NUG ကို အသိအမှတ်ပြုမှသာ ပဋိပက္ခဖြေရှင်းရေး ပိုထိရောက်မယ်လို့ လေ့လာသူတွေပြော

2022.08.11
NUG ကို အသိအမှတ်ပြုမှသာ ပဋိပက္ခဖြေရှင်းရေး ပိုထိရောက်မယ်လို့ လေ့လာသူတွေပြော ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့စဉ်
Photo: Acting President Duwa Lashi La

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ Global Justice Center (GJC) က မြန်မာ့အရေးနဲ့ ပတ်သက်ရင် ကြေညာချက်တွေ ထုတ်နေရုံနဲ့ မလုံလောက်တော့ဘဲ အမေရိကန်လို အင်အားကြီးနိုင်ငံ အစိုးရတွေက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လုပ်ပိုင်ခွင့်အာဏာမျိုးစုံသုံးပြီး လုပ် ဆောင်သင့်ကြောင်း ဩဂုတ်လ ၆ ရက်နေ့က တွစ်တာလူမှုကွန်ရက်ကနေ တိုက်တွန်းလိုက် ပါတယ်။

ဒါဟာ စစ်အာဏာရှင်တွေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာဖို့အတွက် တိုက်တွန်းတောင်းဆို ရတာလို့လည်း Global Justice Center ရဲ့ ဆက်ဆံရေးအရာရှိ Thomas Dresslar သောမာ့စ် ဒရပ်စ်လာ က RFA ကို အီးမေးလ်ကတစ်ဆင့် ဖြေကြားပါတယ်။

စစ်ကောင်စီက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လေးဦးကို ကြိုးပေးကွပ်မျက်ခဲ့ပြီး စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း စတဲ့ဒေသတွေမှာ လက်နက်ကိုင်တော်လှန်မှုနဲ့ အင်အားသုံးချေမှုန်းမှု၊ အုပ်စုလိုက် ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ပိုဆိုးလာတဲ့အတွက် လုံခြုံရေးကောင်စီကနေ Responsibility to Protect (R2P) လို ဆုံးဖြတ်ချက်မျိုး ချမှတ်ပြီး မြန်မာ့အရေးကို ကူညီ သင့်တယ်လို့ ပြောဆိုတာတွေလည်း ထွက်ပေါ်လာပါတယ်။

“စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက လက်နက်အားကိုးပြီး ဆက်လုပ်နေမယ်ဆိုတာကလည်း သေချာနေတယ်"

အင်အားကြီးစစ်တပ်ကို လက်နက်ကိုင်ခုခံနေတဲ့ ပြည်တွင်းကာကွယ်ရေးအဖွဲ့တွေဟာ လက်နက်အင်အား မမျှတာကြောင့် နိုင်ငံတကာကနေ ငွေကြေးနဲ့ လက်နက်ကူညီပေးစေ ချင်တယ်လို့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဘက်မှာတော့ ပြောက်ကျားစစ်ဗျူဟာပဲ သုံးရတာဆိုတော့ ဥပမာ PDF အယောက် ၂၀ ရှိတယ်ဆိုရင်တောင် ကျမတို့ဆီမှာ လက်နက်က သုံးလက်လောက်ပဲရှိတာ။ ကျန်တဲ့ ဟာတော့ လက်လုပ်တစ်တောင့်ထိုးလေးတွေနဲ့ ဒါမှမဟုတ် တချို့နယ်မြေတွေမှာဆိုရင် တူမီးသုံးနေတဲ့ နယ်မြေတွေတောင် ရှိသေးတယ်။ အဲဒါလေးတွေနဲ့ပဲ တိုက်ခိုက်နေရတာ ဆိုတော့ ကျမတို့အနေနဲ့ အကူအညီရရင်တော့ အလိုအပ်ဆုံးကတော့ ငွေနဲ့ လက်နက်ပါ ပဲ။ ရှေ့တန်းရောက် ရဲဘော်တွေက အဲဒါသာရှိရင် သူတို့ရဲ့ အသက်ကိုတောင်မှ ပဓာန မထားဘဲ တိုက်ခိုက်နေကြတာပါ”

