ခရီးသွားမြို့တော် ပြင်ဦးလွင်ရဲ့ ကပ်ရောဂါကာလ အခြေအနေ
2020.12.29
မန္တလေးတိုင်းထဲက ပြင်ဦးလွင်မြို့ဟာ အေးချမ်းတဲ့တောင်ပေါ်မြို့တစ်မြို့ဖြစ်ပြီး ရှေးဟောင်းအဆောင်အအုံတွေ၊ ပန်းမျိုးစုံစိုက်ပျိုးထားတဲ့ ကန်တော်ကြီးဥယျာဉ်နဲ့ လည်ပတ်စရာနေရာ တွေများတာကြောင့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေ အချိန်ပေးပြီး လာရောက်အနားယူ လေ့ရှိကြတဲ့ မြို့တစ်မြို့ပါ။
ခရီးသွားလုပ်ငန်းနဲ့ စီးပွားရှာတဲ့ မြို့ဖြစ်ပြီး ပွင့်လင်းရာသီဖြစ်တဲ့ ခရီးသွားကာလကို ရောက်လာပေမယ့် ကပ်ရောဂါဖြစ်နေတဲ့ အခုကာလမှာ မြို့က တိတ်ဆိတ်နေပါတယ်။
ပြင်ဦးလွင်မြို့ဟာ တစ်နှစ်ပတ်လုံး တစ်လကို ခရီးသွားဧည့်သည် တစ်သိန်းလောက် လာရောက်လေ့ရှိကြတဲ့မြို့ပါ။ အခုတော့ ခရီးသွားတွေ မလာတော့တာ ကိုးလခန့်ရှိနေပါပြီ။
ကျန်းမာရေးဌာနရဲ့ ကပ်ဘေးကာလ စံချိန်စံညွှန်း A အဆင့် သတ်မှတ်ချက်ရလို့ ထမင်းဆိုင်ဖွင့်ထားပေမယ့် ဧည့်သည်မရှိဘူးလို့ ပြင်ဦးလွင်မြို့က ထမင်းဆိုင်ပိုင်ရှင် ဦးမောင်မောင်လွင် ကပြောပါတယ်။
“ နဂိုကတည်းကိုက ဧည့်သည်အခြေခံမြို့ကို ဧည့်သည်မရှိရင် ဘာမှလုပ်လို့မရဘူး၊ နှစ်တိုင်းဆိုင် တစ်ရက်ကို ဧည့်သည် တစ်သောင်းကျော် ကျွေးရတယ်။ဆိုင်ဖွင့်ခွင့်ရတော့ ဝမ်းသာတော့ ချက်ကြဟေ့ဆိုလို့ ချက်လိုက်တာ သွန်ပြစ်လိုက်ရတယ်”
ခရီးသွားဧည့်သည်တွေဟာ ပြင်ဦးလွင်ကို ရောက်လာပြီဆိုရင် ဒေသထွက် စားစရာတွေ၊ အဝတ်အထည်တွေကိုလည်း အိမ်ပြန်လက်ဆောင်အနေနဲ့ ဝယ်ယူသွားလေ့ရှိပါတယ်။
ဧည့်သည်တွေ လာရောက်တာမရှိသလောက် နည်းသွားတဲ့အတွက် အွန်လိုင်း ရောင်းဝယ်မှုပုံံစံ ပြောင်းလဲထားရတယ်လို့ ပြင်ဦးလွင်မြို့က ယမုံနာ ဆွယ်တာ ဆိုင်ပိုင်ရှင် ဒေါ်ဝတ်မှုံမြင့် ကပြောပါတယ်။
“အရောင်းအဝယ်က ပါးသွားပြီ၊ ခရစ်စမတ်ဆိုရင် အရင်က သိန်းငါးဆယ်၊ ခြောက်ဆယ်ရောင်းရတယ်။ ပန်းပွဲတော်ဆို ကြိတ်ကြိတ်တိုးပဲ၊ အခုက လာလို့မရတော့ဘူး၊ တောင့်ခံထားရတယ်။”
ဒီဇင်ဘာဟာ ပြင်ဦးလွင်မြို့အတွက် လူအစည်ကားဆုံးလဖြစ်ပြီး ဒီရက်တွေမှာ ခရစမတ်ပွဲတော်၊ နှစ်သစ်ကူး ပွဲတော်တွေနဲ့ ပန်းပွဲတော် ရှိတဲ့ ကာလ ဖြစ်ပါတယ်။
