နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ

RFA Burmese
2023.02.10
နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

(UPDATED at 12:45 ‌a.m. on 02-15-2023)

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ပြည်တွင်းပဋိပက္ခတွေကြောင့် နှစ်နှစ်အတွင်း နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA) က ပြောပါတယ်။

UN OCHA ရဲ့  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၃ ခုနှစ်အတွင်း အကူအညီလိုနေတဲ့သူ ၁၇ ဒသမ ၆ သန်းအထိ ရှိနေတယ်လို့ ဖော်ပြထား ပါတယ်။

ဒါပေမဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတင်းကျပ်တာ တွေက လူသားချင်းစာနာမှုအကူအညီပေးဖို့အတွက် ဆိုးဆိုးရွားရွား အဟန့်အတားဖြစ်စေ တယ်လို့ UN OCHA က ဆိုပါတယ်။

"အထောက်အပံ့ကတော့ ဘာမှ မရဖူးပါဘူးရှင့်။ တစ်ခါမှလည်း မရဖူးဘူး"

တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ဘေး ဒုက္ခသည် အမျိုးသမီးတစ်ယောက်ကတော့ ထောက်ပံ့ကူညီမှုတွေ အခုထိမရဖူးဘူးလို့ RFA ကို ပြောပါတယ်။

“အခက်အခဲကတော့ဖြစ်ပါတယ် ပြေးနေရတာ။ အလုပ်အကိုင်ကလည်း အဆင်မပြေ တော့ ငွေရေးကြေးရေးပေါ့ဗျာ။ ပြေးရတယ် ဆီဖိုးတွေက တအားကုန်တာ။ ကလေးက လည်း နှစ်ယောက်ဆိုတော့။ အထောက်အပံ့ကတော့ ဘာမှ မရဖူးပါဘူးရှင့်။ တစ်ခါမှ လည်း မရဖူးဘူး။ ကလေးတွေပါတော့ မုန့်ဖိုးတို့၊ မုန့်တွေတို့ အဲဒါဝယ်သွားရတာ။ အခု ပြေးတဲ့အခေါက်ဆိုရင် အလုပ်ကလည်းမရှိတော့ တစ်ပြားမှကို ပါမသွားဘူး”

ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဆားလင်းကြီးမှာရှိတဲ့ ရွာပေါင်း ၂၀ နီးပါးက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ တာလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ကုန်စျေးနှုန်းကြီးလာပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ခံ စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ကုန်စျေးနှုန်းအရမ်းမြင့်တက်နေတော့ ထင်ထားတာနဲ့ တခြားစီဖြစ်သွားတာလေ။ အခု လောလောဆယ်က ဆန်စျေးနှုန်းတွေ တော်တော်တက်လာတယ်။ ဒီစားဝတ်နေရေး ပိုင်းမှာ အဆင်မပြေမှုတွေ ပိုကြုံတွေ့လာရတယ်။ မိသားစုရဲ့အခက်အခဲ ဖြေရှင်းဖို့ဆိုရင် လုံလောက်မှုတော့ တကယ်ကိုမရှိဘူးလို့ ကျမတို့ ကြုံတွေ့ရတယ်ရှင့်”

UN OCHA ရဲ့ အစီရင်ခံစာအရ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ ၁၇ ဒသမ ၆ သန်းထဲမှာ တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေက ၄ ဒသမ ၅သန်းအထိ ပါဝင်နေပြီး ဒီအထဲမှာ ၅၂ ရာခိုင်နှုန်းက အမျိုးသမီး၊ ၃၂ ရာခိုင်နှုန်းက ကလေးသူငယ်နဲ့ ၁၃ ရာခိုင်နှုန်းက မသန်စွမ်းတွေလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကနေ အိန္ဒိယနယ်ဘက်အထိ ထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည်တစ်ဦးကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အခက်အခဲကြုံနေရတယ်လို့ RFA ကို ပြောပါတယ်။

