ကန့်သတ်စောင့်ကြည့်ရေးစခန်း စားစရိတ်ထောက်ပံ့ဖို့ အစိုးရကို တောင်းဆို
2020.05.25
ပြည်ပက ပြန်ရောက်လာသူတွေ ၂၁ ရက် ကြပ်မတ်စောင့်ကြည့်ခံရတဲ့ နေရာတချို့မှာ စားသောက်စရိတ်ကို စောင့်ကြည့်ခံရသူတွေ ကိုယ်တိုင် ကျခံနေရတာကြောင့် အစိုးရရဲ့ ထောက်ပံ့မှု ရရှိမှ အခက်အခဲ ပြေလည်မယ်လို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
ပြည်ပကပြန်လာသူတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအသီးသီးရဲ့ စောင့်ကြည့်ရေးစခန်းတွေမှာ ၂၁ ရက်စီ နေထိုင်နေကြပြီး ဒေသတချို့မှာတော့ စောင့်ကြည့်ကာလအတွင်း စားသောက်စရိတ်ကို ကိုယ်တိုင် ကျခံ ရပါတော့မယ်။
စားသောက်စရိတ်အတွက် အစိုးရက စီစဉ်ပေးခဲ့တဲ့ ရခိုင်ပြည်နယ်မှာတော့ မေလ ၁၁ ရက်နေ့က စတင်ပြီး စခန်းဝင်သူက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျခံဖို့ ညွှန်ကြားချက် ရထားတယ်လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်သိန်းက ပြောပါတယ်။
"အရင်တုန်းက ကျခံတာ ၃၀၀၀ နှုန်းပေးတာရှိတယ်။ အခု ၁၁ ရက်နေ့နောက်ပိုင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် တခြား အဖွဲ့အစည်းတွေ ထောက်ပံ့တာကို လက်ခံတယ်။ ကျွန်တော်တို့ကို ပေးတာတော့ ပြည်နယ်အစိုးရက ပေးတာပါ။ တခြား ပြည်ထောင်စုက ထောက်ပံ့တာ ဘေးစီမံပေါ့ ဒုက္ခသည်တွေကို လက်သန့်ဆေး၊ နှာခေါင်းစည်းပေါ့။ အဲဒါတွေ ဝေပါတယ်"
ကနဦး အစိုးရထောက်ပံ့ပေးတဲ့ တစ်ဦး ၃၀၀၀ ကျပ်ဟာ တစ်ရက်စာ မလုံလောက်တာကြောင့် မြို့နယ်အုပ်ချုပ်ရေး ရုံးမှာ ရှိတဲ့ ရန်ပုံငွေကို ထပ်ဖြည့်သုံးစွဲလာရတယ်။ ဒါကြောင့် နောက်ပိုင်း လာရောက်မယ့်သူတွေကို မထောက်ပံ့ နိုင်တော့ဘဲ ကိုယ့်စားသောက်စားရိတ်ကို ကိုယ်တိုင် တာဝန်ယူရမယ်လို့ အကြောင်းကြားလာကြောင်း ရသေ့တောင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
"ရခိုင်ပြည်ဘက်က လူအများစုသည် နိုင်ငံခြားမှာ သွားအလုပ်လုပ်ကြတယ်။ အခုလည်း တရုတ်ပြည်က ပြန်လာမယ့်သူတွေ ရှိနေတယ်။ လောလောဆယ် ရသေ့တောင်မှာ ကွာရန်တင်းနဲ့ပတ်သက်တဲ့ ရန်ပုံငွေရှိ မနေပါဘူးလို့ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။ အခုတစ်ခေါက်လူတွေကို တာဝန်ယူတယ် နောက်လာမယ့် လူတွေကို စဉ်းစားကြပါလို့ ပြောပါတယ်။"
ရသေ့တောင်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သီးသန့်ရန်ပုံငွေဆိုတာမျိုး မရှိတာကြောင့် လက်ရှိ မလေးရှားနိုင်ငံက ပြန်ရောက်လာသူ ၁၈ ဦးအတွက် ကုန်ကျစရိတ်ကို ထွေအုပ်ရုံးက စိုက်ထုတ် ကျခံပေးမှာဖြစ်ပြီး နောက်ပိုင်း ရောက်ရှိလာသူတွေဟာ ကိုယ့်စရိတ်ကိုယ်ပေး နေထိုင်ရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ အများအပြား ရှိနေတာဖြစ်ပြီး နိုင်ငံအသီးသီးက ပြန်လာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား ကျန်ရှိနေပါသေးတယ်။
ယာယီစောင့်ကြည့်ရေးစခန်း ထောက်ပံ့မှုအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဒီကနေ့ ဆက်သွယ်ပေးမယ့် တယ်လီဖုန်း လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက ကြပ်မတ် စောင့်ကြည့်သူတွေရဲ့ ကျန်တဲ့ကုန်ကျစရိတ်ကို အစိုးရက စိုက်ထုတ်ပေးဖို့ ညွှန်ကြားထားတာ မရှိဘူးလို့ ပြောပါတယ်။
