလို ကော်မရှင်ကလည်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေကို ဖြန့်ဝေထားပြီးဖြစ်နေကြောင်း၊ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကလည်း နှစ်ပတ်ကျော်လောက်သာ ကျန်ရှိတော့တဲ့အတွက် နှင်းဆီပါတီကိုယ်စား လှယ်လောင်းတွေ မပါဝင်တဲ့ ဆန္ဒမဲလက်မှတ်အသစ်တွေ ပြန်ရိုက်နှိပ်ဖို့ရာမှာလည်း အချိန်မီမှာ မဟုတ်သလို သက် ]ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ဖြန့်ဝေဖို့ရာမှာလည်း အချိန်မမီနိုင်တဲ့အတွက် အသစ်ပြန်ရိုက်နှိပ်ဖို့ မဖြစ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အောက်တိုဘာ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာ ထားပါတယ်။
ဒါ့အပြင် မဲလက်မှတ်မှာ ရိုက်နှိပ်ဖော်ပြထားတဲ့ နှင်းဆီပါတီတံဆိပ်နဲ့ ကိုယ်စားပြုလွှတ်တော်ကိုယ်စား လှယ်လောင်းတွေရဲ့အမည်၊ ဆန္ဒပြုရန်နေရာတွေမှာ မင်နီနဲ့ ကန့်လန့်ဖြတ်မျဉ်းသားပြီး ပယ်ဖျက်ဖို့ရာမှာလည်း အချိန်လုံလောက်မှုမရှိလို့ ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ မဲလက်မှတ်ကို ပြင်ဆင်တာ၊ ပယ်ဖျက်တာတွေကိုဆောင် ရွက်မှာ မဟုတ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအာဏာရပါတီ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က “နှင်းဆီပါတီကိစ္စကြောင့် ပယ်မဲတွေ အတန်အသင့်တော့ ရှိလာနိုင်တယ်” လို့ မှတ်ချက်ပေးပါတယ်။
"ပယ်မဲကတော့ ဒီ UDP ပါတီကို မဲပေးတဲ့သူရှိရင်တော့ အနည်းငယ်ပိုများလာနိုင်ပါတယ်၊ ဒါပေမဲ့UDP ပါတီနဲ့ ပတ်သက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်က နိုင်ငံတစ်ခုလုံးတော်တော်များများ သိပြီးသားဖြစ်တဲ့အတွက် ဒီပါတီကို ထပ်ပြီးမဲပေးမယ့် သူတော့နည်းသွာလိမ့်မယ် ထင်ပါတယ်၊ ဒီပါတီကို ထောက်ခံတဲ့သူတွေကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင်ကြေညာချက်အရတော့ USDP ကိုပြောင်းပြီးမဲပေးမယ် လို့ ပြောထားပြီးသားဖြစ်ပါတယ်။ အဲတော့ ဒီပါတီ ဖျက်သိမ်းခြင်းနဲ့ ပတ်သက်ပြီးတော့ ပယ်မဲများလာရင်လည်း အတန်အသင့်ပဲ ဖြစ်ပါလိမ့်မယ် အကြီးအကျယ် တိုးတက်လာစရာတော့ မရှိဘူးလို့ ကျတော်တို့တော့ မြင်ပါတယ် ခင်ဗျ။"
ဒါ့အပြင် ဒီဖြစ်စဉ်ဟာ မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းမှာ ပထမဆုံးဖြစ်လာတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲမှာ တစ်စုံတရာ သက်ရောက်မှုရှိခဲ့ရင် နောင်မှာ ရွေးကောက်ပွဲဥပဒေတွေကို တစ်စုံတစ်ရာပြင်ဆင်ဖို့ လိုအပ်လာနိုင်တယ်လို့လည်း ဒေါက်တာမျိုးညွှန့်ကဆိုပါတယ်။
နှင်းဆီပါတီ၀င်တွေကတေ့ာ ရွေးကောက်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်ခွင့်မရတော့ပေမဲ့ သူတို့မှာ နိုင်ငံသားအဖြစ် မဲပေးခွင့်ရှိတာမို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲပေးသွားမယ်လို့ ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဒီပြောဆိုချက်အပေါ် ၀မ်းသာကြိုဆို ကြောင်းနဲ့ အောက်ခြေကွင်းဆင်းပြီး လူထုကို မဲဆွယ်စည်းရုံးတဲ့အခါ ပယ်မဲတွေ မဖြစ်အောင် သေချာရှင်းပြမယ် လို့ ပြောပါတယ်။