“အမျိုးသမီးနဲ့ ကလေးတွေဆိုရင်တော့ တချို့နေရာ၊ တချို့ဒေသတွေမှာဆိုလိုရှိရင်တော့ ဆေးခန်းတွေက မရှိဘူးပေါ့။ ရှိတဲ့နေရာတွေမှာလည်း ဆေးပစ္စည်းတွေကမရှိဘူး။ ဆေးပစ္စည်းတွေက စုံအောင်မရှိတဲ့ အတွက်ကြောင့် မြို့တက်ရတယ်။ မြို့တက်ရတော့ အဲလိုဆေးကုသမှုအပိုင်းကျတော့ ဒီဘက်က ဒုက္ခသည်လက်ခံတဲ့ ဌာနတွေကနေ အကုန်အကျတွေအတွက် ဘာမှမစိုက်ပေးဘူး။ အဲဒါကြောင့် ရောက်ရှိလာတဲ့ ပုဂ္ဂိုလ်တိုင်းကနေပြီး ကုန်ကျစရိတ်ခံရတာ။ အဲတော့ အခက်အခဲလေးတော့ တော်တော်လေးကို ကြုံတွေ့နေရတယ်”

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းဒေသခံ ၅၂,၀၀၀ ကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ရ တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က RFA ကို ပြောပါတယ်။

chin refugees.jpg
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬)

လူသားချင်းစာနာမှုအကူအညီပေးရေးအသိုက်အဝန်းကတော့ အမေရိကန်ကန်ဒေါ်လာ ၇၆၄ သန်း သုံးစွဲမယ့် အရေးပေါ်အကူညီပေးရေးအစီအစဉ်ကို စတင်နေပြီး တိုက်ပွဲဖြစ် နေတဲ့ဒေသက လူဦးရေ လေးသန်းခွဲ ကို ဦးစားပေးထောက်ပံ့သွားမယ်လို့ UN OCHA က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားကတော့ UN OCHA ရဲ့ ဆောင်ရွက်ချက်တွေကို ကျေးဇူးတင်ပေမယ့် အားရကျေနပ်မှုမရှိဘူးလို့ RFA ကို ပြောပါတယ်။

“အထူးသဖြင့် ကျနော်တို့ကရင်နီပြည်နယ်ကနေ စစ်ဘေးရှောင်အတွက်ကတော့ လုံးဝကို အားမရဘူးပေါ့နော်။ ဒါ ပွင့်ပွင်းလင်းပြောရရင်တော့ အရမ်းကိုစိတ်ပျက်မိတယ်။ UN OCHA ရဲ့ ချဉ်းကပ်မှု အားလုံးနီးပါးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အားလုံးသိတဲ့အတိုင်းပဲ စစ်ကောင်စီရဲ့ ခွင့်ပြုမိန့်ရတဲ့ ဒေသလောက်ပဲ စစ်ကောင်စီရဲ့အလိုကျ အားလုံးနီးပါးကို လိုက်လုပ်တဲ့ပုံစံမျိုး ပေါက်တယ်”

၂၀၂၃ ခုနှစ်အတွင်း ကူညီရေးအစီအစဉ်တွေ အဟန့်အတားဖြစ်နေတဲ့အပေါ် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းရာမှာ အခုနှစ်အတွင်း အကူအညီလိုအပ်နေသူ လေးသန်းခွဲလောက်ကို ကူညီနိုင်ဖို့ ဦးစားပေးဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အကြောင်းပြန်ပါတယ်။

“ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေတဲ့ဒေသ‌တွေ၊ အထူးသဖြင့် ပဋိပက္ခဒေသတွေက လူဦးရေလေးသန်းခွဲလောက်ကို ကူညီနိုင်ဖို့ ဦးစားပေးဆောင်ရွက်နေပါတယ်။ လိုအပ်နေသူအားလုံးကို တစ်ယောက်မကျန် ကူညီပေးနိုင်ဖို့ဆိုရင် ဒီအဖွဲ့တွေအနေနဲ့ ရန်ပုံငွေ ဖောဖောသီသီရဖို့၊ လုပ်ထုံးလုပ်နည်း အခက်အခဲတွေ ဖယ်ရှားပေးဖို့၊ လိုအပ်တဲ့နေရာတွေကို အတားအဆီး အနှောက်အယှက်မရှိ ဝင်ရောက်ခွင့်ရဖို့ အထူးအရေးကြီးပါတယ်”

