PPST ရဲ့ တွေ့ဆုံဆွေးနွေးရေးမူဝါဒ အလုပ်ဖြစ်နိုင်မလား

2022.04.05
PPST ရဲ့ တွေ့ဆုံဆွေးနွေးရေးမူဝါဒ အလုပ်ဖြစ်နိုင်မလား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂ဝ၂၂ ခုနှစ် မတ် ၂၉ ရက်တွင်ကျင်းပခဲ့သည့် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံကို တွေ့ရစဥ်
Photo: NCA-S EAO/Faceboo

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ စားပွဲဝိုင်းမှာ အတူထိုင်ပြီး ဖြေရှင်းနိုင်ရေး အချက်ရှစ်ချက်ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံ တစ်ရပ် ရေးဆွဲထားတယ်လို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကနေ ဧပြီ ၃ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မှာပြုလုပ်တဲ့ စတုတ္ထ အကြိမ်မြောက် အပစ်ရပ် ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံကနေ အခုလို ဆုံးဖြတ်ခဲ့ တာလို့ ဆိုပါတယ်။

"အားလုံး ညှိနှိုင်းဆွေးနွေးပြီးတော့မှ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တစ်ရပ်ဖော်ဖို့ လိုလိမ့်မယ်"

စစ်ကောင်စီဟာ ၂၀၂၃ မှာ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးစား ပေမယ့် ဒါဟာ ဖြစ်နိုင်ခြေနည်းတဲ့အတွက် နိုင်ငံရေးလမ်းပြမြေပုံ တစ်ရပ်ကို အဆိုပြု မှာဖြစ်တယ်လို့ PPST အဖွဲ့ရဲ့ ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ဆိုပါတယ်။

“မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ၂၀၂၃ ရွေးကောက်ပွဲ နည်းလမ်းနဲ့ ထွက်ဖို့အနေအထားဟာ အင်မတန်မှ ခက်ခဲလိမ့်မယ်လို့ နားလည်တယ်။ အောင်မြင်ဖို့အတွက် ခက်လိမ့်မယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ဒါကြောင့် မြန်မာပြည် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် နိုင်ငံရေးထွက်ပေါက် တစ်ခု၊ လမ်းကြောင်းတစ်ခုဖြစ်တဲ့ မြန်မာပြည်နိုင်ငံရေး လမ်းပြမြေပုံဆိုင်ရာ အဆို ပြုချက် ကျနော်တို့ အဆိုပြုတာ ဖြစ်ပါတယ်။ အားလုံး ညှိနှိုင်းဆွေးနွေးပြီးတော့မှ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တစ်ရပ်ဖော်ဖို့ လိုလိမ့်မယ်။ နိုင်ငံရေးပဋိပက္ခမှာ ပါဝင်နေတဲ့လူတွေ၊ အင်အားစုတွေအားလုံး ပါဝင်ပြီးတော့မှ မြန်မာပြည် နိုင်ငံရေး ထွက်ပေါက်ကို ဘယ်လိုယူမလဲဆိုတာကို ကျနော်တို့ အဆင့်ဆင့် ညှိနှိုင်းပြီးတော့ အသွင်ကူးပြောင်းရေး အစီအစဉ်တစ်ရပ် လိုလိမ့်မယ်လို့ ထင်ပါတယ်”

PPST ရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပြင် အစုအဖွဲ့အသီးသီးထံကို ပေးပို့သွားမှာဖြစ်ပေမယ့် အခုချိန်မှာ အများသိအောင် ချမပြ နိုင်သေးဘူးလို့ အပစ်ရပ်အဖွဲ့တွေက ပြောပါတယ်။

စစ်တပ်ဟာ အခုချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ( PDF) တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာထားပေမယ့် နောက်ဆုံးမှာတော့ လက်ခံဆွေးနွေးရလိမ့်မယ်လို့လည်း အပစ်ရပ်အဖွဲ့တွေက ယုံကြည်နေပါတယ်။

ဒီလိုဖြစ်လာအောင် အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြိုးစား သွားမယ်လို့ PPST ပြောခွင့်ရ ဒေါ်စောမြရာဇာလင်း က ဆိုပါတယ်။

“အခု ထိပ်တိုက်တွေ့နေကြတဲ့ အဖွဲ့အစည်းကြီးနှစ်ခုပေါ့၊ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါ့ မလားဆိုတာ အချိန်တော့ လိုလိမ့်မယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ နောင်တစ်ချိန် ချိန်မှာ မဖြစ်လာနိုင်ဘူးလို့ ကျမတို့ မပြောနိုင်ဘူး။ ကျမတို့က ပြိုင်တူတွန်းရပါမယ်။ တွန်းတဲ့အချိန်မှာ Stakeholder အားလုံးပါဝင်ပြီး တွန်းရမယ်။ ကျမတို့ ဝန်နဲ့အားနဲ့ မမျှတာတွေကို ကျမတို့က နိုင်ငံတကာ ပါဝင်ပြီးတော့မှ ကျမတို့ တွန်းရမှာဖြစ်ပါတယ်”

