အကျဉ်းသားတွေလွှတ်ပေးမှု ဖိအားလျှော့ချရန် ကြိုးစားချက်အဖြစ် ရှုမြင်ကြ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.06.30

အာဏာသိမ်းစစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေထဲက ၂၃ဝဝ နီးပါးကို ဇွန်လ ၃ဝ ရက်နေ့ မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းထားသူ ၅ဝဝဝ ကျော်ရှိတဲ့အတွက် ကျန်လူ ၃ဝဝဝ ခန့်ကတော့ အကျဉ်းထောင်တွေနဲ့ ရေကြည်အိုင်လို စစ်ကြောရေးစခန်းတွေမှာ ရှိနေဆဲပါပဲ။

"ဘာမှ ကျေးဇူးတင်စရာ မရှိဘူး။ ဒါပြယုဂ်တခု သက်သက်ပဲ”

အင်းစိန်ထောင်ကနေ မနေ့က လွတ်လာသူတဦးကတော့ မထက်မြတ်မိုး ဆိုသူဖြစ်ပါတယ်။ ရန်ကုန်မြို့ လမ်း ၄ဝ မှာ ညသပိတ် ဆင်နွှဲရာကနေ မတ်လ ၂ဝ ရက်နေ့ကဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (က) နဲ့ ဖမ်းဆီးခံခဲ့ရသူပါ။

“ညီမတို့ကို ညသပိတ်ကနေ ဖမ်းသွားတာ။ ဖယောင်းတိုင်ထွန်းတယ်။ ဆုတောင်းတယ် ဖမ်းသွားတဲ့သူတွေ လွှတ်ပေးဖို့ရယ် ကိုယ်လိုချင်တဲ့ဒီမိုကရေစီရဖို့ ဆုတောင်းတယ်။ နောက်ပြီး သီချင်း ၃ ပုဒ်ဆိုတယ်။ ဒါပဲ။ ဖမ်းသွားတဲ့အတွက် နောင်တ မရပါဘူး ဒီနေ့ဆို အဖမ်းခံရက် ၁ဝဝ ပြည့်တာ။ ကျန်ခဲ့တဲ့သူတွေလဲ အများကြီးပါပဲ။ ထောင်ထဲမှာအကုန်ခင်နေကြပြီးမှ သူတို့မပါလာဘူးဆိုတော့ စိတ်ထဲတောင် မကောင်းဘူး ကိုယ်လွတ်လာလို့တောင် မပျော်ဘူး၊ သူတို့အတွက် ဝမ်းနည်းရတယ်။ ထောင်ထဲစရောက်ကတည်းက လွတ်လာတဲ့အထိ ညီမမိဘတွေနဲ့ လုံးဝ မတွေ့ရပါဘူး ။နောက်တော့ ရှေ့နေနဲ့ ရုံးထွက်တဲ့အချိန် ဖုန်းပြောရတယ် ခဏတဖြုတ်ပေါ့နော်။ အဲဒီလို ဖုန်းပြောတာကို ဝန်ထမ်းတွေက နောက်ကလာကြည့်ပြီးတော့ နောက်အကျဉ်းဦးစီးပြန်ရောက်ရင် ဖုန်းပြောတယ်ဆိုပြီး နောက် ဖုန်းမပြောရတော့ဘူး။ ပါဆယ်ကိုလည်း အရင် တပတ်တခါကနေ နှစ်ပတ်တခါမှပို့ရမယ်ဆိုပြီး အဲလိုလုပ်တယ်။”

အင်းစိန်ထောင်မှာ သူတို့ ဘယ်လိုစားသောက်ခဲ့ရသလဲ။

“ထောင်ထဲမှာ လုံးတီးဆန် အကြမ်းပဲကျွေးတယ်။ တပတ်ကို အသား သုံးရက် ကြက်ဥ နှစ်ရက် ချဉ်ရည်ဟင်းက နှစ်ရက်ပေးတယ်။ မနက်ပိုင်းက အမြဲတမ်း ပဲဟင်းနဲ့ပဲ စားရတယ်။”

prison-inseinn.jpg
ရန်ကုန် အင်းစိန်ထောင်က ပြန်လွတ်မြောက်လာသူတွေနဲ့ ထောင်ရှေ့မှာ စောင့်ဆိုင်းနေသူတွေကို ၂၀၂၁ ဇွန် ၃၀ ရက်ညက တွေ့ရစဉ်။(Photo: AFP)

