လူထုရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ဖျက်တာဟာ လူထုဆန္ဒကို ဆန့်ကျင်တာဖြစ်
2021.07.27
ပြည်သူအများစု မဲပေးရွေးချယ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တာဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတဲ့ NLD ပါတီက တုံ့ပြန်လိုက်ပါတယ်။ ဒီလိုဖျက်သိမ်းတာဟာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်ပြီး ရွေးကောက်ပွဲ ပြန်လုပ်မယ်ဆိုရင်တောင် တရားမျှတမှု မရှိနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှု ၁၁ သန်းကျော်ကို တွေ့ရတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကို ပယ်ဖျက်လိုက်ပြီလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက် မနေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်သစ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ သူတို့ ကိုယ်တိုင်ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်တာဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ မကွေးတိုင်း၊ မဲဆန္ဒနယ်အမှတ် (၆)ကနေ အမျိုးသားလွှတ်တော်အတွက် အနိုင်ရခဲ့တဲ့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က တုံ့ပြန်ပါတယ်။
“အခုစစ်ကောင်စီကခန့်ထားတဲ့ ရွေးကော်ဆိုတဲ့အဖွဲ့အစည်းကနေ ဖျက်တာ ဖျက်လို့မရဘူးဗျ နံပါတ် (၁) အချက်က၊ နောက်နံပါတ် (၂) အချက်က ပြည်သူလူထုကပေးထားတဲ့ တရားဝင်မှုကို ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို လူတစ်စုရဲ့အဆုံးအဖြတ်နဲ့ စာရွက်ကလေးတစ်ရွက်ပေါ်မှာမူတည်ပြီး အမိန့် ထုတ်လိုက်ရုံနဲ့ ဒါကြီးက ပျက်ပြယ်သွားစရာ အကြောင်းမရှိဘူးဗျ၊ နောက် နံပါတ် (၃) အချက်က အသိအမှတ်ပြု ထားခြင်းမရှိတဲ့ အစိုးရအဖွဲ့ကနေ ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာကိုလည်း ကျနော်တို့က အသိ အမှတ်ပြုစရာအကြောင်းလည်း မရှိဘူး၊ ဒီထုတ်ပြန်ချက်ဟာ ဥပဒေကြောင်းအရရော ဒီမိုကရေစီ ကျင့်စဥ် အရရော ဘယ်လိုမှ သက်ဝင်နိုင်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ပဲ ပြတ်ပြတ်သားသား ရပ်တည်ထား တယ်ဗျ။”
ပြည်သူထောက်ခံတဲ့ NLD ပါတီ အများဆုံးအနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ ကြိုးစား တာဟာ ပြည်သူ့ဆန္ဒကိုဆန့်ကျင်တာဖြစ်တဲ့အတွက် စစ်ကောင်စီဟာ ပြည်သူ့ထောက်ခံမှုမရဘဲ အလုံးစုံ ပျက်စီးမယ့်လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်လိုက်တာဖြစ်တယ်လို့လည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံး အနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ အမြင်သဘောထားသိနိုင်ဖို့ ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ကို RFA က ဆက်သွယ်မေးမြန်းတော့ ဒီကိစ္စကို လောလောဆယ် မှတ်ချက် မပေးလိုဘူးလို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် ကတော့ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်တာဟာ လူထုရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်ဆီး လိုက်တာပဲလို့ ဆိုပါတယ်။
“ဒီလိုဖျက်သိမ်းလိုက်တဲ့အခါကျတော့ ကျွန်မတို့လုပ်ထားတဲ့ဟာတွေ အကုန်လုံး ကျွန်မတို့ကြိုးစားခဲ့ရ တာတွေ ကျွန်မတို့ဖြတ်သန်းခဲ့ရတာတွေ အကုန်လုံးက ရိုက်ချိုးလိုက်တာနဲ့ အတူတူပဲပေါ့နော်။ ဆိုတဲ့ အခါကျတော့ ကျွန်မတို့အနေနဲ့ ဒါက ဒီနိုင်ငံရေး မြန်မာနိုင်ငံရဲ့ အခုလက်ရှိဖြစ်စဉ်အပေါ်မှာ ထပ်ပြီးတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ ယုံကြည်မှုလည်း မရှိပါဘူး။ ဒါဖျက်သိမ်းလိုက်တယ်ဆိုတာ က ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေ ဆန္ဒတွေ အကုန်လုံးပြည်သူတွေရဲ့ ရည်မှန်းချက်တွေ အကုန်လုံးကို ရိုက်ချိုးလိုက်တယ်ဆိုတဲ့အခါကျတော့ပေါ့နော်။ ဒါက ကျွန်မတို့အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာလည်း မရှိပါဘူးဆိုတာကိုပဲ ပြောချင်တယ်”
