ဆိုင်းငံ့ထားရတဲ့ ဒုက္ခသည် ပြန်လက်ခံရေးအစီအစဉ်


2018.11.16
rohingya-protest-bangladesh-622 ကုတုပလောင် ဒုက္ခသည်စခန်းက ဆန္ဒပြပွဲကို တွေ့ရစဉ်
Photo: REUTERS

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဒုက္ခသည်အရေးကို တကမ္ဘာလုံးက ပုံစံပေါင်းစုံနဲ့ ဖိအားပေးခဲ့ကြပြီး သူတို့ကို တကယ်ပြန်ပို့မယ့်နေ့မှာတော့ ဒုက္ခသည်တယောက်မှ ရောက်မလာပါဘူး။ ဒီကိစ္စဟာ နိုင်ငံတကာရဲ့ဖိအားတွေ၊ ဝေဖန်မှုတွေအပါအဝင် ကာယကံရှင်နိုင်ငံတွေနဲ့ ဘယ်လိုဆက်စပ် ပတ်သက်နေနိုင်သလဲဆိုတာကို မခက်မာ တင်ပြထားပါတယ်။

~~~~~~~~~~~~~~~

ဆိုင်းငံ့ထားရတဲ့ ဒုက္ခသည် ပြန်လက်ခံရေးအစီအစဉ်
( မခက်မာ)

■ တကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပထမဦးဆုံးအသုတ်အနေနဲ့ မြန်မာနိုင်ငံဘက်ပြန်ပို့မယ့် အစီအစဉ်ကို နိုဝင်ဘာလက စတင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်နှစ်ဘက်လုံးမှာ နှစ်ဘက်အာဏာပိုင်တွေက ဒုက္ခသည်တွေကိုလွှဲပြောင်းရေး၊ လက်ခံရေးတွေအတွက် အသင့်အနေအထားနဲ့ တနေကုန်စောင့်နေကြပေမယ့် ညနေသာစောင်းသွားတယ် ဒုက္ခသည်တယောက်မှ မရောက်လာပါဘူး။

အဲဒီတရက်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေက သူတို့ မြန်မာပြည်ဘက် မပြန်ချင်တဲ့အကြောင်း ဆန္ဒပြ အော်ဟစ်ကြွေးကြော်နေကြတဲ့ သတင်းတွေ ရုပ်သံတွေ ကမ္ဘာ့ မီဒီယာပေါင်းစုံမှာ တက်လာပါတယ်။ အဲဒီလို ဒုက္ခသည်ပြန်ပို့ရေး ပွဲဦးထွက်အစီအစဉ် အဆင်မပြေဖြစ်ခဲ့ရတာနဲ့ ပတ်သက်ပြီး နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အရေးပေါ်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဲဒီမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ခုလိုပြောခဲ့ပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်က Physical arrangement နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှု အားနည်းခဲ့တာကို ကျနော်တို့ တွေ့ရှိရပါတယ်။ UNHCR အနေနဲ့ ပြန်လည်လက်ခံရေး အစီအစဉ်ကို ပံ့ပိုးကူညီတဲ့နေရာမှာ အမှန်တကယ်ပြန်လိုတဲ့သူတွေကို အဟန့်အတား မဖြစ်သင့်ဘူးလို့ ကျနော်တို့ မျှော်လင့်ပါတယ်"


ဒီသီတင်းပတ်အစက စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံ မတိုင်ခင်လေးမှာပဲ မြန်မာနိုင်ငံ က ရိုဟင်ဂျာတွေအပေါ်လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်းကို ဦးစားပေးဆွေးနွေးကြဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ APHR က အရှေ့တောင်အာရှခေါင်းဆောင်တွေကို ကြေညာချက်ထုတ် တိုက်တွန်းပြီး ဒုက္ခသည်တွေကိုလည်း သိက္ခာရှိရှိ အန္တရာယ်ကင်းကင်း နေရပ်ပြန်နိုင်အောင် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ ဒါကြောင့် APHR အဖွဲ့ ဥက္ကဋ္ဌ ချားလ်စ်စန်တီယာဂို ကို အကယ်၍များ အဲဒီဒုက္ခသည်တွေကိုယ်တိုင်က   မြန်မာပြည်မပြန်ချင်ပါဘူး။ သူတို့ ဘင်္ဂလားဒေ့ရှ် ဒါမှမဟုတ် တခြားတနေရာရာမှာပဲ နေချင်ပါတယ်ဆိုတာမျိုး ပြောလာရင် နိုင်ငံတကာအနေနဲ့ အဲဒီကိစ္စကို မြန်မာနိုင်ငံနဲ့ ဘယ်လိုများ ပူးပေါင်း ဖြေရှင်းပေးနိုင်ပါမလဲလို့ မေးကြည့်မိပါတယ်။ ဒီတော့ မစ္စတာ ချားစ်စန်တီရာဂိုက..

