ရခိုင်မှာ လေးရက်အတွင်း အရပ်သား ၁၂ ဦး သေဆုံး၊ ၁၁ ဦးဒဏ်ရာရ

2022.11.14
ရခိုင်မှာ လေးရက်အတွင်း အရပ်သား ၁၂ ဦး သေဆုံး၊ ၁၁ ဦးဒဏ်ရာရ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ အပြင် မြေမြှုပ်မိုင်း ကြောင့် နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ လေးရက်အတွင်း အရပ်သား ၁၂ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ သေဆုံးသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူတစ်ဦး၊ မောင်တောမှာ သေဆုံးသူ တစ်ဦးနဲ့ ဒဏ်ရာရသူ တစ်ဦး၊ ကျောက်တော်မြို့နယ်မှာ ဒဏ်ရာရသူ ခုနစ်ဦးနဲ့ မြောက်ဦးမြို့ နယ်မှာ ဒဏ်ရာရသူ နှစ်ဦး ရှိခဲ့တာပါ။

ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက် ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် ရွာသား ခုနစ်ဦး ဒဏ်ရာရသွား တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီနေ့က ဖြစ်စဉ်မှာတော့ ခုနစ်ယောက် ဒဏ်ရာရပါတယ်။ ဖြစ်စဉ်က ဘယ်လိုဖြစ်တာ လဲဆိုတော့ ၁၀ နာရီခွဲ ဝန်းကျင်လောက်ကနေ စကခ (၉) က လက်နက်ကြီးကျည် ပစ်တာပေါ့။ လက်နက်ကြီးပစ်တော့ ရွှေပြည်သစ်က နေ ရွှေပြည်ဟောင်းမှာ အလည် သွားတဲ့ ကလေးတစ်ယောက်လည်း ဒဏ်ရာရတယ်။ အဲဒီကလေးကတော့ ဒဏ်ရာ တော်တော်ပြင်းပါတယ်။ အဲဒီနေ့က တိုက်ပွဲဖြစ်ပြီးတော့ လက်နက်ကြီးကျတာမဟုတ် ဘူး။ တိုက်ပွဲမဖြစ် ဘဲ လက်နက်ကြီးကျတာပါ။ လက်နက်ကြီးက သုံးလုံးကျပါတယ်”

လက်ရှိမှာတော့ ဒဏ်ရာရလူနာတွေဟာ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြ ပြီး ခုနစ်အရွယ် မိန်းကလေးတစ်ဦးကတော့ ဦးခေါင်းထိသွားတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ပြောပါတယ်။

"ဒရုန်းလွှတ်ပြီး ကျနော်တို့ရွာကို ပစ်တယ်။ လက်နက်ကျည် သုံးလုံးတွဲ သုံးခေါက်ချတယ်။ ပြီးရင် လက်နက်ကြီးပစ်တယ်"

အလားတူပဲ နိုဝင်ဘာ ၁၂ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းရွာအနီး တောင်ဖြူ တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် မြောက်ဦး မြို့နယ် ကျောင်းတောင်ရွာထဲကို ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှာတော့ နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီ တပ်သားတွေ ရွာထဲကို ဝင်လာပြီးနောက် ရွာသား ကိုးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဆင်အင်းကြီးရွာနားမှာ နိုဝင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီရိက္ခာတင်ကားတစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ပြီးနောက် ညနေပိုင်းမှာပဲ စစ်ကောင်စီ တပ်သားတွေ ရွာထဲကိုဝင်ပြီး သတ်ဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီး နောက်တစ်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်း၊ ပါဒလိပ်ကျေးရွာအခြေစိုက်တပ်ရင်းနဲ့ ရေကြောင်း၊ လေကြောင်းကပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒီပါရုံရွာက ကျေးရွာသားနှစ်ဦး လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသလို အမြင့်ကျွန်း ရွာက ရွာသားတစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီလိုပစ်ခတ်မှုတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က တန်းခိုး၊ ဆင်အင်းကြီးရွာတွေအပါ အဝင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ နှစ်သောင်းကျော်ဟာလည်း ဒီနေ့အထိ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ပြောကြပါ တယ်။

ရွာမှာ ကျန်ခဲ့တဲ့ တန်းခိုးရွာသား လေးဦး၊ ကွမ်းတောင်ရွာက သုံးဦး၊ ကျော်ဇံရွာက သုံးဦးနဲ့ ကျွဲထိုးရွာကတစ်ဦးကိုလည်း စစ်ကောင်စီတပ်ကဖမ်းဆီးထားပြီး အခုအချိန်အထိ အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တန်းခိုးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

