စစ်ကောင်စီရဲ့လူမဆန်ရက်စက်မှု ဘာသာရေးခေါင်းဆောင်တွေ နှုတ်ပိတ်နေ
2022.06.16

စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမဆန်ရက်စက်မှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူ နှစ်ထောင်နီးပါးရှိနေပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် ရေစကြိုမြို့နယ်က CDM ကျောင်းအုပ်ကြီးနဲ့ ဆရာမတွေအပါအဝင် လူ ၅ ဦးကို ဖမ်းဆီးပြီး အသက်ရှင်လျက် မီးရှို့ သတ်ဖြတ်ခဲ့ပါတယ်။
အသတ်ခံရတဲ့ ဆရာမ တစ်ဦးကဆိုရင် ကိုယ်ဝန် ငါးလနဲ့ပါ။ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် လက်ရှိထွက်ပြေးပုန်းရှောင်နေရသူ သန်းနဲ့ချီနေပြီဖြစ်ပြီး သေဒဏ်ပေးခံရသူတချို့ကို ကွပ်မျက်မယ်လို့ စစ်ကောင်စီက ပြောဆိုနေတဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်မှုတွေ မေတ္တာရပ်ခံမှုတွေ ပေါ်ထွက်နေပေါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေက တစ်စုံတစ်ရာမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
“နည်းနည်းပါးပါး ဖျောင်းဖျောင်းဖျဖျလေးတော့ ကမ္ဘာသိပြောသင့်တယ်ပေါ့ဗျာ စစ်အာဏာရှင် ကို။ အခုမကွေးတို့ စစ်ကိုင်းတို့မှာ အဓိက ဗုဒ္ဓဘာသာကိုးကွယ်တဲ့နေရာမှာ အကြီးအကျယ် ထိနေတာ”
မြန်မာ့အရေးဆောင်ရွက်သူ ဆရာတော် မင်းသုညက ဒီကိစ္စအတွက် နာမည်ကျော် ဆရာတော်ကြီးတွေနဲ့ သံဃာ့မဟာနာယက အဖွဲ့မှာ တာဝန်ရှိတယ်လို့ မိန့်ကြားပါတယ်။
“အထူးအားဖြင့် ပိုပြီးတော့ တာဝန်ရှိတာကတော့ ဦးပဉ္ဇင်းတို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများဖြစ်ပါတယ်။ ဒါ ပြီးခဲ့တဲ့ရက်ကပဲ အစည်းအဝေးပွဲ လုပ်တယ်ပေါ့။ သံဃာ့အစည်းအဝေးပွဲကြီးမှာ ဦးပဉ္ဇင်းတို့ မျှော်လင့်တာက စစ်အာဏာရှင်တွေကို ဒီလိုအမှားတွေ ဆက်ပြီးတော့မကျူးလွန်ဖို့ တိုင်းပြည်ငြိမ်းချမ်းတဲ့ဆီကို သွားဖို့ဟေ့ဆိုတဲ့ ဒီလိုမျှော်လင့်ချက်တွေရှိခဲ့ပေမယ့် ယနေ့တိုင်းသူပြည်သားတွေ အသတ်ခံနေရတာ မီးရှို့အသတ်ခံနေရတာ အိမ်တွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ဘာမှမိန့်ကြားခြင်း မရှိတာကိုလည်း အထူးဝမ်းနည်းမိပါတယ်။”
တစ်ဆက်တည်းမှာပဲ ဆရာတော် မင်းသုည က အခုလိုဆရာတော်ကြီးတွေ နှုတ်ဆိတ်နေမှုကြောင့် စစ်ကောင်စီအနေနဲ့ သူတို့ စစ်တပ်အတွင်း ထောက်ခံမှု ရရှိနိုင်မှာဖြစ်တယ်။ တစ်ပြိုင်နက်မှာ ဗုဒ္ဓဘာသာအပေါ် ပြည်တွင်းပြည်ပက အထင်အမြင်သေးနိုင်တယ်လို့ မိန့်ပါတယ်။
“အခြားဘာသာဝင်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးကတောင်မှပဲ ဦးပဉ္ဇင်းတို့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ကိစ္စအဝဝ စစ်အာဏာရှင်တွေကို ဒီအမှုတွေ ဒီအမှားတွေ ဆက်ပြီး မကျူးလွန်ဖို့ တောင်းပန်တယ်။ နောက် တောင်ကိုရီးယားမှာရှိနေတဲ့ မဟာယာနဗုဒ္ဓဘာသာဝင် ဆရာတော်ကြီးတွေကလည်းပဲ အမြဲတမ်းတောင်းဆိုကြတယ်၊ တောင်းပန်ကြတယ်။ ဆုတောင်းပွဲတွေလုပ်ပေးကြတယ်။ သို့သော်လည်း ဦးပဉ္ဇင်းတို့ နိုင်ငံ့မဟာနာယက ဆရာတော် သံဃာတော်အများစုက နှုတ်ပိတ်နေကြတာဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာတစ်ရပ်လုံးကိုလည်းပဲ ထိခိုက်ပါတယ်။ တစ်ချိန်က ထေရဝါဒဗုဒ္ဓသာသနာ အထွန်းကားဆုံးတိုင်းပြည်ကြီးလို့ ဟစ်ကြွေးနေကြတဲ့ တိုင်းပြည်ကြီးမှာ စစ်အာဏာရှင်တွေ ရက်ရက်စက်စက်သတ်ဖြတ်မီးရှို့နှိပ်စက် ဗုဒ္ဓဘာသာရဲ့လမ်းစဉ်တွေနဲ့ တခြားစီ ကျင့်သုံးနေတာတွေကို လုံးဝမပြောဘဲ လျစ်လျူရှုနေတာဟာ၊ မြတ်စွာဘုရား ဟောပြောထားခဲ့တဲ့ ရဟန်းကျင့်ဝတ်တွေ ရှိပါလျက်နဲ့ ဘာမှမပြောဘဲနဲ့ နှုတ်ဆိတ်နေကြတာဟာ လုံးဝကိုမှ မသင့်လျော်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ သာသနာတော်အတွက်လည်းပဲ အများကြီးထိခိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာက အင်မတန်မှ ကမ္ဘာ့အလယ်မှာ အထင်သေးစရာ ဂုဏ်သိက္ခာညှိုးနွမ်းဖွယ်ရာအဖြစ်နဲ့မြင်တွေ့နေရကြောင်းကို ပြောကြားလိုပါတယ်။”

နိုင်ငံရေးသမား ရှေ့နေကြီး ဦးကြီးမြင့်ကလည်း အခုလို စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို ဗုဒ္ဓဘာသာ ဆရာတော်တွေသာမက မြန်မာနိုင်ငံမှာရှိတဲ့ တခြား ဘာသာရေးခေါင်းဆောင်အများစုကလည်း နှုတ်ပိတ်နေကြတာဟာ ဝမ်းနည်းစရာဖြစ်ပါတယ်လို့ ဝေဖန်ပါတယ်။
“လက်လွန်ခြေလွန်တွေ လုပ်တယ်။ ပစ္စည်းတွေကို ခိုးတယ် ယူတယ်။ မီးနဲ့ရှို့တယ်။ အရှင်လတ်လတ် လူတွေကို မီးနဲ့ရှို့တယ်။ ရေစကြိုမှာ ဆိုရင် CDM ကျောင်းဆရာကြီး သူနာပြုဆရာမလေးတွေ ကိုယ်ဝန်ကြီးနဲ့ဗျာ။ ဆရာမတစ်ယောက်ဆိုရင် ကိုယ်ဝန် ငါးလတောင်ရှိပြီ။ အဲလို လူတွေကို မီးရှို့သတ်တာနော်။ အဲ့ဒီ့လောက်ကြီး ဖြစ်ပြီး ရက်ရက်စက်စက် ဖြစ်နေတာကို ခရစ်ယာန်တစ်ခုပဲ ဒေသဆိုင်ရာဘုန်းတော်ကြီးတွေက ပြောတာ။ ကျန်တဲ့ ဘာသာကြီး ဟိန္ဒူ၊ မွတ်စလင်နဲ့ မြန်မာပြည်သူ အများကိုးကွယ်တဲ့ ဗုဒ္ဓဘာသာတွေက ဘာမှ ကူပြောဖော်မရဘူး။ ဘာသာရေးလုပ်နေတဲ့သူတွေက အကြင်နာတရား မရှိတော့ဘူးလား။ သူတို့က အစိုးရကို ပိုကြောက်နေလား။ နည်းနည်းပါးပါး ဖျောင်းဖျောင်းဖျဖျလေးတော့ ကမ္ဘာသိပြောသင့်တယ်ပေါ့ဗျာ စစ်အာဏာရှင် ကို။ အခုမကွေးတို့ စစ်ကိုင်းတို့မှာ အဓိက ဗုဒ္ဓဘာသာကိုးကွယ်တဲ့နေရာမှာ အကြီးအကျယ် ထိနေတာ။ အခု ကိုဂျင်မီတို့ ဇေယျာသော်တို့ နှစ်ယောက် သူတို့က တိုင်းပြည်အတွက်လုပ်နေတာ အသိတရားရှိရင်းနဲ့ လုပ်ရင်းနဲ့ သေဒဏ် အပေးခံရတာ အဲ့ဒီ့အပေါ်မှာ လုံးဝဗျာ ဗုဒ္ဓရဲ့သားတော်တွေ နည်းနည်းပါးပါးတောင်မှပဲ ပြောဖော်မရဘူး။ တန်ခိုးအလွန်ကြီးပါတယ်လို့ ခံယူထားတဲ့ မင်းဆရာတော်တွေ အပါအဝင် အဲ့ဒီဆရာတော်တွေဟာ တုတ်တုတ်မလှုပ်တော့ဘူး။ ဒီလို မလှုပ်တော့တဲ့ဟာတွေဟာ နောင်အခါမှာ နောက်လူငယ်တွေက ဘာသာတရားအပေါ်မှာ မလေးစားတော့ပဲနဲ့ မရိုသေချင်တော့ဘူးဖြစ်လာတာ တိုင်းပြည်အတွက် မကောင်းဘူးပေါ့။”
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူမဆန်ရက်စက်မှုတွေကို ဘာသာရေးခေါင်းဆောင်တွေက အခုလို ရေငုံနှုတ်ပိတ်နေမှုကြောင့် အကြမ်းဖက်စစ်ကောင်စီကို အားပေးထောက်ခံရာကျသလို မြန်မာ့လူ့ဘောင်ရဲ့ယဉ်ကျေးမှုအပေါ် နိုင်ငံတကာရဲ့ဝေဖန်ကဲ့ရဲ့မှုကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်လို့ ဝေဖန်သူတချို့က ပြောပါတယ်။