လယ်စိုက်မည့်သူနည်းပြီး စပါးထွက်နှုန်းကျဆင်းနိုင်

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2021.10.18
လယ်စိုက်မည့်သူနည်းပြီး စပါးထွက်နှုန်းကျဆင်းနိုင် ဒလမြို့နယ်မှာ စပါးစိုက်ပျိုးဖို့ ပျိုးကြဲနေကြသော လယ်စိုက်တောင်သူတချို့ကို ၂ဝ၁၈ ခုနှစ်က တွေ့ရစဉ်။
Photo: AFP

ကမ္ဘာမှာ COVID-19 ကပ်ရောဂါကျရောက်ချိန်မှာ မြန်မာနိုင်ငံမှာ ကပ်ဘေး၊ စစ်ဘေးကျရောက်နေပြီး ကုန်ဈေးနှုန်းနဲ့ အကြောင်းကြောင်းတွေကြောင့် တောင်သူလယ်သမားတွေ မစိုက်ပျိုး-မထွန်ယက်နိုင်ရင် အငတ်ဘေးနဲ့ ကြုံရမှာမို့ ကပ်သုံးပါးနဲ့ နီးတဲ့အနေအထားမှာ ရှိနေပါတယ်။

COVID-19 မဖြစ်ပွားခင်ကပဲ ကမ္ဘာတစ်ဝန်းမှာ လူသန်းနဲ့ချီ ငတ်မွတ်နေပြီး ကပ်ရောဂါအတွင်း မနှစ်က လူ ၈၁၁ သန်း ငတ်မွတ်ခေါင်းပါးတယ်လိုပ FAO စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်ကပဲ လူ သုံးသန်းနီးပါး ငတ်မွတ်မှုနဲ့ကြုံနေရပြီး ခု အောက်တို ဘာလအရောက် နှစ်ဆတိုးပြီး လူ ၆ ဒသမ ၂ သန်းလောက် ရိက္ခာပြဿနာ ကြုံနိုင်ဖွယ်ရှိတယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က သြဂုတ်လက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအခြေခံတဲ့ တိုင်းပြည်ဖြစ်တာနဲ့အညီ GDP စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုးရဲ့ ၃၇.၈ ရာခိုင်နှုန်းကို စိုက်ပျိုးရေးကဏ္ဍက ဖြည့်ဆည်းပေးနေပြီး ပြည်ပပို့ကုန် စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးကဏ္ဍက ဖြစ်ရုံမက နိုင်ငံ့လုပ်အားရဲ့ ၇၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးကဏ္ဍက ဖြစ်တယ်လို့ FAO က မှတ်တမ်းပြုစုထားပါတယ်။

000_Z32SE.jpg
ရန်ကုန်တိုင်းအတွင်းက လယ်ကွက်တစ်ခုမှာ စပါးရိတ်သိမ်းနေသော လယ်စိုက်တောင်သူတချို့ကို ၂ဝ၁၇ ခုနှစ်က တွေ့ရစဉ်။ (Photo: AFP)

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် ကဏ္ဍအစုံစုံထိခိုက်ရပြီး ၂၀၂၀ အောက်တိုဘာက ၂၀၂၁ စက်တင်ဘာ ဘဏ္ဍာရေးနှစ်မှာ စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ မြန်မာ့စီးပွားရေး အဖက်ဖက်က ကျဆင်းနေတာမို့ စိုက်ပျိုးရေးနဲ့ သားငါးကဏ္ဍပဲ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး (ဘောဂဗေဒ)က ခန့်မှန်းပါတယ်။

ဆန်စပါးကို အဓိကအားထားစားနေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုကြားမှာ စစ်အာဏာ သိမ်းစမှာ စိုက်စရိတ်မကြီးမားသေးတဲ့အတွက် စိုက်ပျိုးနိုင်ပေမဲ့ ဆောင်းစပါး မစိုက်ပျိုးနိုင်တော့ဘူးလို့ ဧရာဝတီတိုင်းက လယ်သမားတစ်ဦးကပြောပါတယ်။

အစစအရာရာ ဈေးကြီးမြင့်လို့ မစိုက်ပျိုးနိုင်တော့တဲ့အကြောင်း ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်က လယ်ယာစိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒေါ်လှကလည်းပြောပါတယ်။

