လူသားချင်းစာနာမှု အစည်းအဝေးမှာ စစ်ကောင်စီကို နေရာပေးခဲ့လို့ အာဆီယံ ဝေဖန်ခံရ

2022.05.10
လူသားချင်းစာနာမှု အစည်းအဝေးမှာ စစ်ကောင်စီကို နေရာပေးခဲ့လို့ အာဆီယံ ဝေဖန်ခံရ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့မှာကျင်းပခဲ့သည့် အာဆီယံ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အတိုင်ပင်ခံအစည်းအဝေးကို စစ်ကောင်စီရဲ့ဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်ခဲ့စဥ်
Photo: MOFA

မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ အာဆီယံက စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို အာဆီယံအသင်းဝင်နိုင်ငံတွေက သံရုံးကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့တွေ၊ အာဆီယံမိတ်ဆွေတွေနဲ့အတူ စစ်ကောင်စီရဲ့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့လည်း တက်ရောက် ခွင့်ရခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တော့ တက်ခွင့်မရခဲ့ပါဘူး။ ဒီအစည်းအဝေးကို စိတ်ပျက်မိသလို အစည်းအဝေး ဆုံးဖြတ်ချက်တွေကို အထူးစိုးရိမ်တဲ့အကြောင်း NUG က မေလ ၇ ရက်နေ့မှာ ကြေညာ ချက်ထုတ်ပြီး တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။

အခုလို အရေးကြီးတဲ့အစည်းအဝေးမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ဖယ်ကြဉ် ထားတာဟာ အာဆီယံအခြေခံမူ ငါးချက်ကို ဆန့်ကျင်နေသလို စစ်ကောင်စီက ဖွဲ့ထားတဲ့ လုပ်ငန်းအဖွဲ့ကိုပဲ အဓိကကျတဲ့နေရာမှာ ရစေခဲ့တာက စစ်ကောင်စီကို အားပေးအား မြှောက်ပြုရာ ရောက်တယ်လို့ NUG က ဝေဖန်ပါတယ်။

အာဆီယံအနေနဲ့ စစ်ကောင်စီအလိုကျ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် မြန်မာနိုင်ငံက ပြဿနာတွေအတွက် အဖြေထွက်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“စစ်ကောင်စီက ခွင့်ပြုမှ လုပ်မယ့် သဘောမျိုး။ စစ်ကောင်စီကမကြိုက်ရင် ဘာမှ မလုပ်ရဲတဲ့ ပုံစံမျိုး ဖြစ်နေတာကတော့ လက်ရှိ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေတဲ့ အပေါ်မှာတော့ ကျမတို့ အားရမှု မရှိဘူး။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုလို့ရှိရင် မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး အဖြေလည်းထွက်မှာတော့ မဟုတ်ဘူး”

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အခု အချိန်တစ်နှစ် ကျော်လာတဲ့အထိ စစ်ကောင်စီဘက်က လိုက်နာမှုမရှိတဲ့အတွက် အခြားနည်းလမ်းသစ် တစ်ခု ရှာသင့်ပြီဆိုတဲ့ အာဆီယံနိုင်ငံအချို့ရဲ့ စဉ်းစားချက်တွေကို ကြိုဆိုတယ်လို့ ဒေါ်ဇင်မာအောင် က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု အကူညီပေးရေး အစည်း အဝေးမှာ စစ်ကောင်စီဘက်က တားမြစ်လို့ဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကို ဒီအစည်းအဝေးကို မဖိတ်တာ၊ စစ်ကောင်စီကိုယ်စားပြု ဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်ခွင့်ရတာ၊ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့နဲ့ပဲ ပူးပေါင်းဖြန့်ဝေသွားဖို့ ဆုံးဖြတ်တာ တွေက နိုင်ငံရေးအရ စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်လည်းဖြစ်တဲ့ မစ္စတာ ပရက်ဆော့ခွန်းက အစည်းအဝေးအပြီးမှာ အခုကိစ္စဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ထဲက အချက်တစ်ချက် ဖြစ်တယ်၊ မြန်မာ့အရေးအတွက် အပြုသဘောမျှော်လင့်တယ်လို့ ပြောဆိုခဲ့တဲ့အပေါ်မှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေ ပေးမယ့်ကိစ္စက ဘယ်အဖွဲ့နဲ့ပေါင်းပြီးလုပ်လုပ် လက်ရှိအချိန်မှာ အန္တရာယ်ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ပြောပါတယ်။

