ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာအကူအညီနဲ့ အစိုးရရဲ့ သဘောထား
2019.10.12

NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေအနေနဲ့ မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လိုအပ်ချက်တွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံခြား သံရန်ုးတွေ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်း INGO တွေထံကို တိုက်ရိုက်ဆက်သွယ် အကူအညီ တောင်းခံတာမျိုးမလုပ်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုအရင်တင်ပြပြီး ခွင့်ပြုချက်တောင်းခံရမယ်လို့ စက်တင်ဘာလ ၃ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင် က စာထုတ်ပြန်ခဲ့ပါတယ်။
EAO အဖွဲ့တွေဆိုတာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုး ထားတဲ့ ကရင်အမျိုးသားအစည်းအရန်ုး KNU, ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC, ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, ‘ဒီမိုကရက်တစ်အကျိုးပြု ကရင့်တပ်မတော် DKBA, ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO, ချင်းအမျိုးသားတပ်ဦး CNF, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF, ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP, လားဟူ ဒီမိုကရက်တစ်အစည်းအရန်ုး LDU နဲ့ မွန်ပြည်သစ်ပါတီ NMSP စတဲ့ တိုင်ရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ကို ဆိုလိုတာပါ။ ဒါပေမဲ့ ဘယ်အဖွဲ့က အကူအညီတောင်းခံတယ်ဆိုတာမျိုး တိတိကျကျဖော်ပြမထားပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ အစိုးရရဲ့ ဒီထုတ်ပြန်ချက်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် အတွင်း ယုံကြည်မှုတည်ဆောက်နေတာတွေကို အဟန့်အတားဖြစ်စေတယ်လို့ ပြောကြပါတယ်။
အစိုးရငြိမ်းချမ်းရေးလုပ်ငန်းအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ မြန်မာပြည်ကို JPF လို့ခေါ်တဲ့ Joint Peace Fund ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့က အများဆုံးကူညီပေးနေပြီး အခြားနိုင်ငံတစ်နိုင်ငံချင်းစီကလည်း ကူညီပေးနေတာတွေရှိကြောင်း၊ EAO ဆယ်ဖွဲ့ထဲက တချို့က JPF က အကူအညီတွေရယူ တာတွေရှိတယ်လို့ ဆိုပါတယ်။
အဲဒီ JPF ရန်ပုံငွေအဖွဲ့ဆိုတာ အမေရိက၊ သြစတေးလျ၊ ဗြိတိန်၊ ကနေဒါ၊ EU ဥရောပသမဂ္ဂ၊ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေး နဲ့ ဆွစ်ဇာလန် စတဲ့ အလှုရှင် ၁၁ နိုင်ငံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါ တယ်။ အဲဒီအဖွဲ့က မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လာမယ့် ၂၀၂၁ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ဒီအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတဲ့ အစိုးရအပါအဝင်၊ တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီပေးနေတာလည်း ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ JPF ရဲ့ ရန်ပုံငွေတွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ ကျင်းပတဲ့အခါမှာသာ စနစ်တကျ အသုံးပြုခွင့်ရှိပြီး ဒီအဖွဲ့တွေအနေနဲ့ JPF ဆီက တိုက်ရိုက်အကူအညီ ရယူခွင့်မရှိကြောင်းနဲ့ ငြိမ်းဖောင်ဒေးရှင်းလို ကြားခံအဖွဲ့ကနေတဆင့် ရယူရတယ်လို့လည်း အဲဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
အစိုးရကထုတ်ပြန်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နိုင်ငံတကာအဖွဲ့အစည်းတွေထံကို အကူအညီတွေ တိုက်ရိုက်တောင်းခံမှုတွေနဲ့ ပတ်သက်ပြီး EAO အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို RFA က မနေ့ညက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ အစိုးရရဲ့ ဒီထုတ်ပြန်ချက်ကို ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ဒီထုတ်ပြန်ချက်ကို သဘောမတူကြောင်းနဲ့ ဒီကန့်သတ်ချက်ဟာ မဖြစ်သင့်ကြောင်း အကြောင်းပြန်ကြားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။