“နေဗီတစ်စီး၊ ပြီးတော့ ဇက်သင်္ဘောတစ်စီးပြီးရင် ရှေ့ကစပိဘုတ်တစ်စီး နေရာ လာကြည့်တယ်။ ပြီးရင် ဒရုန်းလွှတ်ပြီး ကျနော်တို့ရွာကို ပစ်တယ်။ လက်နက်ကျည် သုံးလုံးတွဲ သုံးခေါက်ချတယ်။ ပြီးရင် လက်နက်ကြီး ပစ်တယ်။ ၅၅၀ တပ်ရင်းက ပစ်တယ်၊ ပြီးရင် ပါဒလိပ်တပ်ရင်းက ပစ်ပါတယ်။ အဲဒီအချိန်မှာ ရွာသွားတွေက ကြောက်လန့်နေကြတယ်။ ပြီးရင် စစ်သားတွေက ရွာထဲကို သေနတ်ပစ်ပြီး ဝင်လာ တယ်။ သေနတ်ပစ်သံ ကြားပြီး ငါးမိနစ်လောက်မှာ ရွာသားတွေက ထွက်ပြေးကြတာ။ ရွာမှာကျန်ခဲ့တဲ့ လူတချို့ကို အားလုံးဖမ်းသွား တယ်။ ဖမ်းသွားတဲ့သူတွေကိုတော့ အခု အထိ သတင်းအစအနမရသေးဘူး။ ရွာသား ၁၁ ယောက်ရှိပါတယ်။ အခုပျောက်နေတာ”

ဒီနေ့မှာတော့ တိုက်ပွဲဆက်လက်ဖြစ်ပွားတာမရှိပေမယ့် ရွာတချို့နဲ့ ရွာအနီးအနားတွေမှာ စစ်ကောင်စီတပ်သားတွေက နေရာယူထားကြတာကြောင့် နေရပ်ပြန်ဖို့ စိုးရိမ်နေကြတယ် လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလို လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် သေဆုံး၊ ဒဏ်ရာ ရကြသလို နိုဝင်ဘာ ၁၁ ရက် နေ့က မောင်တောမြို့နယ် လောင်းဒုံရွာမှာ မြေမြှုပ်မိုင်း နင်းမိလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီတပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲလုပ်လာပြီး ဒါဟာ ပြည်သူတွေကို အကြောက်တရား ရအောင် AA ကို မထောက်ခံရဲအောင် လုပ်နေတာလို့ ပြောပါတယ်။

“တစ်ရက်ထက်တစ်ရက် ပြည်သူတွေကိုနှိပ်စက်လာတယ်။ ပြည်သူတွေကို အကြောက် တရားဖြစ်အောင် လုပ်လာတယ်။ ပြည်သူတွေကို ULA/AA ကို မထောက်ခံရဲအောင် လုပ်လာတယ်။ တကယ်ကို လူ့အခွင့်အရေး ချိုးဖောက်တဲ့လုပ်ရပ်တွေ၊ စစ်ရာဇဝတ်မှု တွေကို လက်ရဲဇက်ရဲလုပ်လာတယ်။ အပြစ်မဲ့ပြည်သူတွေကို တပ်မတော်က ကာကွယ် ပေးရမယ့်အစားပေါ့။ ပြည်သူတွေကို ညှဉ်းပန်းပြီးတော့ သတ်ဖြတ်ပြီးတော့ ULA/AA ကို အနိုင်ရဖို့အကွက်ရွှေ့နေတယ်ပေါ့။ အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့်လည်း သူတို့အနေနဲ့ အသာစီးရလာမှာ မဟုတ်ဘူး။ ပြည်သူက ပိုပြီး စိတ်နာပြီးတော့ ပိုပြီးတော့ တော်လှန် လာကြလိမ့်မယ်၊ ပိုပြီးတော့ တစ်ဖက်အဖွဲ့ အစည်းနဲ့ပေါင်းပြီးတော့ ဆန့်ကျင်လာကြ လိမ့်မယ်လို့ ပြောချင်ပါတယ်”

315209711_3345907865737459_7963140363737471386_n.jpg
တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းလည်း ပိတ်ပင်ကန့်သတ်ထားသလို ဆေးဝါးတွေ၊ စားသောက်ကုန်ပစ္စည်းတွေကိုလည်း သယ်ယူ ခွင့် ပိတ်ပင်ထားပြီး ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုလမ်းကြောင်းပေါ် ရောက်နေပြီလို့လည်း ဦးဖေသန်းက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက်ရတာလို့ ပြောဆို ချက်တွေအပြင် ကုန်းလမ်းနဲ့ ရေလမ်းတွေကို ပိတ်ထားတာတွေနဲ့ပတ်သက်လို့ အသေးစိတ် မေးမြန်းနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရက္ခိုင့်တပ်တော် (AA) ကတော့ ရခိုင်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ် ထားတိုက်ခိုက်နေပြီး အခုလို စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စစ်ရေးအရ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်မယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန် ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်တာ အခုဆိုရင် လေးလကျော်အထိရှိနေပြီဖြစ်သလို တိုက်ပွဲပြင်းထန်လာတာ နဲ့အမျှ အရပ်သား သေဆုံးဒဏ်ရာရတာတွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကနေ ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့ အထိ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် သေဆုံးတဲ့အရပ်သား ၃၀ ဦးနဲ့ ဒဏ်ရာရသူ ၇၅ ဦးအထိ ရှိလာနေပါ တယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။