စစ်တပ်က PR စနစ်နဲ့ နိုင်ငံရေးမှာ ခြယ်လှယ်ခွင့်ရရေး ကြိုးပမ်းနေ

2021.10.20
စစ်တပ်က PR စနစ်နဲ့ နိုင်ငံရေးမှာ ခြယ်လှယ်ခွင့်ရရေး ကြိုးပမ်းနေ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဥယျာဥ်သာကျေးရွာမှာရှိတဲ့ တပ်မဲရုံမှာ လာရောက်မဲပေးကြသူတွေကို ၂၀၂၀၊ နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ အတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့မှာ လာမယ့် နိုဝင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်သွားမယ့် အကြောင်း နိုင်ငံရေးပါတီတွေဆီကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားစာတွေ ပေးပို့ထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲလိုတဲ့ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation) ဆိုတာဟာ မဲအများစုနဲ့ နိုင်တဲ့လူက အကုန်ယူစနစ် မဟုတ်ဘဲ ရွေးကောက်ပွဲမှာရတဲ့ မဲအရေအတွက်အပေါ်မှာ အချိုးကျ ခွဲဝေယူရတဲ့ စနစ်မျိုး ဖြစ်ပါတယ်။

PR စနစ် ကျင့်သုံးဖို့ ဖိတ်ခေါ်ဆွေးနွေးပွဲအတွက် ဖိတ်စာကို အွန်လိုင်းကနေ လက်ခံရရှိပေမယ့် ပါတီအနေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလိတ်က RFA ကို ပြောပါတယ်။

"PR စနစ်ပဲ ဖြစ်ဖြစ်၊ နိုင်သူ အကုန်ယူတဲ့ စနစ်ပဲ ဖြစ်ဖြစ်၊ တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ထွက်ခွာ သွားဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲဝင်တဲ့လူက ဝင်တယ်။ တပ်မတော်က ရွေးကောက်ပွဲမဝင်ဘဲနဲ့ ၂၅ ရာခိုင်နှုန်း Automatically ရထားတဲ့ကိစ္စ။ ဒါဟာ ဒီမိုကရေစီအတွက် အဟန့်အတား ဖြစ်ပါတယ်။ ရှေ့လာမယ့် PR မှာလည်းပဲ တပ်မတော်က ယူထားတဲ့ ၂၅ ရာခိုင်နှုန်းကိစ္စကို လက်မလျှော့ဘူး ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင် ရွေးကောက်ပွဲက ဘယ်လို စနစ်မျိုးပဲ ဖြစ်နေ၊ ဖြစ်နေ ပြည်သူလူထုအတွက်ကတော့ အကျိုးထက်ကို အပြစ် ပိုများလိမ့်မယ်လို့ပဲ မြင်ပါတယ်ခင်ဗျ"

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်လို့ အငြင်းပွားစရာ မတင်မကျ ဖြစ်နေတဲ့ကာလမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လုပ်ချင်တဲ့ PR စနစ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီအများစုရဲ့ သဘောထား ကိုလည်း ရယူထားနိုင်ခြင်း မရှိဘူးလို့ ဦးစိုင်းလိတ်က ဝေဖန်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီ ၅၁ ခုတို့တို့ နေပြည်တော်မှာ တွေ့ဆုံးခဲ့ကြပြီး နောင်ရွေးကောက်ပွဲတွေမှာ PR စနစ်ကို ကျင့်သုံးဖို့ ပါတီအချို့က စတင်ဆွေးနွေးခဲ့ကြတာပါ။ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ပါတီအများစုဟာ စစ်တပ်ကို ထောက်ခံတဲ့ပါတီ အများစု ဖြစ်ပါတယ်။

အခုလက်ရှိ စစ်ကောင်စီက လုပ်ချင်နေတဲ့ PR စနစ်ဟာ ပြည်သူ့မျှော်မှန်းချက်တွေကို ထင်ဟပ်စေမယ့် စနစ်မျိုး မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးကလည်း ပြောပါတယ်။

"ရွေးကောက်ပွဲတွေမှာ ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် လျှော့ချသွားပြီးတော့ စစ်ကောင်စီက သူတို့ အသာစီး ရယူထားပြီးတော့ ပြည်သူ့ဆန္ဒမပါတဲ့ ၂၅ ရာခိုင်နှုန်း ကိုင်ထားတယ်။ ကိုင်ထားပြီးတော့ သူတို့အလိုကို လိုက်လုပ်နိုင်တဲ့ ကိုယ်စားလှယ်အချို့ ပါဝင်နိုင်ရေးကို မျှော်လင့်ပြီးတော့ သူတို့ စိတ်ကြိုက်အစိုးရ ဖွဲ့နိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ပုံစံ ဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူ့ဆန္ဒနဲ့အညီ NLD အစိုးရ မဖွဲ့နိုင်ရေးကို ရည်ရွယ်တယ်လို့ မြင်ပါတယ်ဗျ"

