လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

RFA Burmese
2025.02.19
လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ဖျက်ရေးဌာန အဖွဲ့ဝင်များ လေ့ကျင့်နေသည်ကို တွေ့ရစဥ်။
Myanmar Military

Updated 5:35 PM, Feb 19, 2025

ပြည်တွင်း၊ ပြည်ပ လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။

တရုတ်နိုင်ငံက မြန်မာနဲ့ ပူပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ထူထောင်ဖို့ အဆိုပြုချက်ကို လက်မှတ်ထိုးဖို့အတွက် စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၂ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးပြီးနောက် ဒီဥပဒေထွက်ပေါ်လာတာပါ။

“ပြည်တွင်းပြည်ပက လုံခြုံရေးကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ လိုအပ်တဲ့ လက်နက်၊ ခဲယမ်း ကိုင်ဆောင်ခွင့်ရှိလာတော့မှာ ဖြစ်ပါတယ်”

ဒီဥပဒေအရ ပြည်တွင်းပြည်ပက လုံခြုံရေးကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ လိုအပ်တဲ့ လက်နက်၊ ခဲယမ်း ကိုင်ဆောင်ခွင့် ရှိလာတော့မှာ ဖြစ်ပါတယ်။

စစ်ကောင်စီက လုံခြုံရေးအတွက် ပြည်ပ အကူအညီတွေကို ခေါ်လို့ရအောင် ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာလို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ ဗိုလ်ကြီး ဇင်ယော်က RFA ကို ပြောပါတယ်။

“အဓိကကတော့ နိုင်ငံခြား စစ်ကူခေါ်လိုက်တဲ့ သဘောမျိုးပဲပေါ့။ ငြင်းဆန်ခွင့် ဒီအကူအညီတောင်းရင်ပေါ့နော် သူတို့လုံခြုံရေးအဖွဲ့တွေနဲ့ အကူအညီ တောင်းတဲ့အခါမှာ ငြင်းဆန်ခွင့် မပြုရဆိုတဲ့အချက်က သူတို့နဲ့တွဲပြီးတော့ တိုက်စရာရှိရင် တိုက်ရမယ်ဆိုတဲ့ အနေအထားမျိုးပဲ။ ဒါပေမဲ့ ၂၀၀၈ ခြေဥမှာပါတဲ့ မည်သည့် နိုင်ငံခြားစစ်တပ်ကိုမှ စစ်စခန်းအခြေပြု တပ်စွဲခွင့်မရ ဆိုတဲ့ဟာက သူတို့အတွက် အခက်အခဲဖြစ်စေတယ်။ အခက်အခဲဖြစ်လို့ ဒီဥပဒေကို လက်တစ်လုံးကြားနဲ့ ဒါစစ်ကူခေါ်လိုက်တဲ့ သဘောလို့ပဲ ဒါရှင်းရှင်းနဲ့တိုတို ပြောရမှာပါပဲခင်ဗျ”

ဒီဥပဒေအရ နိုင်ငံခြား လုံခြုံရေးကုမ္ပဏီတွေမှာ မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်း ပါဝင်ရမှာဖြစ်သလို စစ်ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားရင် ငြင်းပယ်ခြင်း မပြုဖို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

“စစ်ကောင်စီဟာ တရုတ်လုံခြုံရေး လက်နက်ကိုင်တပ် အကူအညီရယူပြီး တရုတ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ လုပ်နေတာပါ”

လုံခြုံရေးလုပ်ငန်း ဆောင်ရွက်နေချိန် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့သတင်းရရင် စစ်ကောင်စီရဲ့ ရဲစခန်းတွေကို သတင်းပေးပို့ရမယ်လို့လည်း ပြဋ္ဌာန်းချက်တွေထဲမှာ ပါရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂ (ခ) မှာ နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုလို့ ပြဋ္ဌာန်းထားတာပါ။ ဒါကြောင့် ဒီဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတယ်လို့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကြီးမြင့်က RFA ကို ပြောပါတယ်။

“နိုင်ငံတကာမှာ ခွင့်မပြုတဲ့ဟာတွေကို ခွင့်ပြုပေးရတဲ့ အခြေအနေ ရောက်နေပြီ။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တော့ မကိုက်ညီဘူးပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်း ဘယ်သူကိုမှ လက်မခံရဘူးလို့ ပြဋ္ဌာန်းထားတယ်။ အဲဒါကို ချိုးဖောက်ရာ ရောက်တယ်”