"ဘာပဲဖြစ်ဖြစ် UDP ပါတီဝင်တွေဟာ သူတို့မဲပေးဖို့ သူတို့ပါတီမရှိတဲ့အပေါ်မှာ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးမယ်လို့ ပြောဆိုလာတဲ့အပေါ်မှာတော့ ကျနော်တို့ ကြိုဆိုပါတယ် ဝမ်းသားပါတယ်။ ပြည်သူတွေက အများကြီးလေ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဒီပါတီဖျက်တာကို သိချင်မှလည်း သိလိမ့်မယ် အဲအတွက်ပေးမိတာလည်း ရှိနိုင်တယ်၊ တချို့ကျတော့လည်း ပါတီဖျက်လိုက်တာကို သိတဲ့အတွက် အဲနေရာကိုမပေးပဲ ကျန်တဲ့ပါတီကို ပေးလိုက်တာလည်း ရှိနိုင်တယ်။ ဒါကြောင့် အကုန်လုံးကို ကျနော်တို့ မျှော်လင့်ထားတာပဲ သို့သော် တတ်နိုင် သမျှတော့ အမှားအယွင်း အနည်းဆုံးဖြစ်အောင် ပယ်မဲအနည်းဆုံးဖြစ်အောင် ကျနော်တို့တွေ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရင်းနဲ့ ဒီကိစ္စကိုပါ ထည့်သွင်းဆွေးနွေး သွားမယ်ဆိုရင် ပယ်မဲများတဲ့ကိစ္စကို အတိုင်းအတာတစ်ခုလောက်တော့ ချေဖျက်နိုင်မယ်လို့ ထင်ပါတယ်ခင်ဗျ။"
ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှုရှိမရှိ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင် အဖွဲ့က ဦးအေးကျော်ကတော့ နှင်းဆီပါတီကိုမဲပေးရင် ပယ်မဲဖြစ်နိုင်တယ်ဆိုတဲ့ သတင်းစကားက ဆက်သွယ်ရေးခက်ခဲတဲ့ နေရာတွေမှာ ရောက်ဖို့ အခွင့်အရေးနည်းတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ဖို့လိုတယ်လို့ အကြံပြုတိုက်တွန်းသွားပါတယ်။
"အဲဒါကတော့ ပယ်မဲဖြစ်မယ်ဆိုပြီးတော့ UEC က မက်ဆေ့ပေးလိုက်ပြီပေါ့နော်၊ အဲဒီမက်ဆေ့ သတင်း စကားက မြို့ပေါ်တွေပေါ့နော် ဆက်သွယ်ရေးကောင်းတဲ့ နေရာတွေမှာတော့ ရောက်သွားနိုင်တယ်၊ တချို့ ဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာတော့ ဒီမက်ဆေ့က ရောက်ဖို့ မလွယ်လှဘူးဗျ၊ ကျနော်ထင်ပါတယ် UEC က ပေးလိုက်တဲ့သတင်းစကားက သူတို့ အားပေးဝန်းရံသူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ထိတော့ မရောက် လောက်ဘူးလို့ ကျနော်ထင်တယ်ဗျ၊ ကျနော်တို့ တိုင်းပြည်ရဲ့ သတင်းအချက်အလက်သွားပုံအရဆိုရင်လေ။ အဲဒီတော့ အဲဒီအပေါ်မှာတော့ UEC က ဒီထက်မကတော့ ကျယ်ကျယ်ပြန့်ပြန့်လေးတော့ လုပ်ပေးကျ ဖို့လိုမယ်ဗျ။"
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ တရုတ်နိုင်ငံကနေ တရားမဝင်တဲ့ ငွေပေါင်းမြောက်မြားစွာကို တရားမဝင်တဲ့ နည်းလမ်းနဲ့တင်သွင်းခဲ့ပြီး အဲဒီငွေတွေကို ပါတီအတွက်အသုံးြပုခဲ့တာကြောင့် နှင်းဆီပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းတဲ့အတွက်ပါတီကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
နှင်းဆီပါတီကို ကနေဒါနိုင်ငံမှာ ၂၀၀၇ ခုနှစ်က တည်ထောင်ခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့တာပါ။
နှင်းဆီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း အနိုင်မရရှိခဲ့ပါဘူး။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲဆန္ဒနယ် ၁၁၃၁ နေရာမှာ ကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော်နဲ့ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးနဲ့ ပြိုင်ဆိုင်ဖို့ ပြင်ဆင်ထားတာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၂၀ အလိုမှာ ဖျက်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)