ရိုဟင်ဂျာပြန်ခေါ်ရေး စစ်ကောင်စီရဲ့စီမံကိန်းနဲ့ ကုလသမဂ္ဂ
2023.03.18
ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ဖို့အတွက် စစ်ကောင်စီလုပ်နေတဲ့ ရှေ့ပြေးစီမံကိန်းမှာ ကုလသမဂ္ဂဘက်က ပါဝင်ပတ်သက်မှုလုံးဝမရှိတဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရဲ့ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က မတ်လ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
စစ်ကောင်စီရဲ့ စီမံကိန်းမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပါဝင်ပတ်သက်နေတယ် ဆိုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံးက အီးမေးတွေပေါက်ကြားလာတာနဲ့ ပတ်သက်လို့ အခုလို တုံ့ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
UNHCR ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့ စစ်ကောင်စီရဲ့ ရှေ့ပြေး စီမံကိန်း (Pilot project) တစ်ခုမှာ ပါဝင်ဆောင်ရွက်နေတဲ့အကြောင်း မြန်မာနိုင်ငံမှာ ရာထူးအမြင့်ဆုံး ကုလသမဂ္ဂ ဝန်ထမ်းဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ramanathan Balakrishnan ကိုယ်တိုင် အတည်ပြုထားတဲ့ ရုံးတွင်း အီးမေးလ်ကို လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project က ရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အခြေအနေတွေဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့ အခြေအနေ မရှိသေးဘူးလို့ UNHCR ကိုယ်တိုင်က တရားဝင် သတ်မှတ်ပြီး ထုတ်ပြန်ကြေညာထားတဲ့အတွက် အခုလို စစ်ကောင်စီရဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ စီမံကိန်းမှာ ပူးပေါင်း ပါဝင်နေတာဟာ မယုံနိုင်စရာ စံနှုန်းနှစ်မျိုးနဲ့ အလုပ်လုပ်နေတာကို ပြသနေတယ်လို့ Myanmar Accountability Project ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ဖိအားပေးမှုအပေါ်မှာ အလျော့ပေးလိုက်တာ ဖြစ်တဲ့အကြောင်း၊ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံလာအောင် ဝါဒဖြန့်ချိတဲ့အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကြိုးပမ်းမှုတွေ လုပ်ပြလာတာ ဖြစ်တဲ့ကြောင်း နဲ့ ကုလသမဂ္ဂ အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ဒီလို အရှက်အကြောက်မရှိ ဝါဒဖြန့်ချိ ကြိုးပမ်းမှုမှာ ပူးပေါင်း ပါဝင်နေတာဟာ မကြုံစဖူး နိမ့်ကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Myanmar Accountability Project ရဲ့ ညွှန်ကြားရေးမှုး Christopher Gunness က ပြောထားပါတယ်။

“Myanmar Accountability က ရရှိတဲ့ အီးမေးလ်နဲ့ စာရွက်စာတမ်းတွေထဲမှာ UNHCR နဲ့ WFP တို့ဟာ စစ်ကောင်စီကနေ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မယ့် အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်တဲ့ ရှေ့ပြေးစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ရုံတင်မကဘဲ၊ ကုလသမဂ္ဂရဲ့ လှေတွေနဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကို ပို့ဆောင်ပေးခဲ့တဲ့အကြောင်း ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် မစ္စတာ ဘာလာခရစ်ရှနန်ကိုယ်တိုင်က ဝန်ခံထားပါတယ်။ ဒီအီးမေးလ်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အတင်းအကျပ်နေရပ်ပြန်ပို့မယ်ဆိုရင် သူတို့ရဲ့ လုံခြုံရေးအတွက် စိတ်မချရဘူးလို့ UNHCR ကိုယ်တိုင်က ယုံကြည်တဲ့အကြောင်း ပြောထားတာလည်းပါပါတယ်။ ဒီလို ပြောထားပေမယ့်၊ UNHCR နဲ့ WFP တို့ဟာ ရိုဟင်ဂျာ တွေကို နေရပ်ပြန်ပို့ဖို့ ရှေ့ပြေးစီမံကိန်းမှာ ပါဝင်နေတာက အံ့သြစရာကောင်းပါတယ်။ တစ်ဘက်မှာ ကုလသမဂ္ဂ ကိုယ်တိုင်က အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားပြီး၊ အခြားတစ်ဘက်မှာတော့ ဆက်လုပ်ဖို့ ပါဝင် ကူညီနေတာ အဓိပ္ပါယ်မရှိပါဘူး။ အားလုံးသိအောင် ရှင်းပြဖို့ တာဝန်ရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် ရုံးက တာဝန်ရှိသူတွေအပြင်၊ ကုလသမဂ္ဂ ရုံးချုပ်က ထိပ်ပိုင်း တာဝန်ရှိသူတွေ ကိုယ်တိုင် ဖြေရှင်းချက်ပေးဖို့ လိုတယ်လို့ Christopher Gunness က ပြောပါတယ်။
ဒါ့အပြင် Myanmar Accountability Project ကနေ RFA ကို ထပ်ဆင့် ပေးပို့တဲ့ အဲဒီ အီးမေးလ်ထဲမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ramanathan Balakrishnan က UNHCR နဲ့ WFP တို့ဟာ စစ်ကောင်စီ တာဝန်ရှိသူတွေရဲ့ တောင်းဆိုချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တက္ကနပ်ကို သွားရောက်ဖို့ ကုလသမဂ္ဂ ရဲ့ လှေတွေနဲ့ ပို့ဆောင်ပေးခဲ့ရတဲ့အကြောင်း၊ စစ်ကောင်စီဘက်က သူတို့ ခရီးမသွားခင် ၃၆ နာရီအတွင်း အချိန်ကပ်ပြီး တောင်းဆိုလာတာ ဖြစ်တဲ့အကြောင်း၊ ကုလသမဂ္ဂ အမှတ်တံဆိပ်တွေကို ဖျက်ထားတဲ့ လှေတွေနဲ့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောထားပါတယ်။
ဒီလို စစ်ကောင်စီ ခေါင်းဆောင်တွေကို ကုလသမဂ္ဂ စာသားတွေကို ဖျက်ထားတဲ့ လှေတွေနဲ့ ပို့ဆောင်ပေးလိုက်တာဟာ၊ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ မျှတမှုနဲ့ ဘက်မလိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ Myanmar Accountability Project က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ထားပါတယ်။
အခုလို လုပ်ရပ်ကြောင့် ကုလသမဂ္ဂဟာ မြန်မာ စစ်ခေါင်းဆောင်တွေဘက်ကို ဘက်လိုက်မှုရှိမရှိ မသေချာတော့တဲ့အတွက် မြန်မာနိုင်ငံ အရပ်ရပ်မှာ ဆောင်ရွက်နေတဲ့ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း ထိခိုက်လာနိင်တဲ့အကြောင်း၊ မြန်မာနိုင်ငံအနှံ့က ကုလသမဂ္ဂ ဝန်ထမ်းတွေအတွက် အသက်အန္တရာယ်စိုးရိမ် စရာဖြစ်လာနိုင်တဲ့အကြောင်း Myanmar Accountability Project က Christopher Gunness က ပြောပါတယ်။

“ဒီအီးမေးလ်ထဲမှာ စစ်ကောင်စီ တာဝန်ရှိသူတွေကို ကုလသမဂ္ဂ စာတမ်းတွေကို ဖျက်ထားတဲ့ လှေတွေနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဝန်ခံထားပါတယ်။ ဒါဟာ တော်တော်လေး ကြီးလေးတဲ့ စည်းကမ်းတွေကို ချိုးဖောက်မှု ဖြစ်ပါတယ်။ ကုလသမဂ္ဂ စာတန်းပါတဲ့ ယာဉ်တွေဟာ ဘယ်ဘက်ကိုမှ ဘက်မလိုက်ကြောင်း ပြသတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ စစ်ကောင်စီဟာ အခုလို ကုလသမဂ္ဂရဲ့ ယာဉ်တွေကို အသုံးပြုပြီး သွားလာနေမယ်ဆိုရင် အတိုက်အခံနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေ လုပ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံအနှံ့မှာ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်နေတဲ့ ဝန်ထမ်းတွေ အားလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်ပါတယ်။”
Myanmar Accountability Project ကနေ RFA ကို ပေးပို့တဲ့ အီးမေးလ်ထဲမှာတော့ မစ္စတာ ဘာလာ ခရစ်ရှနန်က ကုလသမဂ္ဂ အေဂျင်စီ နှစ်ခု အနေနဲ့ စစ်ကောင်စီဘက်က “အလွန် တင်းမာတဲ့ တောင်းဆိုမှု” ကြောင့် အခုလို ကူညီဖို့ ဆုံးဖြတ်လိုက်ရတာလို့ ရေးထားပါတယ်။