စစ်တွေ မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ ဝမ်းရောဂါကြောင့် သေဆုံးသူ ၈၀ ရှိပြီ
2024.04.21

ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်စခန်းတွေနဲ့ မွတ်စလင်ရွာတချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေကြပြီး သေဆုံးသူ ရှစ်ဆယ်နီးပါးရှိလာပြီလို့ ဒုက္ခသည်နဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ မွတ်စလင်ရွာတစ်ရွာ အပါအဝင် ဒုက္ခသည်စခန်းခြောက်ခုမှာ သုံးပတ်အတွင်း ၇၆ ဦးသေဆုံးခဲ့ပြီး အုန်းတောကြီးစခန်းက ၃၈ ဦး၊ ဆေးသမားကြီးစခန်းက ၂၇ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။
"တစ်နေ့တစ်နေ့ကို ဒီလိုပဲ နှစ်ယောက်၊ သုံးယောက် ဆုံးသွားတာ ကလေးတွေ"
ရေကောင်းရေသန့် မရဘဲ ကျဉ်းကျဥ်းကျပ်ကျပ် နေရတာကြောင့် ဝမ်းရောဂါပျံ့နှံ့လာပြီး ကလေးတွေပါ သေဆုံးလာတာလို့ ကမန်လူမျိုး ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“IDP မှာနေရတာက တစ်အိမ်နဲ့တစ်အိမ် ကပ်နေတာပေါ့။ လူတွေကလည်း အများနဲ့နေရတာပေါ့။ အများနဲ့ နေရတော့ ရေကလည်းမသန့်ဘူး။ အစားအသောက်ကလည်း အရင်လို လွတ်လပ်စွာမရဘူး။ ရတာကိုပဲ ရသလို စားရတာပေါ့။ မွေးစကလေး၊ တစ်နှစ်၊ နှစ်နှစ် ကလေးတွေပေါ့။ အကုန်လုံး အန်တယ်၊ ဝမ်းလျှောတယ်၊ ဗိုက်တွေအောင့်တာပေါ့။ တစ်နေ့တစ်နေ့ကို ဒီလိုပဲ နှစ်ယောက်၊ သုံးယောက် ဆုံးသွားတာ ကလေးတွေ"
ဝမ်းရောဂါကို ကုသပေးမယ့် ဆရာဝန်မရှိသလို ဆေးဝါးလည်းမရှိတာကြောင့် သေဆုံးမှုတွေများလာတာလို့ ဆိုပါတယ်။
စစ်တွေမြို့ပေါ်မှာလည်း ဆေးဝါးပြတ်နေတာကြောင့် ဝမ်းရောဂါဖြစ်နေတဲ့ ကလေးတွေနဲ့ သက်ကြီးပိုင်းတချို့ ဆေးမှီးတိုတွေနဲ့သာ ကုသနေရတာပါ။
အရင်ကလည်း ဒုက္ခသည်စခန်းမှာ အခုလို ဝမ်းရောဂါဖြစ်လေ့ရှိပေမယ့် အချိန်မီဆေးကုသခွင့်ရတာကြောင့် အခုလို အများအပြားသေဆုံးတာမျိုးတော့ မရှိခဲ့ဖူးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဒုက္ခသည်တွေကို ကူညီနေတဲ့ နိုင်ငံတကာအဖွဲ့စည်း အကုန်နီးပါး စစ်တွေမြို့က ထွက်ခွာသွားတာကြောင့်လည်း ကူရာမဲ့ဖြစ်နေတာလို့ ဆိုပါတယ်။
မွတ်စလင်ဒုက္ခသည်တွေဟာ လွတ်လပ်စွာသွားလာပြီး ဝင်ငွေရှာခွင့်မရှိတာကြောင့် ဆေးကုသဖို့ငွေကြေးကအစ ခက်ခဲနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။