“အခုက နှစ်ဖက်စလုံးမှာ ပြဿနာရှိတယ်။ ပြည်တွင်းမှာရှိတဲ့ အစုအဖွဲ့တွေက တကယ် လို့ စစ်တပ်နဲ့ ချိတ်ဆက်ပြီးတော့ ဒါမှမဟုတ် စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုခုနဲ့ ချိတ်ဆက်ပြီးတော့ ထောက်ပံ့မယ်၊ ကူညီမယ်ဆိုရင် ဒီဘက်က တော်လှန်ရေးဘက် လူတွေက ဒလန်လို့ပြောပြီးတော့ ပြဿနာရှာမယ့် အစုအဖွဲ့ သက်သက်ရှိတယ်။ အဲလိုပဲ စစ်ကောင်စီရဲ့ယန္တရား ဒါမှမဟုတ် ခွင့်ပြုမိန့် မတောင်းဘဲနဲ့ ကိုယ်လုပ်ချင်ရာလုပ်ပြီး လှူချင်ရာလှူနေမယ်ဆိုရင်လည်း စစ်ကောင်စီဘက်ကလူတွေက သူတို့ရဲ့အမိန့် အာဏာကို ဖီဆန်တယ်ဆိုပြီး ဖမ်းတာ ဆီးတာတွေ ရှိမယ်။ အဲတော့ နှစ်ဖက်စလုံးမှာ အန္တရာယ်ရှိပြီးတော့ ဘာမှလုပ်လို့မရသလို အခြေအနေဖြစ်နေတယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သဘောတူ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း အကူအညီတွေအားလုံး ပျံ့နှံ့ရောက်ရှိအောင် လုပ်သွားမယ်လို့ ပြောပါတယ်။

“ယခင်ကတည်းကအတိုင်း ကျနော်တို့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မြန်မာပြည်ထဲမှာလုပ်နေတဲ့ INGO , NGO တွေနဲ့ ကျနော်တို့ ချမှတ်ထားတဲ့ SOP ရှိပြီးသားဖြစ်တယ်။ အဲဒီ SOP အတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တချို့ နေရာတွေမှာ ယာယီတိုက်ပွဲရှောင်စခန်းတွေရှိတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်နေတာတွေရှိတယ်။ ဒီနေရာတွေမှာ ပျံ့နှံ့စွာရောက်ရှိနိုင်ရေးအတွက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဆောင်ရွက်သွားတဲ့နေရာမှာလည်း ကျနော်တို့ဆွေးနွေးခဲ့တဲ့ နေရာမှာ အရင်တုန်းကတည်းက ချမှတ်ထားခဲ့တဲ့ မြန်မာနိုင်ငံအစိုးရရဲ့ မူဘောင် အတိုင်း လုပ်ဆောင်သွားမယ်ဆိုတာလည်း ကျနော်တို့သဘောတူညီချက် ရရှိပြီး ဖြစ်တယ်။ အဲဒီအတိုင်းပဲ ဆောက်ရွက်ပါလိမ့်မယ်”

စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေအပါအဝင် ဘယ်နေရာမှာမဆို ကိုဗစ်ကာကွယ်ဆေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရောက်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း အစည်း အဝေးအပြီးမှာ ချက်ချင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

"ကိုဗစ်နဲ့ ပတ်သက်လို့ လိုနေတဲ့လူတွေကို စပြီးဝင်လိမ့်မယ်လို့ ထင်တယ်"

အရင်က အာဆီယံနဲ့အတူ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေကို လက်တွေ့ ဖြန့်ဝေခဲ့ဖူးသူ အမည်မဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက INGO ဝန်ထမ်းတစ်ဦးကတော့ အာဆီယံအနေနဲ့ လက်ရှိအခြေအနေမှာ အကူအညီတွေ ပေးမယ်ဆိုရင် တိုက်ပွဲဖြစ်နေတဲ့ ဒေသက စစ်ဘေး ဒုက္ခသည်တွေထက် ကိုဗစ်ကြောင့် အလုပ်ပြုတ်ပြီး အကျပ်အတည်းဖြစ်နေတဲ့ အခြေခံလူထုကိုပဲ အရင်ဆုံး ကူညီနိုင်လိမ့် မယ်လို့ ခန့်မှန်းပါတယ်။