မြေပြင်စစ်ကြောင်းထိုးမှုတွေကို ပြောက်ကျားစစ်အရ အတော်အသင့် ခုခံနိုင်ပေမယ့် လေ ကြောင်းသုံး တိုက်ခိုက်မှုတွေကိုတော့ ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရတယ်လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူး အောင် ကလည်း စစ်ကောင်စီတပ်ကို စစ်ရေးအရ အနိုင်မယူနိုင်သရွေ့ ရွာတွေမီးရှို့တာ၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေ ဆက်လုပ်နေဦးမှာမို့ နိုင်ငံတကာကနေ စစ်ရေးအကူအညီတွေ မဖြစ်မနေ ပေးသင့်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက လက်နက်အားကိုးပြီး ဆက်လုပ်နေမယ် ဆိုတာကလည်း သေချာနေတယ်။ သူတို့အနေနဲ့ ကျေးရွာတွေကို မီးရှို့မယ်။ လူတွေကို ဆက်ပြီးတော့ သတ်ဖြတ်မယ်။ ဒါတွေက သူတို့ကို စစ်ရေးအရ အနိုင်မယူနိုင်မချင်း ရပ် တန့်သွားမယ့် သဘောမှာရှိမနေဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့နိုင်ငံကို ယူကရိန်းလိုမျိုး ပေါ့နော် စစ်ရေးဆိုင်ရာ အကူအညီတွေ ပြုလုပ်ဖို့ မဖြစ်မနေကို သင့်တဲ့အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အကူအညီပေးဖို့ နောက်ကျလေလေ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ၊ ဆင်းရဲတွေ၊ အကြမ်းဖက်ခံရမှုတွေ ပိုများလေလေပဲဖြစ်ပါမယ်”

အကူအညီတွေပေးဖို့ နောက်ကျခဲ့ရင် မြန်မာနိုင်ငံက အသက်ပေါင်းများစွာ သေဆုံးမှုတွေ အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တာဝန်မကင်းတာမျိုး ဖြစ်လာလိမ့်မယ်လို့ လည်း ဦးနိုင်ထူးအောင် က သတိပေးသွားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကတော့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေဟာ ခုခံစစ်ကို ဆင်နွှဲနေတာမို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ လက်နက်နဲ့ ငွေကြေးအကူအညီပေးပြီး (R2P) ကို လုပ်ဆောင်သင့်နေပြီလို့ ဇူလိုင် ၃ဝ ရက်နေ့က နိုင်ငံတကာအသိုက်အဝန်းကို အင်္ဂလိပ် ဘာသာနဲ့ တောင်းဆိုခဲ့ပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ စည်းလုံးညီညွတ်စွာ လက်တွဲတိုက်ပွဲဝင်နေကြတဲ့ လူမျိုးစု၊ ဒီမိုကရေစီ အင်အားစုတွေဆီကို တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေပေးပို့ခြင်းဖြင့် အကာအကွယ်ပေးရန် တာဝန်ရှိမှု (R2P) ကို လျင်မြန်စွာ ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြု ပြီး ဒီနေ့ကမ္ဘာပေါ်မှာရှိတဲ့ အခြားသော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားတဲ့ အစိုးရအားလုံးနဲ့ တူညီတဲ့ အခွင့်အရေးနဲ့ အဆင့်အတန်းဂုဏ်ကို ပေးအပ်ဖို့ တရားဝင်ရပိုင်ခွင့်အရ တောင်းဆိုပါတယ်”

နိုင်ငံတစ်ခုမှာ အစုအပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်လာရင် ပြည်သူအားလုံး ဒီကျူးလွန်မှုတွေ မခံရအောင် နိုင်ငံ့ခေါင်းဆောင်အကြီးအကဲနဲ့ အစိုးရက အကာအကွယ်ပေးရမှာဖြစ်ပြီး တာဝန်ရှိသူက မကာကွယ်ပေးနိုင်ရင် ဒါမှမဟုတ် တာဝန်ရှိသူကိုယ်တိုင်က ချိုးဖောက်နေ ရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ Responsibility to Protect (R2P) ဆိုတာကို ချမှတ်ပြီး အဲဒီနိုင်ငံက ပြည်သူတွေအတွက် ကူညီကာကွယ်ပေးဖို့ ပြဋ္ဌာန်းထားပါတယ်။