အင်းစိန်ထောင်ကနေ မနေ့က လွတ်လာသူ ၇ဝဝ ကျော်မှာ အမျိုးသမီး အကျဉ်းသူက ၁၂ဝ ခန့်ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိဖမ်းဆီးခံနေရဆဲ အကျဉ်းသူ တဦးကတော့ မချောစိမ့်စိမ့် ဆိုတဲ့ မိန်းကလေးပါ။ သူ့ကို မေလ ၁၃ ရက်နေ့က ဖမ်းဆီးပြီး အလားတူ ပုဒ်မ ၅ဝ၅ (က) နဲ့ စွဲချက်တင်ထားပါတယ်။ ညဦးပိုင်း ရောက်တဲ့အထိ သူ့သမီး ဖြစ်သူ ပြန်လွတ်လာမလားဆိုပြီးစောင့်မျှော်နေခဲ့တဲ့ မချောစိမ့်စိမ့် ရဲ့ မိခင်ကတော့ ဒေါ်နန်းစန်းစန်းအေး ဖြစ်ပါတယ်။

“ဒီနေ့ လွတ်တဲ့ထဲမှာ ပါမယ့်ပုံမပေါ်ပါဘူး။ သူနဲ့လည်း တခါမှတွေ့ခွင့်မရပါဘူး ပါဆယ်ပဲပို့ခွင့်ရတယ် ရုံးထုတ်တာ ၃-၄ ခါရှိပြီ စစ်စရာလဲ သိပ်ရှိမဲ့ပုံမပေါ်ဘူး ဘာမှလဲ လုပ်ထားတာ မဟုတ်လို့။ ရှေ့နေနဲ့တော့ တွေ့ခွင့်ရပါတယ်။ ကျန်းမာကြောင်းပြောပါတယ်။ ကျမ မိခင်တယောက်အနေနဲ့ သမီးကို တွေ့ချင်ပါတယ်။ တွေ့ခွင့်လည်း ရချင်ပါတယ်။ သမီးကို စကားတွေလည်း ပြောချင်တယ်။ အားတွေလည်း ပေးချင်တယ်။”

မချောစိမ့်စိမ့်ကို ဖမ်းရုံမျှမက သူမကို မိဘတွေ ဝယ်ပေးထားတဲ့ ကားတစီးကိုလည်း စစ်တပ်က အခုထိ ပြန်မပေးပါဘူး။ နိုင်ငံအနှံ့အပြားမှာ အဲဒီလို အဓမ္မသိမ်းယူသွားတဲ့ ကားတွေ ဆိုင်ကယ်တွေကို ရဲနဲ့စစ်တပ်က ငွေနဲ့ ရွေးယူခိုင်းလေ့ရှိပြီး တချို့ကို သူခိုးဈေးနဲ့ ရောင်းချပြီး ဝင်ငွေရှာနေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားရပါတယ်။

prison-insein.jpg
ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေသူတဦးကို ၂၀၂၁ ဇွန် ၃၀ ရက်ညက တွေ့ရစဉ်။(Photo: AFP)

မနေ့က လွှတ်ပေးမှုနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဒါဟာ စစ်ကောင်စီအနေနဲ့ သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ယူဆသူတွေကို ဆက်လက်ဖမ်းဆီးထားပြီး နိုင်ငံတကာမျက်နှာစာမှာ ဖိအားပေးခံနေရတာကို လျှော့ချရန် ကြိုးစားမှု သက်သက်ပဲလို့ ဝေဖန်ပါတယ်။

“ပြီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံအတွက် ဆုံးဖြတ် ပြဌာန်းချက်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးဆိုတာ ပါတယ်။ အဲဒီ ဖိအားကို လျှော့ချရေးအတွက် စစ်ကောင်စီက အခု လွှတ်ပေးတာဖြစ်လို့ ဘာမှ ကျေးဇူးတင်စရာ မရှိဘူး။ ဒါပြယုဂ်တခု သက်သက်ပဲ။”

နိုင်ငံရေးလေ့လာသူတချို့ကတော့ အခုလို လွှတ်ပေးလိုက်သူတွေကို ထောက်လှမ်းရေးက ခြေရာခံစောင့်ကြည့်ပြီး သံသယရှိရင် ပြန်လည် ဖမ်းဆီးလေ့ရှိတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။