"စစ်ကိုင်းတိုင်းမှာ စထဲက ကွာရန်တင်းဝင်တဲ့သူတွေကို ထောက်ပံ့ပေးရမယ်လို့ လမ်းညွှန်မှု မရှိဘူး။ သူ့မြို့နယ်နဲ့သူ အရပ်ဘက်အဖွဲ့အစည်းတွေက အလှုခံလို့ရတဲ့ငွေနဲ့ ထောက်ပံ့တာမျိုးတွေ ရှိချင်ရှိမယ်။ နိုင်ငံတော်အစိုးရကနေ ကွာရန်တင်း ဝင်နေတဲ့သူတွေကို ထောက်ပံ့ရမယ်ဆိုတာမျိုး ပြည်ထောင်စုကနေ လမ်းညွှန်ထားတာ မရှိပါဘူး။"
ကုန်ကျစရိတ်တွေအတွက် အရပ်ဘက်အဖွဲ့တွေနဲ့ အလှူရှင်တွေ ပူပေါင်း ဆောင်ရွက်နေကြတာဖြစ်ပြီး လူတစ်ဦးအတွက် တစ်ရက် ကုန်ကျစရိတ်ဟာ ကျပ် ၅၀၀၀ လောက် ရှိပါတယ်။
ရန်ကုန်မှာတော့ ရပ်ကွက်တွင်း ကြပ်မတ်စောင့်ကြည့်သူတွေကို တိုင်းဒေသကြီးအစိုးရက ဆန်၊ ဆီ ထောက်ပံ့ ပေးပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် စားသောက်ရတယ်လို့ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။
"ကွာရန်တင်းဝင်တဲ့လူတွေအတွက် အရင်တုန်းက ရပ်ကွက်ထဲမှာ အပြင်မှာ ကွာရန်တင်းဝင်ပြီး ရပ်ကွက်ထဲ ၁၄ ရက် ဝင်ရတဲ့သူတွေကို ဆန်ရယ်၊ ဆီရယ် ပေးပါတယ်။ တိုင်းဒေသကြီးအစိုးရက ပေးတာပါ။ သူတို့ဘာသူတို့ ချက်ပြုတ် စားသောက်ရတာပါ။"
ကြပ်မတ်စောင့်ကြည့်သူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်တွေမှာ နေရာစီစဉ်ပေးပြီး စားသောက်နေထိုင်ရေးက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
အရပ်ဘက် အဖွဲ့တွေ အားကောင်းတဲ့ နေရာတွေမှာ အဆင်ပြေကြပေမယ့် အရပ်ဘက်အဖွဲ့အစည်း နည်းပါးပြီး စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာတော့ ကြပ်မတ်စောင့်ကြည့်သူတွေကို ထားရှိတဲ့နေရာကအစ ကုတင်မရှိတာ၊ ထားရမယ့် အဆောင် အဆင်မပြေတာတွေရှိနေပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတာပါ။
စစ်ဘေးဒုက္ခသည် ခြောက်ထောင်ကျော်လောက်ရှိနေတဲ့ ကျောက်တော်မြို့နယ်မှာ ကွာရန်တင်းဝင်ရတဲ့သူ ၁၄၀ အတွက် ကူညီပေးရေးမှာ အခက်အခဲတွေရှိနေတယ်လို့ ကျောက်တော်ဒေသခံ ဦးကျော်လှမြင့်က ဆိုပါတယ်။
"ကျောက်တော်မြို့ထဲမှာ ဒုက္ခသည်ကလည်း ခြောက်ထောင် ခုနှစ်ထောင်လောက် ရှိနေတယ်။ ကွာရန်တင်း ဝင်တဲ့သူကလည်း ၁၄၀ ဆိုတော့ သူတို့အတွက် စားရေးသောက်ရေး အဆင်ပြေမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ဟိုဘက်ကိုလည်း လုံးပန်းရ၊ ဒီဘက်ကိုလည်း လုံးပန်းရနဲ့ CSO ( အရပ်ဘက်အဖွဲ့ ) တွေ အနေနဲ့ လည်း လိုက်မမှီနိုင်ဘူး။ အဲဒီလို အခြေအနေဖြစ်နေတယ်။"
အရင်တုန်းကလည်း အတည်ပြုလူနာ များပြားတဲ့နေရာက လာသူတွေကို စစ်တွေမြို့ပေါ်မှာ ကြပ်မတ် စောင့်ကြည့်ရာမှာ စားသောက်ရေးအတွက် မလုံလောက်တာ၊ နေထိုင်ရေးမှာလည်း အဆင်မပြေတာတွေ ကြုံတွေ့ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ်အလိုက် ကိုရိုနာဗိုင်းရပ်စ် ရန်ပုံငွေတွေ ထားရှိဖို့ စီစဉ်နေပြီး စစ်ရေးပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေမှာတောင် ရိက္ခာမလုံလောက်မှုတွေရှိနေတဲ့ မြို့နယ်တွေအတွက် အစိုးရအနေနဲ့ စီစဉ်ပေးဖို့ကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက တောင်းဆိုကြပါတယ်။
ကြပ်မတ်စောင့်ကြည့်ရာမှာ အဆင်မပြေမှုတွေရှိနေရင် ယာယီနေထိုင်ရမယ့် စခန်းကနေ ထွက်ပြေးသူတွေ ရှိလာနိုင်ပြီး ရောဂါပိုးပျံ့နှံ့မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။