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း လူဦးရေလေးသန်းကျော်ကို ကူညီဖို့အတွက် အလှူရှင်နိုင်ငံတွေက အမေရိကန်ဒေါ်လာ ၃၄၅ သန်း ထည့်ဝင်ခဲ့ကြပေမယ့် အကူအညီ‌ပေးရေးအဖွဲ့တွေ လိုအပ်တဲ့ရန်ပုံငွေရဲ့ ထက်ဝက်‌တောင်မပြည့်ခဲ့ဘူးလို့လည်း UN OCHA ရုံးက ပြောပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်ခွင့် ရနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့ လုပ်ဆောင်ခွင့်ပြုပေးထားတယ် လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ၂၀၂၃ ခုနှစ်အတွက် UN OCHA ရဲ့ ရန်ပုံငွေ လျာထားချက်နဲ့ အစီအစဉ်တွေဟာ ထိထိ ရောက်ရောက်လုပ်နိုင်မှ အကျိုးရှိလိမ့်မယ်လို့ ပြောပါတယ်။

karen.jpg
မုန်းဒေသ အုန်းပင်စုရွာထဲသို့ စစ်ကောင်စီ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: KNU)

“ထိထိရောက်ရောက်လုပ်မယ်ဆိုရင် အကျိုးရှိပါတယ်။ ဒါပေမဲ့ အရင် ၂၀၂၂ ခုနှစ် UN OCHA ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ်က လူသားချင်းစာနာမှု အကူအညီပေးတဲ့အခါမှာ ထိထိရောက်ရောက် သိပ်မရှိ လှခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်တိုင်းအတွင်းမှာပဲ အများဆုံးပေးနိုင်ခဲ့ပြီးတော့ ကျန်တဲ့ အင်မတန်လိုအပ်တဲ့ နေရာတွေကို သေသေချာချာ၊ ထိထိရောက်ရောက်ရောက်အောင် မပို့နိုင်ခဲ့ဘူး။ ရောက်အောင် မထောက်ပံ့နိုင်ခဲ့ဘူး ဆိုတာကို အဖြေတွေက တွေ့ရတယ်ပေါ့”

UN OCHA ကတော့ ၂၀၂၂ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း တွေဟာ တစ်နိုင်ငံလုံးက လူဦးရေ ၄ သန်းအတွက် လိုအပ်တဲ့အကူအညီတွေ ရောက်ရှိ ပံ့ပိုးနိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့အထိ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၂ သန်းရှိရာ ကနေ အခု ဖေဖော်ဝါရီလ ဆန်းမှာ ၁ ဒသမ ၅ သန်းအထိဖြစ်လာတယ်လို့ (UN OCHA) က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်အထိ တစ်နိုင်ငံလုံးမှာ တိုက်ပွဲပေါင်း ၈၁၀၀ ကျော် ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ တိုက်ပွဲ ၄၆၀၀ ကျော်သာ ရှိခဲ့ပေမယ့် အခုအာဏာသိမ်းနှစ်နှစ်အတွင်း နှစ်ဆနီးပါးမြင့် တက်လာတယ်လို့  ISP Myanmar က ဆိုပါတယ်။

စစ်ကောင်စီဟာ မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ ဒါကြောင့် ပြည်သူလူထုကို ပိုပြီးထိခိုက်လာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက RFA ကို ပြောပါတယ်။

(မှတ်ချက်။ ဖေဖော်ဝါရီ ၁၀ ရက် မူလဆောင်းပါးတွင် ‘UN-OCHA ရုံး၏ အကြောင်းပြန်ကြားချက်’ အဖြစ် မှားယွင်းဖော်ပြထားသည်ကို ပြင်ဆင်ပြီး၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်ခံရရှိသည့် အကြောင်းပြန်ကြားချက်ကို ဖြည့်စွက်ဖော်ပြထားပါသည်။)

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။