၁၉၉၀ ပြည့်နှစ်တွေက ဥရောပတိုက်က ဘောလ်ကန်ဒေသနဲ့ အာဖရိကတိုက်က ရဝမ်ဒါ နိုင်ငံတို့မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပြီးတဲ့နောက် ၂၀၀၅ ခုနှစ်မှာ ဒီပြဋ္ဌာန်းချက်ကို လုံခြုံရေးကောင်စီက သဘောတူခဲ့တာပါ။

R2P ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ပြစ်မှုကျူးလွန်နေတဲ့ အစိုးရ ဒါမှမဟုတ် နိုင်ငံ့ခေါင်းဆောင် ကို သံတမန်နည်းအရ ညှိနှိုင်းတာ၊ လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ စီးပွားရေးပိတ်ဆို့တာ စသဖြင့် နည်းအမျိုးမျိုးနဲ့ အရေးယူအပြစ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ပဋိညာဉ် တွေကို ချိုးဖောက်ပြီး နိုင်ငံတကာအဆင့်ထိ ငြိမ်းချမ်းရေးပျက်ပြားတာမျိုး လုပ်လာရင် တော့ နောက်ဆုံးအဆင့်အဖြစ် လုံခြုံရေးကောင်စီကနေ စစ်ရေးအရ အရေးယူနိုင်ပါတယ်။ ဒါ့ကြောင့် လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေအတွက် (R2P) သုံးဖို့ ပြည်သူအများစုက မျှော်လင့်နေတာပါ။

ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေ အနေတွေဟာ R2P သုံးဖို့ မဖြစ်နိုင်သေးဘဲ အမေရိကန်အစိုးရ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက NUG အစိုးရကို တရားဝင် အသိမှတ်ပြုပြီးမှသာ တဖြည်းဖြည်းချင်း အဆင့်မြှင့် ကူညီသွားလို့ ရနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခြေခံအားဖြင့်တော့ R2P အောက်ကနေ အမေရိကန်က စစ်ရေးအရ ဝင်စွက်ဖို့ဆိုတာ တော့ လုံးဝကို မဖြစ်နိုင်လောက်အောင် ခက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အင်အားစုတွေရဲ့ တရားဝင်မှုကို အသိအမှတ်ပြုဖို့ ရှိလာ တယ်၊ ဆိုချင်တာက ဥပဒေစိုးမိုးရေးလမ်းကြောင်းကို လျှောက်ဖို့ဖြစ်တယ်။ ဥပေဒစိုးမိုး ရေးလမ်းကြောင်းဆိုရင် အမေရိကန်ပြည်ထောင်စုလည်း ကြိုက်တယ်။ တရုတ်ကလည်း ငြင်းမှာမဟုတ်ဘူး။ ဥပဒေစိုးမိုးရေး တည်ဆောက်နိုင်ဖို့အတွက်က စစ်ကောင်စီကို တိုက် နေစဉ် အတောအတွင်းမှာပဲ ဥပဒေစိုးမိုးရေး အုတ်မြစ်ချနိုင်ဖို့အတွက်က ကြားကာလ အခြေခံဥပဒေများ အသီးသီး ပေါ်လာဖို့လိုတယ်။ အဲဒီလိုအခြေခံဥပဒေထွက်လာပြီဆိုရင် တစ်ပြည်လုံး လွှမ်းခြုံတဲ့ ဖွဲ့စည်းပုံလမ်းကြောင်းကျသွားပြီ၊ ဥပဒေစိုးမိုးရေး အခြေခံ လေး ကျသွားပြီဆိုရင် အမေရိကန်ပြည်ထောင်စုက တရားဝင် အသိအမှတ်ပြုလိုက် တယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် တရားဝင်ထုတ်ပေးလို့ရတယ်။ အဲဒီတော့ ပြည်နယ်တွေမှာလည်း ခံစားခွင့်ရှိတယ်။ ဖက်ဒရယ်အဆင့်မှာရှိတဲ့ အင်အား စုက ခံစားခွင့်ရှိတယ်။ ဒီလိုသွားလိုက်မယ်ဆိုရင် သိပ်ကိုထိရောက်သွားမယ်”