စစ်တပ်က စိတ်ကြိုက်ရေးဆွဲ ပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်ပြီး မတရား အာဏာသိမ်းပြီးတော့ ဆောင်ရွက်တဲ့လုပ်ငန်းစဉ်မှန်သမျှဟာ ဥပဒေနဲ့ မညီတဲ့အတွက် တရားမဝင်ဘူး လို့လည်း ဦးကျော်ထွေးက ပြောပါတယ်။

"အဓိကကတော့ ပြည်သူ့ဆန္ဒနဲ့အညီ NLD အစိုးရ မဖွဲ့နိုင်ရေးကို ရည်ရွယ်တယ်လို့ မြင်ပါတယ်ဗျ"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်အသီးသီးမှာ ၂၅ ရာခိုင်နှုန်း ယူပြီးသားဖြစ်သလို PR စနစ်ပါ ထပ်ကျင့်သုံးဦးမယ်ဆိုရင် စစ်တပ်က နိုင်ငံရေးမှာ ပိုပါဝင်လာမယ့် သဘောမျိုး ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကလည်း ဒီစနစ်နဲ့ ပတ်သက်လို့ သေချာလေ့လာရဦးမှာဖြစ်လို့ ပါတီအနေနဲ့ လက်ခံ၊ မခံ မဆုံးဖြတ်ရသေးဘူးလို့ပြောပါတယ်။

"အခုလည်း Proportional Representation စနစ်ကို ကမ္ဘာပေါ်မှာ နိုင်ငံတော်တော်များများ ကျင့်သုံးတယ်။ အမြင်တွေလည်း အမျိုးမျိုးကွဲတယ်။ အဲဒီလို ဟုတ်ပါပြီ။ တစ်ပါတီ အာဏာရတဲ့စနစ် မကောင်းတဲ့အတွက် အချိုးကျစနစ်ကို ကျင့်သုံးပါဆိုပြီးတော့ မျက်စိမှိတ်ပြီးတော့ သဘောတူပေးလို့ မရဘူးလေ။ ကျနော်တို့က သေသေချာချာနဲ့ သတိကြီးစွာထားပြီးတော့ လေ့လာရမယ့် အပိုင်းတွေလည်း ရှိတယ်။ အခုထိတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ အဲဒီစနစ်ကို လက်ခံမယ်လို့ ဆုံးဖြတ် ထားတာ လုံးဝ မရှိသေးပါဘူးခင်ဗျ"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့်ကတော့ ရွေးကောက်ပွဲ ကော်မရှင်က PR စနစ်နဲ့ ပတ်သက်ပြီး အကြံပြုချက် တောင်းခံထားလို့ အဲဒီစနစ်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်တင်ပြထားတယ်လို့ RFA ကို ပြောပါတယ်။

အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေတာနဲ့ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရုံးကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီ၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ PR စနစ်ကို မြန်မာပြည်မှာ စတင် မိတ်ဆက်ခဲ့သူတွေဟာ စစ်တပ်က မဟုတ်ဘဲ အရပ်ဘက် နိုင်ငံရေးသမားတွေသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"အခုလောလောဆယ် UEC က PR စနစ်ကို လုပ်နေပါတယ်။ လုပ်ဖြစ်မယ်လို့တော့ ထင်ပါတယ်။ ထောက်ခံတဲ့သူတွေလည်း ရှိတယ်။ လုပ်နိုင်ဖို့အတွက် သုတေသန ပြုလုပ်လျက်ရှိတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာတော့ မပြောနိုင်သေးဘူး။ အကုန်လုံး အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်ရော အခု လက်ရှိ ရှိနေတဲ့ဟာပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဖျက်တဲ့အတွက် ဒီဘောင်ထဲက တော့ သွားရမှာပဲ။ ဒီဘောင်ထဲကမှ ဘယ်ဟာကို PR စနစ် လုပ်ဖြစ်မယ်ဆိုတာကတော့ အကုန်လုံးတော့ လုပ်ဖြစ်ဖို့ မဖြစ်နိုင်ဘူး။ ဘယ်ဟာ လုပ်ဖြစ်မယ်ဆိုတာကတော့ အချိန်တန်ရင် သူတို့ ဆွေးနွေးပြီးမှပဲ သိနိုင်မယ့် သဘောရှိတယ်"