အခု ၂၀၂၀ နှစ်ကုန်ပိုင်း ဒီဇင်ဘာလကတော့ ကပ်ရောဂါကြောင့် ဒီပွဲတွေကျင်းပခွင့်မရဘဲ မြို့လည်း ခြောက်ကပ်နေပါတယ်။
မြို့ရဲ့ အထိမ်းအမှတ် မြင်းတစ်ကောင်တပ် ရထားလုံးတွေ အပါအဝင် ဆက်စပ်လုပ်ငန်းတွေလည်း ဝင်ငွေထိခိုက်တာ တွေ့ရမှာပါ။
မြင်းကို အစာကျွေးဖို့တောင် မတတ်နိုင်ကြတော့ဘူးလို့ မြင်းလှည်းသမား ကိုမိုးဇော်က ရင်ဖွင့်ပါတယ်။
“မကျွေးနိုင်တော့ ပြန်ရောင်းကြတယ်။ မြင်းစာကျွေးဖို့ပဲ အဓိကထားနေရတယ်။ အကြွေးဝယ်ပေးရတဲ့အထိ ဒုက္ခရောက်နေတယ်။ တချို့လည်း မြင်းတွေ ပြန်ရောင်းကြတယ်။ ကျွန်တော်တို့လည်း အဆင်မပြေတော့ ရောင်းချင်နေတယ်။ မရောင်းဖြစ်သေးဘူး၊ အရောင်းအဝယ်မရှိသေးလို့”
ကိုဗစ်မတိုင်ခင်က ပြင်ဦးလွင်မြို့မှာ မြင်းလှည်း ၆၀ ကျော်ရှိပေမယ့် အခုချိန်မှာတော့ ၃၀ လောက်ပဲရှိတော့တယ်လို့ ဆိုပါတယ်။
မန္တလေး-ပြင်ဦးလွင်ပြေးဆွဲတဲ့ ကားဆရာတစ်ယောက်ဖြစ်တဲ့ ဦးဘုန်းဝေက ကပ်ဘေးကာလ ကန့်သတ်ချက်တွေကြောင့် လိုအပ်ချက်အရ မဖြစ်မနေ သွားလာရသူတွေကို အခက်အခဲ တွေ့စေတယ်လို့ ပြောပါတယ်။
“ငွေမရှိတဲ့ ဆင်းရဲသားတွေ မန္တလေးသွားဆေးကုဖို့ကအစ ခက်ခဲတယ်။ အသွားအပြန် နှစ်သောင်းပဲယူတယ်။ တစ်ခါတလေ ဒီကားခ နှစ်သောင်းတောင် မပေးနိုင်ဘူး။ ခရီးသွားတွေကို ပိတ်ပင်ထားတာ တော်တော်လေး ဒုက္ခရောက်တယ်”
မန္တလေးခရိုင်တစ်ခုလုံးကို အခုလ ၂၇ ရက်နေ့ကစတင်ပြီး နေအိမ်နေထိုင်ရေးကာလအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထား ပါတယ်။ အဲဒီနောက်မှာတော့ ပြင်ဦးလွင်မြို့နယ် အဝင်ဂိတ်တွေလည်း စစ်ဆေးရေးပိုမိုတင်းကျပ်နေတာဖြစ်ပါတယ်။
မန္တလေးတိုင်းမှာဆိုရင် အခုလ ၂၈ ရက်နေ့အထိ ကူးစက်ခံခဲ့ရသူ ၁၂၈၅၆ ယောက်၊ လက်ရှိ ဆေးရုံတက်ကုသနေသူ ၂၁၀၆ ယောက်၊ ပိုးကင်းစင်လို့ ဆေးရုံဆင်းခွင့်ရသူ ၁၀၆၈၃ ယောက်နဲ့ သေဆုံးသူ ၂၄၉ ယောက်ရှိပြီဖြစ်ပါတယ်။
ပြင်ဦးလွင်ဟာ ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြရတာဖြစ်လို့ ကိုဗစ်စည်းကမ်းနဲ့အညီ လုပ်ငန်းလုပ်ကိုင်ခွင့်တွေ အမြန်ဆုံးပြန်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။