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွေးကောက်ပွဲလုပ်ပြီး သုံးလနီးပါး အကြာ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် NLD ပါတီက ထိပ်တန်းခေါင်းဆောင်တွေ၊ ရွေးကေက်ခံအမတ်တွေကို တစ်နိုင်လုံးအတိုင်းအတာနဲ့ လိုက်လံဖမ်းဆီးနေတာကြောင့် အဖမ်းခံရသူတွေရှိသလို တချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အာဏာသိမ်းပြီး သုံးပတ်ကျော်အကြာမှာတော့ စစ်ကောင်စီဖွဲ့ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ဖေဖော်ဝါရီ ၂၆ ရက်နဲ့ မေလ ၂၁ ရက်နေ့တွေမှာ နိုင်ငံရေးပါတီတွေကို အစည်းအဝေး နှစ်ကြိမ်ခေါ် ယူခဲ့ပြီး ၂၀၂၀ ရွေးကေက်ပွဲရလဒ်ကို ဖျက်သိမ်းမယ့်အကြောင်းနဲ့ မဲမသမာမှုလုပ်ခဲ့တဲ့ NLD ပါတီကို ဖျက်သိမ်း ကောင်း ဖျက်သိမ်းနိုင်တဲ့အကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတွေ သတင်းစာတွေကတဆင့် ၂၀၂၀ ရွေးကောက် ပွဲ ရလဒ်ကို ဖျက်သိမ်းပြီး၊ နောက်ရွေးကောက်ပွဲတွေမှာ PR အချိုးကျစနစ်ကို ကျင့်သုံးမယ့်အကြောင်း မကြာ ခဏ ထုတ်ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့က ပြည်သူကို ကိုယ်စားပြုနေပါတယ်ဆိုတဲ့အချက်ကို ချေဖျက်ချင်လို့ အခုလို ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း တာ ဖြစ်နိုင်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) က ဥက္ကဋ္ဌ ဦးသာထွန်းလှ က သုံးသပ်ပါတယ်။
"အခုမှရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပါတယ်လို့ ထုတ်ပြန်ကြေညာတယ်ဆိုတာကတော့ CRPH တို့ NUG တို့က ပြည်သူကိုကိုယ်စားပြုပါတယ်။ ကျနော်တို့မှာ Mandate ရှိပါတယ်ဆိုတဲ့ အဲဒီလိုပြောဆိုချက် တွေကို ချေဖျက်ချင်လို့လုပ်တဲ့လုပ်ရပ်တစ်ခုလို့ ကျနော်သုံးသပ်တာဖြစ်တယ်။”
ရခိုင်အမျိုးသားပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် လေးနေရာ၊ အမျိုးသား လွှတ်တော် လေးနေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ခုနစ်နေရာ စုစုပေါင်း ၁၅ နေရာမှာ အနိုင်ရ ရှိခဲ့တာဖြစ်ပါတယ်။
ကိုဗစ်ရောဂါကူးစက်မှုတွေရှိတဲ့ ကျန်းမာရေးအခက်အခဲတွေကြားကနေ မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားပြီး NLD အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးဖို့ နိုင်ငံတကာက တောင်းဆိုနေချိန်မှာပဲ စစ်ကောင်စီက ဒီမဲရလဒ်တွေကို ပယ်ဖျက်လိုက်တာဟာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ဝေဖန်ပါတယ်။
“ဒါဟာ တကယ့်ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ကင်းကွာဆန့်ကျင်နေတဲ့ ကိစ္စပါ။ ဂုဏ်သိက္ခာမဲ့စွာ အာဏာသိမ်းမှုကို အတည်ပြုမှုရအောင် အတင်း ကြိုးပမ်းထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်ပဲဖြစ်တယ်။ ပြည်သူအများစုက သူ့ သဘောဆန္ဒနဲ့ တင်မြှောက်ထားတဲ့ NLD အစိုးရကတော့ နစ်နာသွားတာပေါ့။ စစ်ကောင်စီက အရှက်အကြောက်ကင်းမဲ့စွာ ဒီရွေးကောက်ပွဲရလဒ်တွေကို ဖျက်သိမ်းတယ်လို့ ကမ္ဘာကို ကြေညာတယ်ဆိုတာက သူ့ရဲ့အာဏာသိမ်းမှုကို တရားမျှတတယ်လို့ ပုံဖော်တာဖြစ်ပါတယ်။ အဲဒီ ပုံဖော်မှုကို သူ့ကို နိုင်ငံရေး အရ ထောက်ခံတဲ့ နိုင်ငံရေးပါတီကတောင် မထောက်ခံဘူးဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။"
ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူး ကလည်း နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရွေးကောက်ပွဲရလဒ်ကို စစ်အာဏာသိမ်းတာ တစ်ခုတည်းနဲ့ ဖျက်ပစ်လိုက်လို့ မရဘူးလို့ ထောက်ပြဝေဖန် ပါတယ်။
“စစ်ကောင်စီရဲ့ ဦးဆောင်မှုအောက်မှာ တိုင်းပြည်ရေရှည်ငြိမ်းချမ်းမှုရအောင်၊ ဖယ်ဒရယ် ဒီမိုကရေစီစနစ် ကို ကျင့်သုံးခွင့်ရဖို့ ဘယ်တော့မှမဖြစ်နိုင်ဘူး။ ဒါကြောင့် တိုင်းရင်းသားအင်အားစုတွေရော ဒီမိုကရေစီ အင်အားစုတွေရော လူထုတစ်ရပ်လုံး ဒီထက်ပိုစည်းလုံးညီညွတ်စွာနဲ့ စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို တကယ်တမ်း အပြတ်တိုက်မှပဲ တိုင်းပြည်ကငြိမ်းချမ်းမယ်ဆိုတဲ့ အနေအထားမျိုး ပိုရောက်သွားနိုင်တယ်။"
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က မဲဆန္ဒနယ် ၉၂၀ မှာ မဲအများဆုံးနဲ့ အပြတ်အသတ်အနိုင်ရခဲ့ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် ၇၁ နေရာနဲ့ ဒုတိယ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က မဲဆန္ဒနယ် ၄၂ နေရာနဲ့ တတိယ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာနဲ့ စတုတ္ထ၊ တအာင်း (ပလောင်) အမျိုးသားပါတီက မဲဆန္ဒနယ် ၁၂ နေရာနဲ့ ပဉ္စမမြောက် မဲအများဆုံး အသီးသီးအနိုင်ရခဲ့ကြတာပါ။