“ဒုက္ခသည်စခန်းမှာ သူတို့မှာ ပိုက်ဆံမရှိဘဲနဲ့ အသေခံလိုက်ရတဲ့ ကလေးတွေလည်းရှိတယ်။ အဲလောက်ထိ ဆိုးဆိုးရွားရွား အခြေအနေနဲ့ သူတို့ကြုံနေရတယ်။ စစ်ကောင်စီက အဲဒီဒုက္ခသည်တွေကို လူသားတွေရဲ့အခြေခံ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးတာမရှိတဲ့အပြင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့စည်းတွေကို ကူညီနိုင်အောင် စီစဉ်ဆောင်ရွက်ပေးတာ မရှိတော့ဘူး"
အခုလိုဖြစ်နေတဲ့အပေါ် စစ်ကောင်စီဘက်က ကူညီထောက်ပံ့တာမရှိသလို အရပ်ဘက်အဖွဲ့စည်းတွေကလည်း အကူအညီပေးချင်ရင်တောင် ဆေးဝါးမရှိတာကြောင့် ထိထိရောက်ရောက်မကူညီနိုင်ဘူးလို့ ဆိုပါတယ်။
စစ်တွေမှာ မွတ်စလင်ဘာသာဝင် ကမန်လူမျိုးနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ စုပေါင်းနေထိုင်တဲ့ ဒုက္ခသည်စခန်းပေါင်း ၁၅ ခုခန့်ရှိပြီး အဲဒီအထဲက စခန်းခြောက်ခုလောက်သာ စာရင်းကောက်နိုင်သေးတာကြောင့် သေဆုံးမှု အရေအတွက် အခုထက်ပိုများနိုင်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖြတ်တောက်မှုတွေကြောင့် မွတ်စလင်ဒုက္ခသည်တွေ အခုလို ဆိုးဆိုးရွားရွားကြုံတွေ့နေရတာလို့ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့တည်ထောင်သူ ဦးနေဆန်းလွင်က RFA ကို ပြောပါတယ်။
“ဒုက္ခသည်စခန်းကဖြစ်ဖြစ်၊ ကျေးရွာတွေကဖြစ်ဖြစ် ဒီလို ပြဿနာတွေဖြစ်လာတယ်ဆိုရင် အနည်းဆုံး ခွင့်ပြုချက်ယူပြီး ဆေးရုံ၊ ဆေးခန်းသွားလို့ရခဲ့တယ်။ အခုက အဆိုးဆုံးအခြေနေမှာ ရောက်နေတာပေါ့။ ဒီလို ပြဿနာတွေဖြစ်နေတာ အားလုံးက စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက်ကြောင့် ဒီလိုအခြေနေကို ကြုံတွေ့နေရတာ။ ဒါကလည်း စစ်ကောင်စီက ကျွန်တော်တို့ ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာ မပြီးသေးဘူး။ အခုထိ ကျူးလွန်နေတယ်ဆိုတာ သက်သေအထောက်ထား တစ်ခုဖြစ်လာတယ်“
စစ်တွေမြို့အနောက်ခြမ်းမှာရှိတဲ့ မွတ်စလင်ရွာတွေနဲ့ ဒုက္ခသည်စခန်းတွေဟာ ၂၀၁၂ ခုနှစ်ကတည်းက ဆေးဝါး၊ စားသောက်ကုန်သယ်ယူခွင့်နဲ့ သွားလာခွင့်တွေ ကန့်သတ်ခံထားရတာပါ။
၂၀၂၃ ခုနှစ် နိုဝင်ဘာပထမပတ်ကစပြီး ရခိုင်ပြည်နယ်ထဲ ဆေးဝါးနဲ့ စားသောက်ကုန်ပစ္စည်း သယ်ယူခွင့်ကိုပါ စစ်ကောင်စီတပ်က ထပ်မံဖြတ်တောက်လိုက်တာကြောင့် အရင်ကထက်ပိုပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။