"အမှန်အတိုင်း ရိုးရိုးသားသားပြောရရင် သူတို့ ရခိုင်ကို ပြန်ချင်ကြပါတယ်။ ကျနော် အဲဒီဒုက္ခသည်စခန်းတွေကို ရောက်ဖူးပါတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ပြန်ချင်ကြဦးမှာ မဟုတ်သေးပါဘူးလို့ ပြောသွားတာပါ"

အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ APHR ဥက္ကဋ္ဌ ပြောသွားသလို ဒုက္ခသည်တွေက ပြန်ချင်ကြပေမယ့် လောလောဆယ်တော့ မဟုတ်ပါဘူးဆိုတဲ့စကားဟာ မနေ့က သတ်မှတ်ရက်မှာ ဒုက္ခသည်တွေ ပြန်မရောက်လာတဲ့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြားခဲ့တာတွေနဲ့ ဆက်စပ် စဉ်းစားစရာဖြစ်နေပါတယ်။

"ဒုက္ခသည်စခန်းတွေမှာ ပြန်လာချင်တယ်လို့ ပြောတဲ့သူတွေဆိုရင် တားမြစ်တယ်။ ပုံစံဖြည့်ဖို့အတွက် ပုံစံတွေ သူတို့လက်ထဲမှာ မရှိဘူး။ ပုံစံဖြည့်ခွင့်မရဘူး။ ဘယ်လိုမှ မရနိုင်ဘူး။ ပြန်ချင်တယ်လို့ ပြောရင် အပြစ်ရှာတယ်။ နှိပ်စက်ညှဉ်းပန်းတယ်။ သတ်ပစ်တဲ့အထိ အဲ့ဘက်တွေမှာ လုပ်နေတယ်။ အဲလိုဟာမျိုးတွေကြောင့်မို့ သူတို့မှာ ပြန်လာချင်သော်လည်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ဟိုဘက်မှာခံစားနေရတယ်။ ဒီဘက်ကို မယုံလို့ မလာချင်တာမဟုတ်ဘူး။ ဒီဘက်ကိုယုံပြီး လာချင်တဲ့သူတွေ အများကြီးရှိတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့တဝက်ကို သူတို့နိုင်ငံ ပြောင်းရွေ့နေထိုင်ဖို့ ကနေဒါနိုင်ငံက ကမ်းလှမ်းခဲ့တာကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဒီကိစ္စကို စဉ်းစားသုံးသပ်ပါဦးမယ်လို့ပဲ ဖြေကြားခဲ့ပြီး တလုံးတပါဒမှ ထပ်ပြီးပြန်ကြားမလာတဲ့အတွက် ကနေဒါအစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ရိုက်တာသတင်းဌာနက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆိုတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရကို အကြိမ်ကြိမ်တောင်းဆိုသလို မြန်မာ အစိုးရကို ဖိအားပေးဖို့ ကမ္ဘာ့နိုင်ငံတွေကိုလည်း ပန်ကြားနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူ့နိုင်ငံကစောင့်ရှောက်ထားတဲ့ ဒုက္ခသည်တွေကို ကနေဒါက ခွဲဝေတာဝန်ယူပါရစေလို့ ပြောလာတဲ့အခါ ဘာဖြစ်လို့ လက်မခံခဲ့တာပါလဲ။ ဘင်္ဂလားဒေ့ရှ်ရဲ့ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေကြီးဦးမင်းလွင်ဦး ကတော့ ခုလို သုံးသပ်ပါတယ်။  

"ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့က ဒီဘင်္ဂ ါလီတွေကို ပြန်ပို့တဲ့ကိစ္စက အလွယ်တကူမဖြစ်နိုင်ဘူး ဆိုတာကို သူတို့သိ တယ်ဆိုတော့ကာ ဒီလူဦးရေတသန်းနီးပါးကို ကျွေးထားဖို့ စရိတ်လိုတယ်။ ပြီးတော့ UNHCR ကလည်း တာဝန်ခံထားတယ်။ NGO အဖွဲ့တွေကလည်း တာဝန်ခံထားတာ ဖြစ်တဲ့အတွက် ဘဏ္ဍာငွေလိုတယ်။ အဲတော့ကာ ဒီကိစ္စက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ပြောသလို မြန်မြန်ဆန်နဲ့ နှစ်ဘက်လုံး လုပ်ရင်တောင်မှ အလွယ်တကူပြီးမှာမဟုတ်ဘူး။ သေသေချာချာစီစစ်ပြီး လက်ခံရမှာ ဖြစ်တဲ့အတွက် အချိန်ယူဖို့လိုတယ်။ အချိန်ယူဖို့ လိုတာနဲ့အမျှ ဒီကိစ္စ ကြာကြာဖြစ်နေလေ သူတို့အတွက်ရန်ပုံငွေရနေလေ၊ သူတို့အတွက်အကျိုးရှိနေလေ၊ အဲဒီသဘောမျိုးလို့တောင်မှ ပြောလို့ရပါတယ်ဗျာ ပြောမကောင်းလို့"