R2P ကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတို အာဏာသုံးနိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအဖြစ် အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့ ပါဝင်ပါတယ်။

ဒါ့ကြောင့် R2P ဝင်ဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရင်လည်း ရုရှားနဲ့ တရုတ်က မလွဲမသွေ ပယ်ချမှာကြောင့် လက်တွေ့မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးပါတယ်။

အမေရိကန်အစိုးရ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက NUG ကို တရားဝင် အသိ အမှတ်ပြုပြီး ငွေကြေးအကူအညီ ပေးမယ်ဆိုရင်တော့ စစ်အာဏာရှင် ပြုတ်ကျရေးဟာ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အမေရိကန်နိုင်ငံကသာ တရားဝင်အစိုးအရအဖြစ် အသိအမှတ်ပြုဆက်ဆံလိုက်မယ်ဆို ရင် ဥရောပကရော အရှေ့အာရှ အင်အားစုတွေလည်း NUG ကို အသိအမှတ်ပြုလာနိုင် စရာ ရှိပါတယ်။ အဲဒါတွေတော့ အမေရိကန်အစိုးရအနေနဲ့ ဦးဆောင်ပြီးတော့ ကမကထ ပြု လုပ်ဆောင်ပေးသင့်တဲ့ ကိစ္စတွေလို့ မြင်ပါတယ်။ NUG ကို အသိမှတ်ပြုဆက်ဆံဖို့၊ နောက်ပြီးတော့ အမေရိကန်နိုင်ငံက ထိန်းသိမ်းထားတဲ့ ပိုက်ဆံ၊ စင်ကာပူနိုင်ငံက ထိန်း သိမ်းထားတဲ့ပိုက်ဆံ ဒေါ်လာဘီလီယံအချို့ကို ကျနော်တို့ကို လွှဲပြောင်းပေးတယ်ဆိုရင် ကို တိုင်းပြည်ရဲ့ အခြေအနေဟာ အချိန်တိုအတွင်းမှာ အပြောင်းအလဲတွေ ဖြစ်သွားနိုင် ပါတယ်”

ကြားကာလ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာမျိုးကို NUG နဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေက မြန်မြန်ဆန်ဆန် ညှိနှိုင်းအကောင်အထည် ဖော်နိုင်ရင် နိုင်ငံတကာက အသိအမှတ်ပြုမှုနဲ့ ပံ့ပိုးမှုတွေဟာ လက်ရှိအနေအထားထက် တိုးလာမယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

yaemon.jpg
NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အား ရှေ့တန်းတစ်နေရာတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ် (Photo: Ministry of Defence - National Unity Government of Myanmar)

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းတိုးထားပြီး အဲဒီကာလကုန်ဆုံးတဲ့အခါ ရွေးကောက်ပွဲ အသစ်လုပ်မယ်၊ ဒီ့အတွက် တိုင်းပြည်အခြေအနေ တည်ငြိမ်ဖို့လိုတယ်၊ လုံခြုံရေးကိစ္စတွေ တိုးမြှင့်ဆောင်ရွက်မယ်လို့ ဩဂုတ်လ ၁ ရက် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

တစ်ပြိုင်တည်းမှာပဲ စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ကချင်၊ ကယား၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလာပြီး သေဆုံးထိခိုက် မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၀ ရက် နေ့ထိ စာရင်းတွေအရ စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၂၁၇၄ ဦး သေဆုံးပြီး ၁၅,၀၇၉ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ကလည်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက် တိုးလာပြီး အရင်ကရှိထားတဲ့ အရေအတွက်နဲ့ပေါင်းရင် မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ရှိနေကြောင်း အခု ဩဂုတ်လဆန်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။