“အခုနောက်ပိုင်း ဓာတ်မြေသြဇာဈေးကလည်း မနှစ်က တအိတ်ကို နှစ်သောင်းခွဲ ၊ ဒီနှစ်ကို တအိတ်ကို လေးသောင်းကျော်ကနေ အခု ခြောက်သောင်းကျော် ဖြစ်သွားတယ်။ မနှစ်က မျိုးစပါးဈေးက တတင်း ကို ၇ ထောင်၊ ဒီနှစ်က တစ်သောင်း။ ဒီဇယ်ဈေးကလည်း တက်တယ်။ လယ်သမားက မိုးတွေရွာလို့ရှိ ရင် ရေများလို့ရှိရင် ရေလွှတ်ရတာ၊ လိုအပ်ရင် ရေပြန်မောင်းတင်ရတာ များတော့ အခုဆိုရင် တစ်လီတာကို ၁၃၄ဝ ရှိတယ်။ ဗမာလို တန်ဆောင်မုန်းလဆိုရင် ဆောင်းရာသီစပါးဖြစ်တယ်။ အဲဒီအချိန်ကျရင် စပါးပြီးလို့ ရိတ်သိမ်းပြီးတာနဲ့ တပြိုင်နက် ရေတွေမောင်းတင်ကြ၊ ပြန်လယ်ထွန်၊ ပြန်ကြဲ အဲလိုမျိုး မလုပ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဒီဇယ်ကိုပဲ အားကိုးရတာ၊ ပြီးတော့ ဓာတ်မြေသြဇာကိုပဲ အားကိုးရတာဆိုတော့ လာမယ့်ဆောင်းရာသီစပါးကို စိုက်မယ့်သူ မရှိတော့ဘူး”

စိုက်စရိတ်မတတ်နိုင်လို့ နောက်စိုက်ပျိုးရာသီမှာ မစိုက်တော့ဘူးလို့ တချို့က ဆုံးဖြတ်နေတုန်း စပါးတင်း ၁၀၀ အတွက် အခြေခံရည်ညွှန်းပါဈေးနှုန်းကို အောက်တိုဘာ ၆ ရက်မှာ စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့က ငွေကျပ် ငါးသိန်းလေးသောင်း သတ်မှတ်လိုက်ပါတယ်။

လယ်သမားတွေက အနည်းဆုံး ၇ သိန်းကနေ ၉ သိန်းကျော်ထိ မျှော်မှန်းတာမို့ စိုက်ပျိုးနိုင်တော့မှာ မဟုတ်တော့ပေမဲ့ ဆင်းရဲတဲ့လယ်သမားတွေအတွက်က ရွေးချယ်စရာမရှိတဲ့အတွက် ပေးတဲ့ဈေးကို ကြိုက်ကြိုက် မကြိုက်ကြိုက်ရောင်းရမယ့် အနေအထားမှာ ရှိတယ်လို့ ပြောပါတယ်။

အကြားအမြင် အတွေ့အကြုံများနေတာမို့လည်း ဆန်စပါး ကုန်သည်ကြီးတွေနဲ့ စစ်ကောင်စီ လက်ဝါးရိုက်သတ်မှတ်တဲ့ ဈေးဖြစ်တယ်လို့လည်း ဧရာဝတီတိုင်းက လယ်သမားက ပြောပါတယ်။ စိုက်စရိတ်နဲ့ ရတဲ့ဈေးမကိုက်လို့ လယ်သမားတွေ မစိုက်ပျိုးနိုင်တော့ရင် ဆန်ဈေး တက်တဲ့အခါ နိုင်ငံရေးအခြေအနေ ပြောင်းပြီး ဆူပူမှု ဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။

မြန်မာ့စပါးကျီလို့တင်စားတဲ့ ဧရာဝတီတိုင်းမှာ ဒီရေတောတွေနည်းသွားတာက တကြောင်း၊ စပါးခင်းတွေ လွှမ်းနေပြီး တောတွေတောင်တွေ လျှိုမြောင်တွေ နည်းတာက တကြောင်းမို့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားဖို့ မလွယ်ကူတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒီလိုနေရာမှာတောင် စိုက်ရေးပျိုးရေး အခက်တွေ့နေရတာပဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။