“နှစ်ဦးနှစ်ဖက် သွားလို့ရတဲ့ နေရာတွေလောက်ပဲ စသွားမယ်လို့ ထင်တယ်ပေါ့။ ဥပမာဆိုရင် သူတို့က Humanitarian Assistance အောက်မှာတော့ ကျနော်စိတ်ထင် နှစ်ခုကွဲသွားလိမ့်မယ်လို့ ထင်ပါတယ်။ ကိုဗစ်နဲ့ ပတ်သက်လို့ လိုနေတဲ့လူတွေကို စပြီးဝင်လိမ့်မယ်လို့ ထင်တယ်။ ကိုဗစ်ကြောင့် စီးပွားရေး နစ်နာခဲ့တယ်၊ အောက်ခြေလူတန်းစားတွေ။ ဥပမာ- လှိုင်သာယာတို့ဘက်က လူတွေ။ အဲဒီဘက်က လူတွေဆီကို အရင်သွားလိမ့်မယ်လို့ ကျနော်စိတ်ထဲမှာ ထင်ပါတယ်။ နောက်ပြီးတော့ အဲဒီ Local မှာ လှိုင်သာယာစက်ရုံတွေမှာ လုပ်နေတဲ့ Civil Society Organization တချို့တွေနဲ့ ပူးပေါင်းလိမ့်မယ်လို့ အဲဒီလိုတော့ စိတ်ထဲမှာ ထင်ထားတာ ရှိပါတယ် ခင်ဗျ”

မန္တလေးမြို့မှာ ကျောင်းသူကျောင်းသားများကို ၂၀၂၁ အောက်တိုဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေစဥ် (ဓါတ်ပုံ - ပြန်/ဆက်)
မန္တလေးမြို့မှာ ကျောင်းသူကျောင်းသားများကို ၂၀၂၁ အောက်တိုဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေစဥ် (ဓါတ်ပုံ - ပြန်/ဆက်)

အာဆီယံ အစည်းအဝေးဆုံးဖြတ်ချက်မှာတော့ လူသားချင်းစာနာမှု အကူအညီပေးမယ့် အထဲ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့လည်း ပါဝင်ပြီး လက်တွေ့ လက်တွဲလုပ်မယ့် အဖွဲ့တွေကိုလည်း စစ်ကောင်စီလုပ်ငန်းအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ပဲလုပ်မှာဖြစ်ပါတယ်။

စစ်ကောင်စီလုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ ခွဲခြားဆက်ဆံမှုမရှိဘဲ အကူအညီ တကယ်လိုအပ်နေတဲ့ ရပ်ရွာတွေဆီ ရောက်မရောက်ဆိုတာတော့ စောင့်ကြည့်ရမယ်လို့ အာဆီယံအရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာ က ပြောပါတယ်။

အာဆီယံဟာ ဘုံသဘောတူညီချက် ငါးချက်အပါအဝင် မြန်မာနိုင်ငံက လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ဖြည့်ဆည်းဖို့ စစ်ကောင်စီနဲ့ ချိတ်ဆက်ဆောင်ရွက် တာပဲဖြစ်ပြီး ဒီလိုထိတွေ့ဆက်ဆံရုံနဲ့ စစ်ကောင်စီကို အသိအမှတ်ပြု လက်ခံလိုက်တာ မဟုတ်ဘူးလို့ RFA ရဲ့ မေးမြန်းချက်ကို ဒေါ်မိုးသူဇာက အီးမေးလ်ကတစ်ဆင့် ပြန် ဖြေပါတယ်။

မေလ ၁၂ ရက် အမေရိကန်-အာဆီယံ အစည်းအဝေးမတိုင်ခင် မြို့တော် ဝါရှင်တန်ကို ရောက်ရှိနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကတော့ မေလ ၁၁ ရက် မနက်ဖြန်မှာ အချင်းချင်းအလွတ်သဘောတွေ့ဆုံပြီး မြန်မာစစ်ကောင်စီက အာဆီယံဘုံသဘောတူညီ ချက်တွေကို အကောင်အထည်မဖော်တဲ့ကိစ္စနဲ့ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။

မနက်ဖြန် လုပ်မယ့်အစည်းအဝေးမှာ အာဆီယံဟာ မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကို ဖွင့်သင့်ကြောင်း တင်ပြသွားမယ်လို့လည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြန်ကြားရေးအရာရှိက Benar သတင်းဌာနကို မနေ့က ပြောကြားခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။