ဒုက္ခသည်တွေကို ပထမဆုံအကြိမ်ပြန်ပို့ရေး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပြန်အလှန် ဆွေးနွေးနေကြချိန်အတွင်းမှာပဲ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က မြန်မာအတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်တွေအရေး နှုတ်ဆိတ်နေမှုအပေါ် အကြီးအကျယ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီသီတင်းပတ် အစောပိုင်းမှာ စတင်ခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာသီယာဟာ နိုင်ငံအမည်စဉ်ဇယားအရ ဘေးချင်းကပ်ထိုင်ဖို့ ဖြစ်လာတာကပဲ ကမ္ဘာ့သတင်းတွေမှာ ပြောစရာ၊ စောင့်ကြည့်စရာဖြစ်လာပါတယ်။ မနေ့က နိုဝင်ဘာ ၁၅ရက်နေ့ကတော့ အာဆီယံထိပ်သီးအစည်းအဝေး နောက်ဆုံးရက်ဖြစ်သလို ရိုဟင်ဂျာဒုက္ခသည်တွေကို ပထမဆုံးအသုတ် ပြန်ပို့မယ့်နေ့လည်းဖြစ်ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးက အောင်အောင်မြင်မြင်ပြီးဆးုံသွားပေမယ့် ဒုက္ခသည်တွေ ပြန်ပို့ရေးကတော့ မချောမွေ့ခဲ့ပါဘူး။

ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ဖို့ အာစီယံခေါင်းဆောင်တွေအနေနဲ့ တွန့်ဆုတ်နေကြပြီး ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်ဖို့ကိုပဲ အလေးပေးပြောနေကြတာပါလို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် ပြဿနာမှာ အာဆီယံအဖွဲ့ဝင် မိတ်ဖက်နိုင်ငံတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ အရေးပါနေပြီး စိုးရိမ်ကြောင့်ကြမှုတွေလည်း ရှိနေကြတယ်လို့လည်း ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအပေါ် အလေးအနက်ရှိပါသလားလို့ မလေးရှား ဘာနား သတင်းဌာနက မေးမြန်းရာမှာတော့ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံရဲ့ အာဏာခွဲဝေထားပုံကို နားလည်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရခေါင်းဆောင် မဟုတ်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သာဖြစ်ပါတယ်။ သူ့ရဲ့ အတွေးမြင်သဘောထားတွေဟာ အစိုးရအပေါ် လွှမ်းမိုးမှုတော့ ရှိနိုင်ပါတယ်လို့ မဟာသီယာက ဖြေကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စ ရပ်တန့်သွားတာနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက စိုးရိမ်ကြပေမယ့် မြန်မာနဲ့အတူ ရပ်တည်နေကြတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နေးရှင်းသတင်းက ဖော်ပြပါတယ်။ အဲဒီလိုပဲ လူသားအရင်းအမြစ်၊ ပညာရေးနဲ့ ပြည်တွင်းတည်ငြိမ်ရေး စတဲ့နယ်ပယ်တွေမှာ မြန်မာနိုင်ငံနဲ့အတူ ဆက်ပြီးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို ရခိုင်ပြည်နယ်အရေးလို သိမ်မွေ့တဲ့ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အပေါ် လိုအပ်သလို အားပေးကူညီသွားမှာ ဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် လီခချန်းက အာဆီယံထိပ်သီးညီလာခံပြင်ပမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။