အခုလို အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ကြိုးစားနေတာဟာ စစ်တပ်က နိုင်ငံရေးမှာ ပိုမိုခြယ်လှယ်ခွင့် ရအောင် လုပ်ဆောင်နေတာလို့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ အခုလောလောဆယ်မှာ PR စနစ် အကောင်အထည်ဖော်ရေးကိစ္စက မပီပြင်သေးတဲ့အတွက် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုသေးဘူးလို့ ပြောပါတယ်။

counting-vote-ygn.jpg
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ မဲရုံ အမှတ် (၃) မှာ ၂၀၂၀၊ နိုဝင်ဘာ ၈ ရက်နေ့က ကြိုတင်မဲတွေ ရေတွက်နေတာကို တွေ့ရစဉ်

သမ္မတ ဦးသိန်းစိန်လက်ထက် နေပြည်တော်က လွှတ်တော်ထဲမှာ PR စနစ်ကို ဆွေးနွေးအတည်ပြုဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီတုန်းက လွှတ်တော်မှာ ပါတီအကြီး၊ အငယ် အားလုံး အသံထွက်နိုင်အောင်၊ မြန်မာလူမျိုးတွေက အစွဲသန်တဲ့အတွက် မဲပေးတဲ့အခါမှာလည်း တစ်ပါတီတည်းကိုသာ ပုံအောပြီး မဲထည့်တတ်လို့ တစ်ပါတီ အာဏာရှင်စနစ်ဖြစ်လာပြီး စစ်တပ်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်နိုင်တယ်ဆိုတဲ့ အယူအဆမျိုးတွေကို လွှတ်တော်အမတ်တွေ ထောက်ပြ ဆွေးနွေးခဲ့ကြဖူးပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့က ဒါရိုက်တာ ဦးအောင်သူငြိမ်းကတော့ စစ်တပ်က နိုင်ငံရေးမှာ ၂၅ ရာခိုင်နှုန်း ယူပြီးသားဖြစ်လို့ အခုလို PR စနစ်မျိုး ထပ်လုပ်မယ်ဆိုရင် ပြည်သူတွေက ကျေနပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်မြင်တာကတော့ အခြေခံကတော့ တစ်ပါတီတည်းကနေ အပြတ် မလိုချင်တော့ဘူးလို့ ထင်တယ်။ အထူးသဖြင့်တော့ NLD ပေါ့။ NLD အပြတ်အသတ် နိုင်ထားတဲ့အခါမှာ လုပ်ရကိုင်ရ ခက်တယ်ပေါ့ဗျာ။ အဲဒီလို အနေအထားမှာ ဒီဟာကို ရေဖျော့ချင်တဲ့ သဘောမျိုးပေါ့ဗျာ။ တစ်ပါတီတည်းလည်း အပြတ်အသတ်လည်း မနိုင်တော့ဘူး။ တိုင်းရင်းသားတွေလည်း ပြောလာဆိုလာမယ်။ ဒီလို အနေအထားမျိုးကို လိုချင်လို့ ဖန်တီးတယ်လို့ ထင်ပါတယ်"

ဒီမိုကရေစီခရီး ရောက်နေပြီ ဖြစ်တဲ့ နော်ဝေ၊ ဖင်လန်နဲ့ ဆွီဒင်လို နိုင်ငံမျိုးတွေမှာ PR စနစ်ကို ကျင့်သုံး နေတာက အောင်မြင်ပေမယ့် မြန်မာနိုင်ငံကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံမျိုးသာ ဖြစ်တယ်လို့ ဦးအောင်သူငြိမ်း က ပြောပါတယ်။

ACE ရွေးကောက်ပွဲဆိုင်ရာ အသိပညာကွန်ရက်ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးအဆင့် အောက်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ အချိုးကျ ကိုယ်စားပြုစနစ် ပုံစံတစ်မျိုးမျိုးကို ကျင့်သုံးနေတဲ့ နိုင်ငံပေါင်း ၉၄ နိုင်ငံ ရှိပြီး အချိုးကျကိုယ်စားပြုစနစ် ပုံစံများစွာထဲက အမျိုးအစားတစ်ခု ဖြစ်တဲ့ Party List PR ကျင့်သုံးတဲ့ နိုင်ငံကတော့ ၈၅ နိုင်ငံ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-10-20 11:17

I personally support PR if military withdraw 25% to 10%. Because of ethnic complexity, control system is still needed. After stable political system we acquired, military should withdraw 100% of their involvement in politics.