၂၀၂၀ ရွေးကောက်ပွဲကာလ အပစ်ရပ်ထားရန် RCSS တိုက်တွန်း
2019.10.10

၂၀၂၀ ရွေးကောက်ပွဲကာလမှာ တိုက်ပွဲတွေ မဖြစ်ပွားရေးက အရေးကြီးတယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီနဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က တိုက်တွန်းလိုက်ပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့စတင် ကျင်းပတဲ့အချိန်မှာ သူက အဲဒီလို ပြောဆိုခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
"၂၀၂၀ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အနည်းနဲ့အများ ရိုက်ခတ်သက်ရောက်နိုင်တဲ့အတွက် ဒီကာလတွေ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်တဲ့အခါ အသိတရား၊ သတိ တရားနဲ့ ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနေချိန်မှာ တစ်ဖက်မှာလည်း ဗုံးသံ၊ သေနတ်သံတွေ တိတ်ဖို့ ဆောင်ရွက်ရပါမယ်၊ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို မဖြစ်ဖို့ အရေးကြီးပါတယ်"
တဆက်တည်းမှာပဲ NCA မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်ထောင်စု သဘောတူစာချုပ်အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ ပြင်ဆင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားရမှာ ဖြစ်သလို လွှတ်တော်ထဲမှာဆောင် ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ NCA လမ်းကြောင်းအရ တိုင်းရင်းသားတွေဆောင် ရွက်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွေဟာလည်း လိုက်လျောညီထွေ သဟဇာတဖြစ်ဖို့ လိုအပ်ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲကျင်းပနေချိန်မှာ တစ်ဖက်မှာလည်း ဗုံးသံ၊ သေနတ်သံတွေ တိတ်ဖို့ ဆောင်ရွက်ရပါမယ်
၂၀၂၀ ရွေးကောက်ပွဲအလွန် ကာလမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်မှုတွေ ရှိလာပြီး NCA အကောင် အထည်ဖော်ရာမှာ နှောင့်နှေး ဟန့်တားမှုတွေ ကြုံလာမှာ ကိုလည်း တိုင်းရင်းသားခေါင်းဆောင်တွေဘက်က စိုးရိမ်မှုနေပါတယ်။
အဲဒီအတွက် ဒီအစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်တွေအကြား သဘောတူညီမှုရယူပြီး အစိုးရနဲ့ တရားဝင် အတည်ပြုမှုတစ်ခုရယူနိုင်ဖို့ ဆွေးနွေးသွားကြမယ်လို့လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောပါတယ်။
"ဒီအပြောင်းအလဲတွေ ဖြစ်တယ်ဆိုရင်တော့ ရိုက်ခတ်မှုဆိုတာတွေ ရှိမယ်။ သို့သော် ရိုက်ခတ်မှုတွေ ဘယ်လိုပဲရှိရှိ ကျနော်တို့ ဒီငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စွာ အကောင်အထည်ဖော်သွားနိုင် ဖို့က အရေးကြီးတယ်၊ လာမယ့်ကာလမှာ ဒီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ဆိုတာကို ကျနော် တို့က ကြိုတင်ပြီးတော့မှ အခု ဒီလက်ရှိအစိုးရလက်ထက်မှာကို သဘောထားတူညီမှုယူပြီးတော့ အဲဒါကို တရားဝင်အတည်ပြုပေါ့။ ငြိမ်းချမ်းရေး ညီလာခံနဲ့ လွှတ်တော်မှာ တရားဝင် အတည်ပြု ထားပြီးပြီဆိုရင်တော့ အစိုးရတွေက အပြောင်းအလဲဖြစ်လာရင် လည်းပဲ ကျနော်တို့ ဖော်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက်ကတော့ အာမခံချက်ရှိမယ်။ ပိုပြီးတော့မှ အကောင် အထည်ဖော်နိုင်မယ်"
နော်ဝေးနိုင်ငံနဲ့ ဆွစ်ဇာလန် နိုင်ငံတွေက ကမကထပြုစီစဉ်ခဲ့တဲ့ ဥရောပခရီးစဉ်မှာ NCA အပစ်ရပ်တိုင်းရင်း သားခေါင်းဆောင် ကိုယ်စားလှယ်တွေနဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ ဆက်နိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေအနေတွေကိုလည်း ဒီနေ့အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တာရှိပါတယ်။
အသေးစိတ်ရလဒ်တွေကိုတော့ အစိုးရနဲ့ နှစ်ဖက်သဘောတူညီထားမှုအရ ထုတ်ဖော်ပြောဆိုခွင့်မရှိဘူးလို့ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
"အထူးအားဖြင့်တော့ ဒီနေ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားနိုင်ရေးအတွက်ကိုကတော့ ဒါ အစိုးရဘက်က ကိုယ်စားလှယ် အတွင်းရေးမှူးတွေနဲ့ ကျနော်တို့ဘက်က အတွင်းရေးမှူးတွေအကြားမှာတော့ ဒါအလွတ်သဘော ညှိနှိုင်းမှုတွေလုပ်ခဲ့တယ်၊ အလွတ်သဘောလို့ပြောတဲ့အတွက် ကျနော်တို့ကလည်း မိမိတို့ရဲ့တစ်ဦးချင်းအလိုက် ဆန္ဒသဘောထားတွေအရပဲ ဖြစ်ပြီးတော့ ဒါ PPST ရဲ့ သဘောထား မဟုတ်သေးဘူး၊ ထို့နည်းတူပဲ အစိုးရဘက် ကလည်း သူတို့တစ်ဦးချင်းအနေနဲ့ အစုအဖွဲ့အလိုက် သဘောထားပဲဖြစ်ပြီးတော့ အစိုးရ လွှတ်တော်တပ်မတော်ရဲ့ သဘောထား မဟုတ် သေးဘူး၊ သက်ဆိုင်ရာ မိမိတို့ရဲ့ အစုအဖွဲ့ခေါင်းဆောင်တွေ ပြန်လည်တင်ပြမယ်ဆိုတဲ့ သဘောထားအခြေခံကနေပြီး ကျနော်တို့ သဘောထား စုစည်းခဲ့ကြပါတယ်"
သုံးရက်ကြာ ကျင်းပမယ့် PPST အစည်းအဝေးမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်ရေးအတွက် နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံနိုင်ဖို့ကိုလည်း ဆွေးနွေးဆုံးဖြတ်သွားကြမယ်၊ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားကို လာမယ့် အောက်တိုဘာ ၂၈ မှာ ကျင်းပဖို့ လျာထားမှုအပေါ် သဘောထားရယူသွားမယ်လို့လည်း သိရပါတယ်။
၅ ကြိမ်မြောက်ကျင်းပတဲ့ ဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေး၊ တရားဝင်ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပနိုင်ရေး၊ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးသွားဖို့ရှိပြီး NCA အပစ်ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ် ၇၀ ခန့် တက်ရောက်နေတာ တွေ့ရပါတယ်။
(RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့သည်။)