အရင်စစ်အစိုးရတွေတုန်းကလည်း လက်နက်ကိုင်တော်လှန်တဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေကို အကြမ်းဖက် အဖွဲ့တွေအဖြစ် ကြေညာခဲ့ပေမယ့် နောက်ဆုံးမှာတော့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ထိုးခဲ့တဲ့ သာဓကတွေရှိနေတယ်လို့လည်း အပစ်အရပ်အဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ NUG ၊ PDF အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ နှိမ်နင်းသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် မိန့်ခွန်းမှာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆန္ဒကို နားလည်ပေမယ့် NUG နဲ့ PDF အဖွဲ့တွေကို လက်ခံဆွေးနွေးမှာ မဟုတ်ဘူးလို့ ဧပြီ ၄ ရက် မနေ့က RFA ကို ပြောပါတယ်။

“နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု စနစ်ကို အာမခံတယ်လို့ ပြောပြီးဖြစ်တယ်။ သူတို့ (တိုင်းရင်းသား လက်နက်ကိုင်တွေ) တောင်းဆိုနေတာဟာ တချို့ဟာတွေက ဒီထဲက တောင်းဆိုနေတာပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာပြီးရင် သူတို့နဲ့ တွေ့ဆုံညှိနှိုင်းမယ်၊ ကျနော်တို့ တံခါးဖွင့်ထားပြီး ဖြစ်တယ်။ သို့သော် ဟိုဘက် (NUG) က တောင်းဆိုနေတာက ဒါတွေနဲ့ ဘာမှမဆိုင်ဘူး။ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ထားပြီးဖြစ်တယ်။ ဆွေးနွေးစရာအကြောင်း မရှိဘူးလို့ပဲ ပြောချင်တယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သဘောထားသိနိုင်ဖို့ တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ ပြည်သူတွေနဲ့ စုဖွဲ့ထားတဲ့ NUG၊ PDF တွေကို စစ်ရေးနည်းနဲ့ ချေမှုန်းရင် ဒါဟာ ပြည်သူကို ချေမှုန်းတာပဲလို့ NUG ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က RFA ကို ပြီးခဲ့တဲ့ မတ်လကုန်မှာ ပြောခဲ့ဖူးပါတယ်။

နိုင်ငံရေးအရ စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးဖို့ ကြိုးစားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ PPST အဖွဲ့ အတွင်း မကျေလည်မှု၊ သဘောထားကွဲမှုတွေ ရှိနေပါတယ်။

PPST ရဲ့ ဦးဆောင်မှုကဏ္ဍမှာ ခြောက်နှစ်ဝန်းကျင်လောက် ပါဝင်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဟာ လက်ရှိမှာ အာဏာသိမ်း ထားတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြန်ဖြစ်နေပြီး PPST အဖွဲ့တွင်း သူတို့ရဲ့ ပါဝင်မှု အခန်းကဏ္ဍကို လျှော့ချထားပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂ဝ၂၂ ခုနှစ် မတ် ၂၉ ရက်တွင်ကျင်းပခဲ့သည့် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီလာခံမှာ အွန်လိုင်းမှ တက်ရောက်သူများကို တွေ့ရစဥ် (Photo: NCA-S EAO)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂ဝ၂၂ ခုနှစ် မတ် ၂၉ ရက်တွင်ကျင်းပခဲ့သည့် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီလာခံမှာ အွန်လိုင်းမှ တက်ရောက်သူများကို တွေ့ရစဥ် (Photo: NCA-S EAO)

စစ်ကောင်စီ လုံးဝပြုတ်ကျပြီး အရပ်သားအစိုးရ အာဏာပြန်ရရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်မယ်လို့ KNU နဲ့ CNF က ထုတ်ပြောထားပါတယ်။ လက်ရှိအခြေအနေမှာ စစ်ကောင်စီကို စေ့စပ်ဆွေးနွေးဖို့ ကြိုးစားတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို သဘောထား မတူဘူးလို့လည်း ပြောပါတယ်။

ဒီလို အင်အားရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ PPST အတွင်း ပူးပေါင်း ပါဝင်မှု လျော့ကျသွားတဲ့အတွက် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှုဟာ အလုပ်မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“အားရှိတဲ့အဖွဲ့တွေ အကုန်ထွက်သွားပြီ။ အခုဟာ အင်အားနည်းတဲ့ အဖွဲ့အစည်းတွေ ဘာမှ လူထုအကြားမှာ သြဇာမရှိတဲ့ အဖွဲ့အစည်းတွေလောက်ပဲ ကျန်ခဲ့တာ။ PPST အဖွဲ့မှာ ကျန်ခဲ့တဲ့ အဖွဲ့အစည်းတွေဆိုတာကလည်း စစ်ကောင်စီကို ဘယ်တုန်းကမှ ခုခံတိုက်ခိုက်ခဲ့တာ မရှိပါဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ကြိုးစားနေတဲ့ အဖွဲ့တွေဖြစ်တယ်။ ဒါကြောင့်မို့ PPST အဖွဲ့အနေနဲ့ အလုပ်မဖြစ်ပါဘူး။ အရင်က ထက်တောင် ပိုအားနည်းသွားသေးတယ်”

PPST ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး (NCA) စာချုပ်ကို လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ KNU နဲ့ CNF လို အဖွဲ့တွေက စစ်အာဏာရှင် ပြုတ်ကျရေး လက်နက်ကိုင်တိုက်ဖို့ ဆုံးဖြတ်ထားပြီး ကျန်အဖွဲ့ တွေကတော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပြောဆိုနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။