စစ်ကောင်စီဟာ တရုတ်လုံခြုံရေး လက်နက်ကိုင်တပ် အကူအညီရယူပြီး တရုတ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ လုပ်နေတာလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့ဝင်များကို ၂၀၀၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က တွေ့ရစဥ်။ (AFP Photo)
မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့ဝင်များကို ၂၀၀၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က တွေ့ရစဥ်။ (AFP Photo)

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း တရုတ်စစ်သားဟောင်းတွေကို မြန်မာနိုင်ငံမှာ တရားဝင်လှုပ်ရှားခွင့်ရအောင် ဥပဒေနဲ့ခွင့်ပြုလိုက်တာပဲလို့ RFA ကို ပြောပါတယ်။

“လုံခြုံရေးဆိုတဲ့ ခေါင်းစည်းနဲ့ အရင်တုန်းက တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်သားဟောင်းတွေ၊ နောက်ပြီးတော့ အရပ်ဝတ်ထားတဲ့ စစ်သားတွေ ဒါတွေဟာ လက်နက်ကိုင်ဆောင်ပြီးတော့ မြန်မာပြည်ကို ဝင်ရောက်နေရာချထားခွင့်ပြုဖို့အတွက် တရားဝင် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုဆိုတာ ဘာညာတွေ၊ ဒို့တာဝန်အရေး သုံးပါးတွေကိုနော်။ ပါးစပ်က တဖွဖွပြောပြီးတော့ အဲဒါတွေကို ပေါပေါပဲပဲနဲ့ တရုတ်ဆီကို ရောင်းစားနေတာ စစ်ကောင်စီအစိုးရ ဖြစ်ပါတယ်”

အခုလို ဝေဖန်ထောက်ပြချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။


ဆက်နွှယ်သော သတင်းများ

တရုတ်ကြေးစားတပ်တွေ မြန်မာပြည်တွင်း တိုက်ပွဲတွေမှာ ပါလာမှာလား

တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီ တရုတ်အကျိုးစီးပွားကို မကာကွယ်နိုင်ကြောင်း NUG ပြော

တရုတ်-မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ တည်ထောင်မှု အကျိုးမရှိနိုင်


စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒီဥပဒေကြောင့် မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေအားလုံးကို တရုတ်နိုင်ငံက လုံခြုံရေးယူခွင့်ရလာမယ်လို့ RFA ကို ပြောပါတယ်။

“နိုင်ငံခြားကုမ္ပဏီလို့ သူက ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက်ကြောင့် တရုတ်ရယ်လို့မှ မဟုတ်ပါဘူး။ ဒီမြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ပတ်သက်လို့ လုပ်ကိုင်ဆောင်ရွက်ချင်တဲ့သူတွေအတွက်လည်း အခွင့်အလမ်း ရှိတာပေါ့နော်။ ဒါပေမဲ့ ခုနပြောသလိုပေါ့။ သူတို့ နောက်ခံသမိုင်းကြောင်းကို ဒီခွင့်ပြုပေးရမဲ့အဖွဲ့ရဲ့ စစ်ဆေးမှုအပေါ် မူတည်ပြီးတော့ ဘယ်သူရမယ်၊ ဘယ်သူမရဘူး ဆိုတာကတော့ နောက်ပိုင်းကိစ္စ ဖြစ်ပါလိမ့်မယ်။ ဒီတရုတ်ဘက်ကိုပဲ ဦးတည်စဥ်းစားမယ်ဆိုရင် ခုနက တရုတ်လုပ်နေတဲ့ ကျောက်ဖြူနဲ့ ကူမင်းကိုသွားတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ရှိမယ်။ နောက်ပိုင်း BRI (ပိုးလမ်းမ စီမံကိန်း) အရ ဖြစ်လာမဲ့ ကားလမ်း၊ ရထားလမ်း တွဲလျက်တွေ ရှိမယ်။ ဒါတွေအတွက်တော့ ဒီကုမ္ပဏီတွေက အဓိကဦးစားပေး လုံခြုံရေး ယူသွားမှာပေါ့”

လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့အထိ အချက်အလက်တွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်ဒေသတွေက တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၃ ခုနဲ့ ရခိုင်ပြည်နယ်က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၁ ခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

(မှတ်ချက် - ဤဆောင်းပါးတွင် ရှေ့နေ ဦးကြီးမြင့်၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။