ဖွဲ့စည်းပုံနဲ့မညီတဲ့ PR ရွေးကောက်ပွဲအတွက် တိုင်းရင်းသားတွေရဲ့ထောက်ခံမှု စစ်ကောင်စီ လိုလားနေ
2022.12.27

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စစ်ကောင်စီက နေပြည်တော်မှာ တွေ့ဆုံဖို့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကို ဖိတ်ကြားခဲ့တဲ့အပေါ် အပစ်ရပ်အဖွဲ့ငါးဖွဲ့က လက်ခံပြီး သွားရောက်တွေ့ဆုံနေပါတယ်။
အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေဘက်က ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်လိုတဲ့အချက်တွေနဲ့ တခြားပြင်ဆင်စရာ ရှိတဲ့အချက်တွေကို ဆွေးနွေးဖို့ဆိုပြီး စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းမှု ဦးဆောင်ကော်မတီက အပစ်ရပ်အဖွဲ့ ခုနစ်ဖွဲ့က ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံလိုတယ်ဆိုပြီး ဖိတ်ကြားခဲ့တာပါ။
“အခုသူတို့နဲ့ တွဲလုပ်လာတဲ့ မွန်ပြည်သစ်ပါတီနဲ့ RCSS တို့ကတောင် ဒီလိုဆွေးနွေးပွဲမျိုးကို မပါချင်လို့ မလာကြတာပဲ ကျွန်တော်ကတော့ အကဲဖြတ်ပါတယ်”
ဒီတွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီ NMSP နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နှစ်ဖွဲ့က လွဲပြီး ကျန်ငါးဖွဲ့ကခေါင်းဆောင်တွေသွားတက်ခဲ့တယ်လို့ အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေရဲ့ ငြိမ်းချမ်ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။
“ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ EAO ဘက်ကပြင်ဆင်လိုတဲ့အချက်တွေကို ဆွေးနွေးဖို့ရှိသလို တခြားသော သီးခြားအချက်တွေလည်း ဆွေးနွေးဖို့ရှိတယ်ဆိုပြီး အကြောင်းကြားစာကို ၁၉ ရက်နေ့က ကျွန်တော်တို့ ရရှိတယ်။ ကျွန်တော်တို့ ကြိုးပမ်းတာက အလွတ်သဘောဆွေးနွေးပွဲ။ တကယ့်တကယ် ကျွန်တော်တို့ကို အကြောင်းကြားလာတာက ဥက္ကဋ္ဌကြီးတွေကိုယ်တိုင် လိပ်မူပြီးအကြောင်းကြားလာတဲ့ တရားဝင်စာပါ။ တစ်ဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ဆုံးဖြတ်ခွင့်နဲ့ပဲ ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေရှိတဲ့ အတွက်ကြောင့်မို့လို့ ခုနစ်ဖွဲ့အစည်းအဝေးမှာပြောထားတာနဲ့ သွေဖယ်ပြီးတော့ပေါ့လေ ကျန်တဲ့ ငါးဖွဲ့ကတော့ တစ်ဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ တက်ဖြစ်သွားတယ်။”
စစ်ကောင်စီက ဒီလ ၁၉ ရက်နေ့က ဖိတ်ကြားခဲ့ပြီး အပစ်ရပ်အဖွဲ့တွေက ၂၃ ရက်နေ့မှာ စုပေါင်း အစည်းအဝေး လုပ်တဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆွေးနွေးကြမယ်ဆိုတော့ ဆွေးနွေးမယ့် အကြောင်းအရာက တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ကိစ္စဖြစ်လို့ အချိန်တိုအတွင်းဆွေးနွေးဖို့ မဖြစ်နိုင်လို့ မတက်ရောက်ဖို့ မူလက ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တစ်ဖွဲ့ချင်းစီရဲ့ သဘောထားအရ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOက နာယက ဖြားတန်ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA က စစ်ဦးစီးချုပ်စောစတီး၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA –PC က ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU က ဒုတိယဥက္ကဋ္ဌကျာဖူး တို့ တက်ရောက်ခဲ့တာပါ။

တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းက ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် အချက် ၈ ချက်ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးမယ့် အကြောင်းအရာတွေကို ထုတ်ပြောလို့မရသေးဘူးလို့ ပြောပါတယ်။
“ ဖွဲ့စည်းပုံပြင်ဆင်ရေး သက်သက်တော့ မဟုတ်လောက်ပါဘူး။ အချက် ၈ ချက်လောက်ကိုတော့ ပြင်ထားတယ်။ အဲ့ဒီအချက်တွေကိုတော့ ပြောဆိုခွင့်မရှိသေးပါဘူး။ ကိုယ့်တစ်ဖွဲ့တစ်စည်းတည်းအတွက် မဟုတ်ဘူး။ ဒီမှာရှိနေတဲ့ ငါးဖွဲ့အတွက်ဆိုတာလည်းမဟုတ်ဘူး။ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ရှေ့ဆက်သွားနိုင်ဖို့ Win-Win Policy ပုံစံမျိုးတွေဖြစ်ဖို့ပါ။ တစ်နိုင်ငံလုံးအတွက်ကို ယှဉ်ပြီးစဉ်းစားကြတဲ့ သဘောမျိုးဖြစ်ပါတယ်။”
ဆွေးနွေးပွဲကို မတက်ရောက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့သဘောထား သိရဖို့ ဒီအဖွဲ့တွေရဲ့ခေါင်းဆောင်တွေကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိသေးပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ ထည့်သွင်း ပြဋ္ဌာန်းထားတာ မရှိတဲ့အတွက် ဒီအချက်ကိုပြင်ဆင်လိုတာကြောင့် အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေကို စစ်ကောင်စီက ခေါ်ယူစည်းရုံးတာလို့ ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။
“သူတို့က အချိုးကျ ကိုယ်စားပြုစနစ်ကို ပြင်ချင်တာပေါ့။ လွှတ်တော်ကလည်းမရှိဘူး။ အဲ့ဒီအခါကျတော့ ဘယ်လိုလုပ်ပြီးတော့ ဖွဲ့စည်းပုံပြင်မလဲဆိုတဲ့ကိစ္စကို သူတို့မှာ အစီအစဉ်တော့ရှိတယ်။ အဲ့ဒါကို ညှိချင်ပုံရပါတယ်။ တိုင်းရင်းသားတွေ လက်ခံတယ်ဆိုရင် သူတို့ကတော့ ကြေညာချက်ထုတ်ပြီး ဖွဲ့စည်းပုံပြင်လိုက်မှာပေါ့။ အမိန့်အာဏာနဲ့ ပြင်လိုက်မှာပေါ့။ဒါမှမဟုတ် တိုင်းရင်းသားတွေကို ညောင်နှစ်ပင်လို နေရာမျိုး မှာခေါ်ပြီးပြင်ဆင်ဖို့ သဘောတူကြောင်းတွေ လုပ်မှာပေါ့။ အဲ့ဒီလိုလုပ်ဖို့ NCA သဘောတူထားတဲ့အဖွဲ့တွေကို အားကိုးတာပဲ အခုတက်မယ့်အဖွဲ့ ငါးဖွဲ့ကတော့ သဘောမတူစရာမရှိပါဘူး။ တိုင်းရင်းသား ပြဿနာဖြေရှင်းရေးအတွက်ကတော့ ဘယ်လိုမှ အကျုံးလည်းမဝင်ဘူး။ လုံလည်း မလုံလောက်ဘူး။ အခုသူတို့နဲ့ တွဲလုပ်လာတဲ့ မွန်ပြည်သစ်ပါတီနဲ့ RCSS တို့ကတောင် ဒီလိုဆွေးနွေးပွဲမျိုးကို မပါချင်လို့ မလာကြတာပဲ ကျွန်တော်ကတော့ အကဲဖြတ်ပါတယ်။”
တပ်ဘက်က ၂၀၂၃ ရွေးကောက်ပွဲမတိုင်ခင် အချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ပြောလာမယ်ဆိုရင် ဘယ်လိုသဘောထားရှိသလဲလို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို RFA က မေးမြန်းရာမှာတော့ မှတ်ချက်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

စစ်တပ်မှာ ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ယူခဲ့ဖူးတဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ နှစ်ကုန်ပိုင်းမှာ လွှတ်တော်က လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ ဆွေးနွေးခဲ့စဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၀၈ အခြေခံဥပဒေနဲ့ မညီလို့ဆိုပြီး ပယ်ချခဲ့ပါတယ်။
အဲဒီအချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြေပုံမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက အချိုးကျကိုယ်စားပြုစနစ် PR ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီပေမယ့် စစ်ကောင်စီက လက်တစ်လုံးခြားပြင်ဆင်ဖို့လုပ်ဆောင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
“ လွှတ်တော်ထဲမှာလည်း PR စနစ်ပြင်ဆင်ဖို့ ကြိုးစားခဲ့တာတွေရှိတယ်။ ဒါပေမဲ့ ဒီ PR စနစ်ဟာ ဖွဲ့စည်းပုံနဲ့ မညီဆိုပြီးတော့ ဖွဲ့စည်းပုံခုံရုံးက အဲ့ဒီအဆိုကို ပယ်ချခဲ့တာတွေရှိတယ်။ ဒါကတော့ အထင်အရှား ကိစ္စတွေပေါ့။ စစ်ကောင်စီက ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ ညီတယ်လို့ပြောပြီး သူလုပ်တော့မှာဆိုတဲ့ အနေအထားမျိုး လုပ်တော့မှာမြင်နေရတယ်။ ဖွဲ့စည်းပုံကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားတာပေါ့။ တက်လာကတည်းကလည်း ဖွဲ့စည်းပုံအတိုင်းမဟုတ်ပါဘူး။ သမ္မတက တပ်မတော်ကို အာဏာလွှဲရမယ့် အစားဒုသမ္မတက လွှဲတာတို့ နှစ်နှစ်နဲ့အပြီး အာဏာအပ်ရမယ့်အစား ရွေးကောက်ပွဲဆိုတဲ့ဟာနဲ့ အချိန်ဆွဲတာတို့ သူတို့လိုချင်သလို ဒီဖွဲ့စည်းပုံကိုတော့ မထိခလုတ်ထိခလုတ် လုပ်ပြီးတော့ သူတို့ ကစားနေတာပဲလေ”
တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးအဖွဲ့တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က မှတ်ချက်ကို သိရအောင် RFA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
၂၀၂၃ ရွေးကောက်ပွဲမှာ ပါတီ ဒါမှမဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကိုသာ မဲပေးရမယ့် အချိုးကျကိုယ်စားပြု PR စနစ်ကိုကျင့်သုံးသွားမယ်လို့ စစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးခင်မောင်ဦးက ၂၀၂၂ နိုဝင်ဘာ ၁၈ ရက် နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
အပစ်ရပ်အဖွဲ့ ငါးဖွဲ့တက်ရောက်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲကိုတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သုံးရက်ကြာ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။